Monthly Archives: Aug 2022

ကျောမြို့ရှိ ပုထိုးလုံ ဓါတ်အားပေးစက်ရုံမှ ဝန်ထမ်း ၂၃ ဦးကို YDF က ခံဝန်ကတိဖြင့် ပြန်လွှတ်ပေး၊ ကျောက်ကပ်ရောဂါဖြစ်နေသော အင်ဂျင်နီယာမှူး ဦးမင်းအောင်ကို ဆေးကုသပေးပြီး လိုအပ်သည်များ စစ်ဆေးနေ

မကွေးတိုင်း၊ ကျောမြို့ရှိ စစ်တပ်လက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး Non CDM ဝန်ထမ်း ၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၃ ဦးကို ခံဝန်ကတိဖြင့် ပြန်လွှတ် ပေးခဲ့ကာ MOGE အင်ဂျင်နီယာမှူး ဦးမင်းအောင်ကို ဆေးကုသပေးနေပြီး စစ်ဆေးနေကြောင်း YDF ထံမှ သိရှိရသည်။

‘ဦးမင်းအောင် ခံစားနေရသော ကျောက်ကပ်ဝေဒနာအတွက် လိုအပ်သည့် ဆေးဝါးထောက်ပံ့မှုများဖြင့် ပြုစုစောင့်ရှောက်ပေးနေသလို ဦးမင်းအောင် ကျူးလွန်ခဲ့သော် ပြစ်မှုများအတွက် စစ်ဆေးမေးမြန်းပြီး လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေသည်’ဟု YDF က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အလုပ်ရုံကို YDF တပ် ရင်း ၁၂ က ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ် ၁ လက်နှင့် ကား ၄ စီးကို သိမ်းဆည်းရမိကာ Non CDM ဝန်ထမ်း ၂၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ khit thit

ရန်ကုန် ကူးတို့၊ မြို့ပတ်ရထားနှင့် ဘတ်စ်ကားခများ ၂ ဆ တိုးမြှင့်

ရန်ကုန်မြို့ရဲ့ အများပြည်သူ အခြေခံသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့  ဒလ – ရန်ကုန် မြစ်ကူး ကူးတို့ခ၊ မြို့ပတ်ရထားခတွေနဲ့ ဘတ်စ်ကားခတွေကို ဩဂုတ် ၁ ရက်မှာ စစ်ကောင်စီက  တိုးမြှင့်ကောက်ခံလိုက်ပါတယ်။

မြို့ပြဒေသက အခြေခံလူတန်းစားတွေ အဓိကမှီခိုအားထားနေတဲ့ ဒလ – ရန်ကုန်ကူးတို့ သ‌င်္ဘောခတွေ၊ မြို့ပတ်ရထားစီးနင်းခတွေကို မူလကျပ် ၁၀၀ ကနေ ကျပ် ၂၀၀ ကို တိုးမြှင့်သတ်လိုက်တဲ့အပြင် ဝါးတန်းဒလ ဇက်ရေယာဉ်ကူးခတွေကိုလည်း တိုးမြှင့်လိုက်တာပါ။

ဒီလိုအခြေခံအကျဆုံး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ မြို့တွင်း သယ်ယူပို့ဆောင်ရေး ယာဉ်စီးနင်းခတွေကို တိုးမြှင့်လိုက်တာက အများပြည်သူအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှုဖြစ်စေပြီး စီးနင်းသွားလာမှုတွေမှာ အကန့်အသတ်တွေ ဖြစ်လာစေပါတယ်။

စစ်ကောင်စီဟာ စက္ကူအခက်အခဲကြောင့် လက်မှတ် အဟောင်းတွေ အပေါ်မှာ နှုန်းထားအသစ်တွေကို ရိုက်နှိပ်ဖြန့်ဝေနေတယ်လို့လည်း သိရပါတယ်။

အသစ်ပြင်ဆင်လိုက်တဲ့ ပန်းဆိုးတန်း – ဒလ ကူးတို့ ရေယာဉ်စီးခ နှုန်းထားတွေကိုလည်း မြစ်ဝကျွန်းပေါ်သွား လပွတ္တာမြို့နယ်ထဲက ပြင်ရွာကနေ ကန်ရွာသွား လက်မှတ်အဟောင်းတွေပေါ်မှာ ထပ်မံရိုက်နှိပ်ထားတကို တွေ့ရကြောင်း၊ ရေ ယာဉ်စီးနင်းခတွေကို တိုးမြှင့်လိုက်တာက အလွယ်တကူသွားလာနိုင်တဲ့အခြေအနေကို ကျဆင်းစေတယ်လို့ ဒလမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“အစကတော့ ၁၀၀ နဲ့ ၃ ခေါက်လောက် ကူးသွားလို့ရတယ်၊ အခုက ၂၀၀ ဆိုတော့ ဈေးဝယ်တဲ့အခါ ကျောင်းသွားတဲ့အခါ မဖြစ်မနေဟာက သွားနေရတော့ အခေါက်ရေ လျော့ရတာပေါ့။ ၃ ခါအစား ၂ ခါလောက် ၁ ခေါက် သွားတာပေါ့။ ငွေကလည်း ရှားပါးတော့ အခေါက် လျော့ရတာပေါ့။ အခုက အဖက်ဖက်က လူတွေလည်း ဒုက္ခရောက်နေတာဆိုတော့လေ။ ပေးတာတော့ ၂၀၀ က ပေးသင့်ပါတယ်။ ဒါပေမယ့် အခုက ဝင်ငွေ မရှိတော့လေ။ အလုပ်သမား ၅ ယောက်ရှိရင် အခုက ၂ ယောက်လောက်ပဲ အလုပ်ရှိတော့တာလေ။”

ဒလ – ပန်းဆိုးတန်းလူစီးကူးတို့အပြင် ဝါးတန်း – ဒလ ဇာတ်ရေယာဉ်ကူးခနှုန်းထားတွေကိုလည်း တတန်အောက်အိမ်စီးကားတွေကို မူလကျပ် ၂၅၀၀ ကနေ ကျပ် ၃၇၅၀၊ တတန်နဲ့ နှစ်တန်ကြားယာဉ်ငယ်တွေကို မူလ ကျပ် ၃၀၀၀ မှ ၄၅၀၀၊ နှစ်တန်နဲ့ သုံးတန်ကြားယာဉ်တွေကို ကျပ် ၄၀၀၀ မှ ၆၀၀၀၊ သုံးတန်နဲ့ခြောက်တန်ကြား ယာဉ်တွေကို ကျပ် ၅၀၀၀ မှ ၇၅၀၀၊ ခြောက်တန်နဲ့ ၁၂ တန်ကြားယာဉ်တွေကို ကျပ် ၆၀၀၀ မှ ၉၀၀၀ အထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ 

စက်ဘီး၊ ဆိုက်ကား၊ မော်တော်ဆိုင်ကယ်၊ နောက်တွဲယာဉ်သုံးဘီး၊ လေးဘီး စတဲ့ ယာဉ်တွေကိုတော့ အရင်နှုန်းထားအတိုင်း ဆက်လက်ကောက်ခံနေတာ ဖြစ်ပါတယ်။

လူစီးကူးတို့ခ တိုးမြှင့်ကောက်ခံနေတဲ့အပေါ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး တာဝန်ရှိသူတဦးက “ဘာကြောင့်တက်လည်း မသိဘူးဗျ၊ အပေါ်ကလုပ်တာ ကျနော်တို့လည်းမသိဘူး” လို့ ပြောပါတယ်။

မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း အဓိကကျတဲ့ YBS ယာဉ်လိုင်း ၂၃ လိုင်းမှာ မူလယာဉ်စီးခ ကျပ် ၂၀၀ ကနေ ကျပ် ၄၀၀ အထိ ပြောင်းလဲသတ်မှတ်ပြေးဆွဲဖို့ ကြေညာထားပေမဲ့ မတတ်နိုင်ပါက ယခင်နှုန်းထားအတိုင်း စီးနင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်သုံးဆီဈေးတွေ တက်လာတာနဲ့အတူ စားသောက်ကုန်၊ လူသုံးကုန် ဈေးနှုန်းတွေပါ တပါတည်း တက်ဈေးတွေ ဖြစ်လာပြီး သြဂုတ်  ၁ ရက်နေ့မှာတော့ အခြေခံအကျဆုံးနဲ့ အရေးပါဆုံးဖြစ်တဲ့ မြို့တွင်းသယ်ယူပို့ဆောင်ရေးယာဉ်စီးခတွေပါ ဆက်လက် မြင့်တက်လာတာပါ။  DVB

မူဆယ်မြို့မ ရဲစခန်း တိုက်ခိုက်ခံရ

မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ မူဆယ်မြို့မရဲစခန်းသည် ဩဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီခန့်က ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက မဇ္ဈိမကို‌ ပြောသည်။

ယင်းသို့ ဗုံးပေါက်ကွဲပြီးနောက် မူဆယ်မြို့မရဲစခန်းအတွင်း၌ သေနတ်ပစ်ခတ်သံများ နှစ်ကြိမ်ထွက်ပေါ်ခဲ့ရာ ပထမအကြိမ် ပစ်ခတ်သံသည် ရဲစခန်းအတွင်းမှ ပစ်ခတ်ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ပစ်ခတ်သံသည် နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည့် ပုံစံဖြစ်သည်ဟု စခန်းအနီးနေထိုင်သည့် ဒေသခံက ပြောသည်။

“လက်ပစ်ဗုံးလား ဘာလဲမသိဘူး။ စခန်းမှာလာကျတယ်။ လာကျပြီးတာနဲ့ သူတို့ (ရဲ) အတွဲလိုက်ကြီး ပစ်တာ။ နှစ်ကြိမ်ပေါ့။ ပထမ ၁၀ ချက်၊ ၁၅ ချက်လောက်ပစ်ပြီးတော့ ပြန်ရပ်သွားတယ်၊ နောက် ငါးမိနစ်နဲ့ ၁၀ မိနစ်လောက်ကြာမှာ ထပ်ပစ်ကြတယ်” ဟု ဒေသခံက ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောဆိုနေကြသော်လည်း မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။

အလားတူ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းကလည်း မူဆယ်မြို့မဈေး အမှတ် (၁) မီးပွိုင့်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ယာဉ်ထိန်းရဲတစ်ဦးနှင့် ပြည်သူ့စစ်နှစ်ဦး ထိခိုက်ဒဏ်ရာရာများ ရရှိခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းကလည်း မူဆယ်မြို့မရဲစခန်း ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက် ခံခဲ့ရသေးသည်။

မူဆယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် လုယက်မှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေကြောင်းလည်း ဒေသခံများက ပြောသည်။ mizzima

အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ် အရေး ယူမှုများ ဆက်လုပ်မည်ဟု အမေရိကန်လက် ထောက်နိုင်ငံခြားရေးဝန်ကြီးပြောဆို

အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုများ ဆက်လုပ်မည်ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က အမျိုးသားညီညွတ်ရေးအစိုးရNUG မှ ဒုတိယနိုင်ငံခြားရေး ဦးမိုးဇော်ဦးနှင့်တွေ့ဆုံစဉ် ပြောဆိုကြောင်း ရန်ကုန်အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ မိုးဇော်ဦးနဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောဆိုခွင့်ရခဲ့ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ ဘယ်လို တိုးမြှင့်ဆောင် ရွက်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ရပါတယ်။ အများတကာမေးငေါ့အပြစ်တင်ကြတဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေအတွက် အာ ဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူမှုတွေ မိမိတို့ဆက်လက်ပြုလုပ်သွားပါမယ်။”ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က ပြောဆိုသည်။

ရန်ကုန်အမေရိကန်သံရုံးက NUG မှ ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုသတင်းကို သတင်းထုတ်ပြန်ထားပြီး NUG ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရဟု သုံးစွဲထားကြောင်း သိရှိရသည်။ khit thit

မအူပင်တွင် စစ်ကောင်စီတပ်သားများ ရှေ့ တန်းထွက်သည့်ပုံစံ ကင်းလှည့်

ဧရာဝတီတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေများလာချိန်  မအူပင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်သားတွေက ဇူလိုင်လကုန်ပတ်ကစတင်ပြီး ရှေ့တန်းထွက်သလိုမျိုး ပုံစံတွေနဲ့ ကင်းလှည့်တာတွေ ပြုလုပ်လာကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ညမထွက်ရအမိန့်ထုတ်ပြီး‌ နောက်ရက်ကစတင်ကာ ကင်းလှည့်ချိန်မှာ နေ့ရော ညပိုင်းပါ အင်အားအများအပြားနဲ့ ကင်းလှည့်သလို သေနတ်တွေကိုလည်း အသင့်အနေအထားချိန်ပြီး ကင်းလှည့်တာလို့  ဒေသခံတွေက ပြောပါတယ်။ 

“စစ်ကြောင်းချီလာတဲ့ပုံစံမျိုးလုပ်လာတာ အရင်ကလည်း လှည့်တယ်။ အဲ့တာက ခုလိုမျိုးမဟုတ်ဘူး ခုမှ ထူးထူးဆန်းဆန်းလုပ်လာတာ။ ဘာလို့လဲတော့မပြောတက်ဘူး။ အရင်လက ရဲစခန်းပတ်ပတ်လည်ကိုလည်း ဝါးချွန်တွေနဲ့ ကာတာတွေရှိတယ်။ ကြောက်နေတာလည်းဖြစ်နိုင်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ 

မအူပင်မြို့နယ်မှာရှိတဲ့ ရဲစခန်းတွေကို ပြီးခဲ့တဲ့ ဇွန်လပိုင်းက ဝါးချွန်တွေနဲ့ ပတ်ပတ်လည်ကာရံခဲ့သလို ခုလည်း စစ်ကြောင်းချီသလို ရှေ့တန်းအသင့်ပြင်ပုံစံမျိုးနဲ့ ကင်းလှည့်နေတာကြောင့် တိုက်ပွဲဖြစ်တော့မလားဆိုတဲ့ စိုးရိမ် စိတ်နဲ့ ဒေသခံတွေအနေနဲ့လည်း စိတ်ပူ နေရတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီက ခုလိုမျိုး စစ်ကြောင်းချီသလိုပုံစံမျိုး မအူပင်မြို့မှာ ကင်းလှည့်လာတာဟာ ဇူလိုင်လကုန်ပတ်ထဲမှာ မအူပင်မြို့နဲ့နီးစပ်တဲ့ ဖျာပုံမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေပြုလုပ်ခဲ့တဲ့ မစ်ရှင်တွေနဲ့ သက်ဆိုင်နိုင်တယ်လို့ ရဲဝန်ထမ်းဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။ DVB

သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မင်းလွင်ကျေးရွာအုပ်စု၊ ထီးညာလူကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ် သား တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  ကေအန်ယူ  တပ်မဟာ(၁) သထုံခရိုင်က သြဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် မနက် ၈ နာရီအချိန်လောက်မှာ စစ်ကောင်စီ လက်အောက်ခံ စကခ (၈) ပိန္နဲတောစခန်းကနေ ထီးညာလူကျေးရွာထဲကို လက်နက်ကြီး ၇ လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ထီးညာလူကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီးနောက် အသက် ၄၈  နှစ်အ ရွယ်ရှိ နော်ကပေါ်ထူး သေဆုံးခဲ့ရပြီး သမီးဖြစ်သူ နော်ထွေးထွေးအေးနဲ့ တီးအောင်ဇေယျတို့  လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

လက်နက်ကြီး ထိမှန်ခဲ့တဲ့ နော်ထွေးထွေးအေးမှာ အသက် ၁၅  နှစ်သာရှိသေးပြီး ဘယ်ခြေနဲ့ ဘယ်လက်တို့မှာ ဒဏ်ရာရရှိခဲ့ကာ အသက် ၆၆ နှစ်အရွယ် တီးအောင်ဇေယျကလည်း လက်နက်ကြီးစထိမှန်ခဲ့တဲ့အတွက် အသက် အန္တရာယ်စိုးရိမ်နေရပြီး လက်ရှိမှာတော့ သထုံမြို့နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေပေါတယ်။

ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုအပေါ် လက်မခံနိုင်ကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်မှုတွေ ရပ်တန့်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

သထုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်း ပစ်ခတ်နေတာကြောင့် ထုံးဘိုလေးကျေးရွာနဲ့ အနီးတစ်ဝိုက်က ဒေသခံ ပြည်သူ  ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ DVB

မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှ လက်နက်ကိုင်ခွင့်ရ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံရ၊ မိုင်းပေါက်ကွဲသံများထွက်ပေါ်နေပြီး စစ်အင်အားတိုးချ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲ၂ ပေါင်းကူဉာဏ ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းနိုင်ထွန်းနှင့်ဟေမာထွန်းတို့ လင်မယား ၂ ဦး ယနေ့ နံနက် ၉ နာရီအချိန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း‌ ဒေသခံများက ပြောဆိုသည်။

“ပုလဲမြို့သစ်က အုပ်ကြီးဝင်နိုင်ထွန်းလင်မယားကားအောက်ထဲ ဗုံးအပစ်ခံရပြီး သေနတ်နဲ့ပစ်သတ်ခံရတာ နှစ်ဦးစလုံးသေသွားပြီ။ အခုရပ် ကွက်တွေထဲ့မှာ ခွေးတွေဝင်နေတယ်ဆိုင်ကယ်တွေပါလိုက်ဖမ်းနေတယ်။ အဲ့ဒီအုပ်ကြီးက သေနတ်လည်းရှိတယ်။ အိမ်မှာအစောင့် စစ်သားနှစ်ယောက်ရှိတယ်။ အခုတော့ သေတာတော့ သေသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အခြားမျက်မြင်ဒေသခံတစ်ဦးကမူ “သူတို့စီးတဲ့ကားအောက်မှာ ဗုံးအရင်ကွဲတာ။

အသံတော်တော်ကျယ်ကျယ်တယ်။ ပြီးမှ သေနတ်နဲ့ပစ်တာ။ ကား အောက် မှာ ဗုံးပေါက်သွားပြီး ကားရပ်သွားမှ လင်မယားနှစ်ယောက်ကိုပစ်တာ။ ကားပေါ်တင် နှစ်ဦးစလုံး ပွဲချင်းပြီးပါပဲ” ဟု ပြောဆိုသည်။

အုပ်ကြီးဝင်းနိုင်ထွန်းသည် မင်္ဂလာဒုံမှ လူမိုက်များဖြင့် ဂိုဏ်းပုံစံဖွဲ့စည်းပြီး လက် နက်ကိုင်ဆောင်ထားကြောင်း၊ ဒေသခံပြည်သူများကို အလွန်မောက်မာရိုင်းစိုင်းပြီး စစ်တပ်၏ လက်ကိုင်တုတ်အဖြစ်လုပ်ဆောင်ကြောင်း၊ စျေးထဲသို့ သူ့ကားဝင်လာချိန် မလွတ်ကင်းသော စျေးဗန်းမှန်သမျှ တိုက်ချလေ့ရှိကြောင်း၊ မင်္ဂလာဒုံမှ UG နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်များကို ၎င်းကိုယ်တိုင် လိုက်လံဖမ်းဆီး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မိုင်းပေါက်ကွဲသံများကြားနေရပြီး စစ်ကောင်စီတပ်နှင့်ရဲများ ရပ်ကွက်များအတွင်းသို့ ပိုမိုဝင်ရောက်လာနေသည်ဟု သိရှိရသည်။khit thit

ပုသိမ်မြို့တွင် ဒေသခံပြည်သူ ၁၀ ဦးကို စစ်ကောင်စီဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပြောက်ကျားတပ်ဖွဲ့ဝင်တယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဒေသခံပြည်သူ ၁၀ ယောက်ကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အခုလိုဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မသက်ဆိုင်ကြောင်း စာထုတ်ပေးထားတယ်လို့  မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။   

“ပုသိမ်မြို့ပေါ်မှာ ဖမ်းဆီးနေတာတွေနဲ့ ပတ်သက်ပြီး တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ဒီဖြစ်ရပ်ဟာ တော်တော်ကိုလူမဆန်စွာလုပ်တဲ့ဖြစ်ရပ်လို့ ပြောချင်တယ်။ လူတစ်ယောက်ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်။ သူအသုံးပြုတဲ့ အွန်လိုင်းဖြစ်ဖြစ် တခြားအရာတွေဖြစ်ဖြစ်ပေါ့။ ဒါကိုမှ အသုံးပြုတာတွေ စောင့်ကြည့်ပြီး သံသယနဲ့ လိုက်ဖမ်းတာ အင်မတန်မှ  လူမဆန်စွာလုပ်တယ် ထင်မြင်မိပါတယ်။”   

အဖမ်းခံရတဲ့ ပြည်သူတွေအတွက်လည်း လွန်စွာစိတ်မကောင်းဖြစ်မိသလို ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီကိုတော်လှန်နေချိန်ဖြစ်တာမို့ စွပ်စွဲဖမ်းဆီးမခံရဖို့အတွက် လုံခြုံရေးကိုအထူးဂရုစိုက်ဖို့လည်း တိုက်တွန်းထား ပါတယ်။  DVB

မှော်ဘီလေတပ်ရှေ့ရှိ ဗိုလ်သင်တန်းကျောင်း (အမျိုးသမီး) တွင် ဗုံးပေါက်ကွဲပြီး လူနာ တင်ကားများ ဝင်ရောက်သွား၊ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ညအချိန်လေ့ကျင့်ရေးလုပ်ဟု စစ်တပ်က သတင်းလွှင့်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်ရှေ့ ဗိုလ်သင်တန်း ကျောင်း (အမျိုးသမီး)တွင် ဩဂုတ်လ ၁ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲပြီး လူ နာတင်ကားများ ဝင်ရောက်သွားသဖြင့် ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဩဂုတ်လ ၁ ရက်နေ့ည ၇ နာရီအချိန်တွင် မှော်ဘီ ဗိုလ်သင်တန်း ကျောင်း (အမျိုးသမီး)တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူနာတင်ကား ၄ စီး ဝင်ရောက်သွားကြောင်း၊ စစ်တပ်က ညအချိန် လေ့ကျင့်ရေးလုပ်သည်ဟု သတင်းလွှင့်ထားကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

“မှော်ဘီ လေ့ကျင့်ရေးတပ်လား( ဗိုလ်မ )တွေ သင်တန်းပေးတဲ့နေရာ အုန်းခံရတယ်။ မနေ့ည ၇နာရီလောက်က။ အဲဒီတပ်ကတော့ ညဘက် သူတို့ လေ့ကျင့်ရေး လုပ်တယ်ဆိုပြီး သတင်းလွှင့်တယ်။ ည ၇ နာရီကို လေ့ကျင့်တယ်လား၊ ဗုံးကွဲ ကွဲတယ်ပေါ့။ လူနာတင်ကား ၄စီး တပ်ထဲ ဝင်သွားတယ်။ အဲဒီလေ့ကျင့်ရေးတပ်က ဗိုလ်မတွေ သင်တန်းပေးတဲ့နေရာ။ အမျိုးသမီးဗိုလ်မတွေချည်းပဲ သင် တန်းတက်ရတဲ့ နေရာ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ ၎င်းတို့၏ လက်ချက်ဟု တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။khit thit

« Older Entries Recent Entries »