ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်တပ် ကြားဖြတ်တိုက် ခိုက်ခံရ၍ တပ်သား ၁၀ ဉီး သေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်အား ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဉီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး) PDF – Kalay မှ ထုတ်ပြန်ထား သည်။
ဩဂုတ်လ ၂ ရက်နေ့က ကလေးနည်းပညာတက္ကသိုလ်မှတဆင့် တောင်ပိုင်းဘက်သို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ သာယာကုန်းရွာအနီးတွင် နံနက် ၆ နာရီ မှ မွန်းလွဲ ၃ နာရီခန့်အထိ တိုက်ပွဲပြင်းထန် ခဲ့ကြောင်းဆိုသည်။
တိုက်ပွဲတွင်အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့ နည်းပညာတက္ကသိုလ် အတွင်းမှ လက်နက်ကြီးပစ်ကူများဖြင့် သာယာကုန်းရွာဘက်သို့ မရပ်မနား ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအား PDF – Kalay တပ်ရင်း ၁ ၊ ၂ ၊ ၅ ၊ ၆ ၊ ပကဖ ၊ ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ CNDF ၊ ချင်းကာကွယ် ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ်) CDF – KKG ၊ နှင့် ရိမ်းဂျား ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိကြောင်း သိရသည်။
သေဆုံးဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့များအား လူနာတင်ယာဉ်များဖြင့် ကလေးနည်းပညာ တက္ကသိုလ်အတွင်းသို့ ပြန်လည်သယ်ယူသွားပြီး ထိုမှတဆင့် မြို့အတွင်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။
မွန်းလွဲ ၂ နာရီ ခန့်အချိန်တွင် စစ်ကောင်စီတပ်များသည် သာယာကုန်းရွာအတွင်းသို့ စတင်ဝင်ရောက်ပြီး ကျေးရွာအတွင်းရှိ အပြစ်မဲ့ ၁၀ ဉီးခန့်ကိုဖမ်းဆီးကာ ၎င်းတို့အနက်မှ အမျိုးသားတစ်ဉီး သတ်ဖြတ်သွား ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ဖမ်းဆီးခံရထားသည့် ပြည်သူများအား လူသား ဒိုင်းအဖြစ် စစ်ကြောင်းတွင် ဆက် လက် ခေါ် ဆောင်လာခဲ့ကြောင်း သိရသည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်သည့် စစ်ရေးအခြေအနေများအရ ကလေး – ဂန့်ဂေါ်လမ်းမကြီးအား မော်တော်ယာဉ်များ ဖြတ်သန်းသွားခြင်းမပြုကြပါရန် PDF – Kalay မှ မေတ္တာရပ်ခံ သတိပေးထားသည်။
ဇူလိုင်လ ၃၀ ရက်နေ့ကလည်း ကလေးမြို့ဘက်မှ တမူးမြို့ဘက်သို့သွားသော စစ်ကောင်စီယာဉ်တန်း အား မိုင်းဖြင့် သုံးကြိမ်ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဉီးသေဆုံးခဲ့ကြောင်းနှင့် စစ်ရေး အခြေအနေများအရ အဆိုပါလမ်းပိုင်းအား ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းခြင်း လုံးဝ မပြုလုပ်ရန် သတိပေး ထုတ်ပြန်ထားသည်။mizzima