ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သြဂုတ် ၂ ရက်နေ့ မနက် ၁၁ နာရီလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက် ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဘီးလင်းမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်လာတဲ့ ကား ၆ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က သွားရောက်မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်မှုနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီ ကားတစီး ထိမှန်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပေမဲ့ စာရင်းအတိအကျကိုတော့ ဆက်လကစုံစမ်းနေတယ်လို့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး KNLA ပူးပေါင်းတပ်ဖွဲ့က စခန်းပြန်လာစဉ် စနက်တံဖြုတ်မိထားတဲ့ ခွင်းဗုံး ပေါက်ကွဲတာကြောင့် အသက် ၂၅ နှစ်အရွယ် PDF ရဲဘော် ပြည့်စုံဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ ဦး ဒဏ်ရာရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သြဂုတ် ၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာလည်း ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်ကြား စစ်ကောင်စီ သံတံတားစစ်ရေးဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။ DVB