Monthly Archives: Aug 2022

အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၄ သိန်း ဝန်းကျင်အထိ ရောက်ရှိလာ

ရန်ကုန်တိုင်း၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေတစ်ကျပ်သားလျှင် ၂၀၆၀၀၀၀ (ကျပ် သိန်းနှစ်ဆယ့်နှင့် ခြောက်သောင်း) သတ်မှတ်ထားသော် လည်း အဆိုပါဈေးနှုန်းဖြင့် အရောင်းအဝယ်မပြုလုပ်ကြဘဲ ပြင်ပ စျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၄ သိန်းဝန်းကျင်အထိ ရောက်ရှိလာကြောင်းသိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၃ သိန်းခန့်ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ ပြီး ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် ကျပ် ၂၄ သိန်းဝန်းကျင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် ရောင်းသူမရှိသကဲ့သို့ ဝယ်သူလည်းမရှိ ကြောင်း သိရသည်။

“ရွှေဈေးကွက်က ကြိုက်ရောင်းကြိုက်ဝယ် ဈေးကွက်ကြီးဖြစ်နေပြီ။ ကျွန်တော့်ဆိုင်လည်း အရောင်း အဝယ်နားထားတာ နှစ်လကျော်ပြီ။ ဒါကို တချို့ပြည်သူတွေ ရွှေဝယ်စုနေကြတာ အရမ်းအံ့ဩဖို့ကောင်း တယ်။ ကိုယ့်မိသားစုအရည်အတွက်ပေါ်မူတည်ပြီး စားသောက်ရေးအတွက် ရိက္ခာအချို့ပဲ ဝယ်ယူစု ဆောင်းပါလို့ အကြံပေးချင်တယ်” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ ဩဂုတ်လ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၃၉၀,၀၀၀သောင်း ကျော်အထိ ရောက်ရှိနေကြောင်း သိရသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့ ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၀၆၀၀၀၀ (ကျပ်သိန်းနှစ်ဆယ့်နှင့်ခြောက်သောင်း) သတ်မှတ် ကာဈေးပိတ်ခဲ့သည်။mizzima

နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် လူငယ် ၂ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ သြဂုတ် ၃ ရက် မနက်ပိုင်းက လူငယ်နှစ်ဦးကို  စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်မြို့နယ်ကနေ ကချင်ပြည်နယ်အတွင်းဝင်ရောက်လာပြီး နန့်စီးအောင်ဂိတ်ကို ဖြတ်သန်းစဉ် တယ်လီဖုန်းကို စစ်ဆေးရာမှ   ဖမ်းဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ကောင်လေး နှစ်ယောက်က ဆိုင်ကယ်နဲ့ ဗန်းမောက် ဘက်ကလာတာ။ ဂိတ်မှာ ဖုန်းကိုစစ်တော့  ဘာတွေတွေ့သွားလဲမသိဘူး။ စစ်သားတွေ၊ ရဲတွေ၊ နောက်ပြီး စရဖက ကောင်တွေက ဖမ်းသွားတာ” လို့ ဂိတ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဂိတ်အတွင်းမှာ ရိုက်နှက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

ဧပြီလပိုင်းအတွင်းကလည်း နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ သေနတ်တလက်တွေ့လို့  လူငယ်ဆယ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။DVB

တမူးမြို့နယ်တွင် စျေးရောင်းပြန်လာသည့်စစ်ဘေးရှောင် အသတ်ခံရ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ဘေးရှောင်နေသူတစ်ဦး စားဝတ်နေရေးအတွက် ငရုတ်သီးရောင်းချ ပြီး အပြန်လမ်းတွင်အသတ်ခံခဲ့ရကာ ဦးခေါင်း၌ထုရိုက်ဒဏ်ရာများဖြင့် ရုပ်အလောင်းကို မိသားစုဝင်က ပြန်တွေ့ရှိရကြောင်း တမူးမြို့ခံများထံမှ သိရသည်။

“သူက ငရုတ်သီးတွေကို ဖောက်သည်ယူပြီး တမူးကိုလာရောင်းတာ။ အပြန်မှာ လမ်းမကြီးက မပြန်ရဲလို့ ကွင်းလမ်းကနေပြန်သွားတာ အခုလိုဖြစ်သွားတယ်။ အဲဒီနေရာမှာလည်း ပျူစောထီးတွေ အများစုနေတဲ့ နေရာတွေ။ သူတို့လက်ချက်ပဲနေမှာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော တမူးမြို့ခံတစ်ဦးမှ ပြော သည်။

ပျူစောထီးအဖွဲ့များ အများစုနေထိုင်ကြသည်ဟုနာမည်ကြီးနေသည့် ပန်းသားရွာခံဖြစ်သူ အသက် ၃၃ နှစ် ခန့်အရွယ်ရှိ ကိုညီညီသည် အင်ဒိုင်းရွာတွင် စစ်ဘေးရှောင်ခိုလှုံနေရသူဖြစ်ပြီး သေဆုံးသွားချိန်တွင် ဇနီး၊ သားနှစ်ယောက် နှင့်သမီးတစ်ယောက် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့က တမူးမြို့တွင် ငရုတ်သီးများရောင်းချပြီး ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၎င်း၏အမျိုးသမီးနှင့် အဆက်အသွယ်ရကြောင်း နန်မွန်မှ အင်းဒိုင်းသို့သွားရာ ကွင်းလမ်းသို့ရောက်ရှိနေပြီး ဆိုင်ကယ်တွန်းနေသည်ဟု ပြောဆိုခဲ့ကြောင်း ဆိုသည်။

အချိန်ကြာ၍ ပြန်မရောက်ခဲ့သည့်အတွက် ထပ်မံ ဆက်သွယ်ရာ တစိမ်းအမျိုးသားတစ်ဦးအသံကြားရပြီး ဖုန်းစက်ပိတ်သွားခဲ့ကြောင်း မြို့ခံ၏ ပြောပြချက်အရ သိရသည်။

နောက်ဆုံးအဆက်အသွယ်ရသည့် နေရာအနီးမှာ ပျူစောထီးဆိုသူများ အများစုနေထိုင်သည့် နေရာဖြစ် သည့်အတွက် အခြားသူများမှာလည်း လိုက်ရှာမပေးရဲခဲ့ကြောင်း၊ နောက်တစ်ရက်တွင် မေးမြန်စုံစမ်းပြီး လိုက်လံရှာဖွေရာရွှေပွင့်ဖြူခြံထဲတွင်ပစ်ထားသည့်ရုပ်အလောင်းအား ပြန် လည်တွေ့ရှိရကြောင်း၊ သေနတ် ဒဏ်ရာဓားဒဏ်ရာများမတွေ့ရဘဲ ခေါင်းကိုထုနှက်ထားသည့် ဒဏ်ရာဖြင့်သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူရှောင်ကွင်းလာခဲ့သည့် နန်မွန်ရွာတွင် ပျူစောထီးများစခန်းချလေ့ရှိပြီး ရန်ကြီးအောင်ရွာဘက် မှနွားအရောင်းအဝယ်လုပ်သူများနှင့် အင်ဒိုင်းရွာဘက်မှ ရှောင်ကွင်းသွားသူများကို တောထဲအထိ ဆိုင် ကယ်များဖြင့် လိုက်လံဖမ်းဆီး ပိုက်ဆံတောင်းနေသည့် နေရာများ ဖြစ် ကြောင်း သိရသည်။

တမူးမြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့ကလည်း စစ်မှုထမ်းဟောင်းအမျိုးသားတစ်ဦးအား ပျူစောထီး အဖွဲ့ဝင်ဆိုသူများက သေနတ်ဖြင့်ပစ် ခတ်ခဲ့သည့်အတွက် သေဆုံးသွားသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

တမူးမြို့မ (၁၂)ရပ်ကွက်ရှိ ဂျူးစံကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေသည့် အသက် ၅၀ အရွယ် စစ်မှုထမ်း ဟောင်းဖြစ်သူ ကိုမောင်မြင့်အား ပျူစောထီးဆိုသူများမှ ပစ်ခတ်သွားခြင်းဖြစ်ကြောင်း တမူးမြို့သတင်း အချက်အလက်များကို ဖော်ထုတ်နေသည် Central Intelligence Agency Tamu ဒါရိုက်တာဖြစ်သူမှ ပြောသည်။

ကိုမောင်မြင့်သည် လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းနေသူတစ်ဦးဖြစ်ပြီး နိုင်ငံရေးများတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနှင့် ၎င်းတွင် သမီးတစ်ဦးနှင့် မြေးတစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။mizzima

လောင်းရှည်ရွာတွင် စစ်ရှောင်ပြည်သူ ၃ ဦးဖမ်းဆီးခံရပြီး လူငယ်တဦးအား စစ်တပ်က ရိုက်နှက် သတ်ဖြတ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လောင်းရှည်ရွာမှာ စစ်ဘေးရှောင်ပြည်သူ ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည့်သေးတဲ့ လူငယ်တဦးကို စစ်ကောင်စီတပ်က ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF) ရဲ့ ဩဂုတ် ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF) အမှတ် (၆) တပ်ရင်း (၃၉ ၀၆) တို့ နဂါးပွက်တောင်တိုက်ပွဲအပြီး စစ်ဘေးရှောင်ပြည်သူ ဦးနေမျိုးမောင်၊ ဖြိုးဇေယျာကျော်၊ ၁၇ နှစ်အရွယ် မောင်ပြည့်စုံထွန်းတို့ ၃ ဦး ဖမ်းဆီးခံခဲ့ရတာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၂၈ ရက်က ဦးဖိုးချစ်၊ ဒေါ်တောသူမတို့ရဲ့သား မောင်ပြည့်စုံထွန်းဟာ မိဘတွေဆီပြန်ဖို့အတွက် မောင်ဖြိုးဇေယျာကျော်ကို အဖော်အဖြစ်လိုက်ပါဖို့ ခေါ်ဆောင်သွားခဲ့ပြီး တောတွင်းလမ်းတနေရာမှာ စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်အဖွဲ့နဲ့တွေ့ပြီး အဖမ်းခံခဲ့ရတာပါ။

နောက်နေ့မှာ သားဖြစ်သူ ပြန်ရောက်မလာတာကြောင့် မောင်ဖြိုးဇေယျာကျော်ရဲ့ ဖခင်ဖြစ်သူ ဦးနေမျိုးက လိုက်လံရှာဖွေရင်း အရင်နေခဲ့ဖူးတဲ့ ကန်ဇွန်းမ မြောက်ဘက် ယူနီကယ်တဲတိုက်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ မောင်ပြည့်စုံထွန်းနဲ့ မောင်ဖြိုးဇေယျာကျော်တို့ကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်စစ်ဆေးပြီး သူတို့မိဘတွေရှိရာနေရာကို လိုက်ပြခိုင်းရင်း ယူနီကယ်တဲတိုက်ကို ရောက်ရှိလာကြကာ အဲဒီတဲတိုက်မှာရှိနေတဲ့ ဦးနေမျိုးကို တွေ့ရှိပြီး ပျဥ်ချောင်းထန်းလက်ပြားတို့နဲ့ ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် အသက် ၁၇ နှစ်အရွယ် သားဖြစ်သူ ဖြိုးဇေယျာကျော်ဟာ ဖခင်ရှေ့မှာပဲ စစ်ကောင်စီတပ်က ရိုက်နှက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ မောင်ဖြိုးဇေယျာကျော်ရဲ့အလောင်းနဲ့ ၁၆ နှစ်အရွယ် မောင်ပြည့်စုံထွန်းတို့ကို ခေါ်ဆောင်သွားခဲ့ပြီး မောင်ပြည့်စုံထွန်း အသက်သေဆုံးခြင်း ရှိမရှိ သေချာမသိရသေးဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဦနေမျိုးကို LSRPDF တပ်ဖွဲ့မှ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးပြီး လုံခြုံစိတ်ချရတဲ့ နေရာမှာ ကူညီစောင့်ရှောက်ထားတယ်လို့ LSR PDF သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ DVB

စစ်ကောင်စီတပ်၏ လုံခြုံရေးကင်းများ ချောင်း ဦးမြို့နယ်အတွင်း မိုင်းမိသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့မှ မုံရွာ-မန္တလေးကားလမ်းအတိုင်း ကားနှစ်စီးဖြင့် ကင်းပုန်းရန်လာသည့် စစ်ကောင်စီ အင်အား ၆၀ ခန့်အား ချောင်းဦးမြို့နယ်အတွင်း နေရာ နှစ်ခု၌ မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ စစ်ကောင်စီရိက္ခာယာဥ်တန်း ဖြတ်သန်းရန်ရှိ၍ နံနက်အစောပိုင်းကတည်းက သံပြားကာ ကား နှစ်စီးဖြင့်လာရောက် ကင်းပုန်းချခြင်း ဖြစ်သည်။

“သူတို့ကားပေါ်ကဆင်းပြီး ကင်းပုန်းတွေ ပတ်ချနေတဲ့အချိန်မှာ ကျွန်တော်တို့ပွိုင့်သမားတွေက ဆင်ထားပြီးသားပွိုင့်နားကပ်တော့ သူတို့ကင်းပုန်းတွေနဲ့ တွေ့တာပေါ့။ အဲ့အချိန် သူတို့ကင်းပုန်းက ထွက်လာပြီး လိုက်ပစ်တယ်၊ ကျွန်တော်တို့ပွိုင့်သမားကလည်း ဆုတ်ရင်းနဲ့ သူတို့လိုက်ပစ်တဲ့သူတွေ ပွိုင့်နေရာအရောက်မှာ ဆွဲတာပေါ့နော်” CHU PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းကားမှ ဆင်းလာကာ ကင်းပုန်းဝပ်သည့် စစ်ကောင်စီတပ်များအား CHU PDF တပ်ခွဲ (၄) မှ နံနက် ၇ နာရီဝန်းကျင်တွင် ချောင်းဦးမြို့နယ် ခင်မွန်ရွာနှင့် အောင်ချမ်းသာရွာကြား မိုင်း ၁၀ လုံး တစ်ပွိုင့်၊ သုံးလုံးတွဲ တစ်ပွိုင့်အပြင် ရှေ့ထွက်မိုင်း တစ်လုံးပါ အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကြောင်း CHU PDF ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောဆိုသည်။

ထို့နောက် အောင်ချမ်းသာရွာနှင့် ချောင်းဦးမြို့ကြားရှိ ကင်းပုံးများကိုလည်း ကာကွယ်ရေးတပ်သားများက နေရာ နှစ်ခုတွင် မိုင်းဆွဲတိုက်ခိုက်ရာ ပွိုင့်(၁)တွင် ၁၀ ဦးသေပြီး၊ ပွိုင့် (၂)တွင် လေးဦး သေဆုံးကြောင်း ထုတ်ပြန်သည်။

“ အောင်ချမ်းသာနဲ့ ချောင်းဦးမြို့ကြားက နှစ်ပွိုင့်ကတော့ သူတို့ကင်းပုန်းဝပ်နေကြနေရာတွေကို သိလို့မလို့ ကျွန်တော်တို့က ကြိုပြီးဆင်ထားတဲ့ပွိုင့်တွေ၊ သေတာ ဘယ်လိုပြန်အတည်ပြုလဲဆိုတော့ ရှေ့က ခြောက်ကောင်က ဆွဲတဲ့ပွိုင့်သမားတွေကိုယ်တိုင်မြင်တာ၊ ၁၄ ကောင်ကကျတော့ အလောင်းကိုသယ်တာ မြင်တဲ့သူတွေပြောတာ၊ ၁၀ ကောင်သေတဲ့နေရာမှာ ambulance နှစ်စီးနဲ့ ထပ်တင်သွားတာတွေ့တာ၊ မုံရွာဘက်ကို”ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အဆိုပါ ကင်းပုန်းများကိုပင် Farmers Revolution Force (Chaung-U) နှင့် မြောင်မြို့နယ် တော်လှန်ရေးတပ်(စစ်ကိုင်းခရိုင်တပ်ရင်း- ၅) တို့မှ နေရာ သုံးနေရာတွင် မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံးကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။mizzima

စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်ခြင်းဖြင့် အာဆီယံကို ထင်ထင်ရှားရှား မလေးမစားလုပ်ဟု အာဆီယံနိုင် ငံခြားရေးဝန်ကြီးများ မှတ်ချက်ပြု

မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်ခြင်းဖြင့် အာဆီယံကို ထင်ထင်ရှားရှား မလေးမစားလုပ်ခြင်းဖြစ် သည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးVivian Balakrishnan က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ယနေ့ကျင်းပသည့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် မြန်မာ့အရေးကို အကြိတ်အနယ် ဆွေးနွေးကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ဆိုးရွားသည့် အခြေအနေများ အပါအဝင် အာဆီယံဘုံသဘောတူညီချက် ချက် ၅ ရပ်ကို အကောင် အထည်ဖော်ရာမှာ တိုး တက်မှု မရှိခြင်း နှင့် အဓိ က ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း၊ မကြာသေးမီက အတိုက်အခံ တက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းသော ဖြေ ရှင်းမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လွယ်ကူချောမွေ့စေရေးအ တွက် အာဆီယံ၏ ကြိုးပမ်းမှုများအတွက် ကြီးမားသော ဆုတ်ယုတ်မှုတစ်ခုဖြစ်ကြောင်း၊ အာဆီယံအပေါ် မြန်မာစစ်အာဏာပိုင်များ၏ ပြတ်ပြတ်သားသား မလေးစားမှုကို ထင်ဟပ်စေကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဆွေးနွေးကြသည်ဟု သိရှိရသည်။

အာဆီယံအနေဖြင့် ဆက်လက် အလုပ်လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် ဓားစာခံ အဖြစ် ခံမည်မဟုတ်ကြောင်း၊ လက်ရှိအခက်အခဲများက အာဆီယံ၏ စည်းလုံးညီညွတ်နှင့် ဗဟိုချုပ်ကိုင်မှုကို ပျက်ပြားစေသည်ဟု မှတ်ချက်ပြု‌ ဆွေး နွေးကြကြောင်း သိရှိရသည်။khit thit

ဖာပွန်ခရိုင်၌ ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၁၁၀ ဖြစ်ပွား၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးအပါ ၈၈ ဦး သေဆုံး

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ ၊ ဖာပွန်(မူတြော်) ခရိုင်မှာ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၊ BGF တပ်တွေနဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၁၁၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့ဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် သေဆုံးသူ ၈၈ ဦးရှိပြီး၊ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၅၇ ဦးဒဏ်ရာရှိခဲ့သလို KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်က ကျဆုံးသူမရှိဘဲ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ထောက်ပံ့ပို့ဆောင်ရေးမြင်းလား ၈ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရှိရှိခဲ့သလို လက်နက်ခဲယမ်းသယ်ဆောင်လာတဲ့ စစ်ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အများအပြားအသုံးပြုခဲ့သလို အပြစ်မဲ့ပြည်သူနေထိုင်ရာ ကျေးရွာတွေအ တွင်းကို အကြောင်းမဲ့ရည်ရွယ်ပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF-နယ်ခြားစောင့်တပ်တွေဟာ ဖာပွန်(မူတြော်)ခရိုင်က မြို့နယ် ၃ မြို့နယ်အတွင်းကို နယ်မြေကျော်ဝင်ရောက်လာပြီး အ ပြစ်မဲ့ပြည်သူတွေရဲ့ လယ်ယာ၊ ဥယျာဉ်ခြံမြေနဲ့ လုပ်ငန်းခွင်အတွင်းကို အမြောက်လက်နက်ကြီးကျည် ၆၇ လုံးပစ်ချခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။ DVB

အကျအဆုံးများခဲ့သည့် စစ်ကောင်စီတပ်မှ ဗျူဟာပြောင်းကာ မြဝတီ-ဝေါလေ ကားလမ်းမကို ထပ်မံကျူးကျော်လာ

ကရင်ပြည်နယ် မြဝတီခရိုင်KNUတပ်မဟာ(၆)ထိန်းချုပ်နယ်မြေရှိ မြဝတီ-ဝေါလေ ကားလမ်းမကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ ဗျူဟာပြောင်းကာ ထပ်မံကျူးကျော်လာနေကြောင်းသိရသည်။

ဇူလိုင်လ ၇ရက်နေ့မှ စတင်ပြီး မြဝတီ-ဝေါလေ ကားလမ်းမအနီးရှိ သုံးထပ်ကွေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် cobra စစ် ကြောင်း(KNLA)တို့ ယနေ့ ဩဂုတ်လ ၃ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ စစ်ကောင်စီတပ်မှ ဇူလိုင်လ တတိယပတ်အထိ အ ထိအခိုက် အကျအဆုံးများနေခြင်းကြောင့် ယခုအခါ ဗျူဟာပြောင်းကာ တပ်ရင်း သုံးရင်းထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထိုးလာကြောင်း Cobra စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။

“အရင်လတွေမှာက သူတို့ ဖွဲ့စည်းပုံပျက်သွားတယ်၊ ဗျူဟာပျက်သွားတဲ့အထိ အထိအခိုက်အကျအဆုံးများသွားတယ်၊ အခု သူတို့က ဗျူဟာတစ်မျိုးပြောင်းပြီး တပ်ရင်း သုံးရင်းနဲ့လာတိုက်တယ်၊ လက်နက်ကြီးတပ်ဖွဲ့တွေ လက်ရုံးတပ်ဖွဲ့တွေ ပါလာတာပေါ့၊ မြဝတီ-ဝေါလေ ကားလမ်း မပေါ်မှာရှိတဲ့ သုံးထပ်ကွေ့နဲ့ ဆက်စပ်တဲ့နေရာတွေကို သူတို့က လက်နက်ကြီးတွေနဲ့ပစ်တယ်”ဟု Cobra စစ်ကြောင်းပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုမှပြောသည်။

ဩဂုတ်လ၂ရက်နေ့ ညနေ ၄နာရီဝန်းကျင်တွင် မှော်ဘီလေတပ်မှ Yak 130လေယာဉ်ဖြင့် တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနဲ့ ကျူးကျော်ဖို့ကြိုးစားနေပေမယ့် Cobra ရဲဘော်တွေအနေနဲ့ ရွံ့ရွံ့ချွံချွံတိုက်ပွဲခုခံကာကွယ်နိုင်ခဲ့ပါတယ်၊ အကြမ်းဖက်စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့ ဆုတ်ခွာနေရပါတယ် တိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အတွက် သူတို့ရဲ့ သေဆုံးထိခိုက်ဒဏ်ရာရ အခြေနေကိုတော့ ကျနော်တို့အနေနဲ့ တိတိကျကျပြောဖို့ခက်မယ်”ဟု ၎င်းမှ ဆက်လက်ပြောသည်။

ဇူလိုင်လ ၁၁ရက်နေ့တွင် တပ်မ(၄၄)လက်အောက်ခံ တပ်ရင်း(၁၀၂)မှ တပ်သား ငါးဦးမှာ Cobra စစ်ကြောင်းထံ လာရောက်ခိုလှုံခဲ့ပြီး Cobra စစ်ကြောင်းမှ ကောင်းမွန်စွာလက်ခံထားကြောင်း သိရသည်။mizzima

သြစတြေးလျတွင် NUG အစိုးရကိုယ်စား လှယ်ရုံး ဖွင့်လှစ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးကို သြစတြေးလျအစိုးရ ရုံးစိုက်တဲ့ ကင်ဘာရာမြို့မှာ ဒီနေ့ သြဂုတ် ၃ ရက် ညနေပိုင်းမှာ အခမ်းအနားနဲ့ ဖွင့်လှစ်လိုက်ပါတယ်။

ရုံးဖွင့်ပွဲအခမ်းအနားကို သြစတြေးလျအစိုးရပိုင်း အရာရှိတွေ၊ အကြီးဆုံးပါတီနှစ်ခုက လွှတ်တော်အမတ်တွေ၊ တသီးပုဂ္ဂလအမတ်တွေ ၈၀ ကျော်လောက် တက်ရောက်လာတာ ‘အားရစရာ ကောင်းတယ်’ လို့ အခမ်းအနားမှာရှိနေတဲ့ CRHP၊ NUG Support Group မှ ကိုနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ရုံးဖွင့်ပွဲအခမ်းအနားမှာပဲ သြစတြေးလျမှာ တတိယအင်အားအကြီးဆုံး ပါတီဖြစ်တဲ့ ဂရင်းပါတီက NUG အစိုးရကို တရားဝင်အသိအမှတ်ပြုတဲ့အကြောင်း တရားဝင်ကြေညာလိုက်တယ်လို့ သိရပါတယ်။

သြစတြေးလျအစိုးရဌာနတခုဖြစ်တဲ့ Department of Foreign Affairs and Trade ဌာနက ထိပ်တန်းအရာရှိတွေ အပါအဝင် အရာရှိတွေ တက်ရောက်လာကြတယ်လို့ ကိုနိုင်က ပြောပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရုံးကတော့ အခမ်းအနားကို မတက်ရောက်နိုင်တဲ့အတွက် တောင်ပန်းစာ ပေးပို့ထားတဲ့အကြောင်း သြစတြေး လျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဒီဗွီဘီနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ကင်ဘာရာမှာ ဖွင့်လှစ်လိုက်တဲ့ NUG ရုံးဟာ ဒေသတွင်းမှာတော့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံပြီးရင် တတိယမြောက်ရုံး ဖြစ်လာပါတယ်။ သက်ဆိုင်ရာနိုင်ငံအလိုက် NUG ရုံးတွေ ဖွင့်လှစ်တာ အပါအဝင် နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်သွားဖို့ လုပ်နေတယ်လို့ NUG နိုင်ငံခြားရေးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။DVB

« Older Entries