မူဆယ်မြို့မ ရဲစခန်း တိုက်ခိုက်ခံရ

မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ မူဆယ်မြို့မရဲစခန်းသည် ဩဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီခန့်က ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
ယင်းသို့ ဗုံးပေါက်ကွဲပြီးနောက် မူဆယ်မြို့မရဲစခန်းအတွင်း၌ သေနတ်ပစ်ခတ်သံများ နှစ်ကြိမ်ထွက်ပေါ်ခဲ့ရာ ပထမအကြိမ် ပစ်ခတ်သံသည် ရဲစခန်းအတွင်းမှ ပစ်ခတ်ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ပစ်ခတ်သံသည် နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည့် ပုံစံဖြစ်သည်ဟု စခန်းအနီးနေထိုင်သည့် ဒေသခံက ပြောသည်။
“လက်ပစ်ဗုံးလား ဘာလဲမသိဘူး။ စခန်းမှာလာကျတယ်။ လာကျပြီးတာနဲ့ သူတို့ (ရဲ) အတွဲလိုက်ကြီး ပစ်တာ။ နှစ်ကြိမ်ပေါ့။ ပထမ ၁၀ ချက်၊ ၁၅ ချက်လောက်ပစ်ပြီးတော့ ပြန်ရပ်သွားတယ်၊ နောက် ငါးမိနစ်နဲ့ ၁၀ မိနစ်လောက်ကြာမှာ ထပ်ပစ်ကြတယ်” ဟု ဒေသခံက ပြောသည်။
အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောဆိုနေကြသော်လည်း မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။
အလားတူ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းကလည်း မူဆယ်မြို့မဈေး အမှတ် (၁) မီးပွိုင့်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ယာဉ်ထိန်းရဲတစ်ဦးနှင့် ပြည်သူ့စစ်နှစ်ဦး ထိခိုက်ဒဏ်ရာရာများ ရရှိခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းကလည်း မူဆယ်မြို့မရဲစခန်း ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက် ခံခဲ့ရသေးသည်။
မူဆယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် လုယက်မှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေကြောင်းလည်း ဒေသခံများက ပြောသည်။ mizzima