စစ်ကောင်စီတပ်၏ ဖမ်းဆီး စစ်ဆေးခြင်း ခံရသည် ထားဝယ် မြို့မ ရဲစခန်းမှူး ၉ ရက် အကြာတွင် ပြန်လွှတ်ပေး

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသည့် ထားဝယ်မြို့မ ရဲစခန်းမှူးစိုးနိုင်ကို ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ထားဝယ်မြို့မ ရဲစခန်းမှူးစိုးနိုင်ကို အမှု ခြောက်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး စွဲဆိုထားသည့်အမှုများကို ဇူလိုင် ၂၈ ရက်နေ့တွင် ပြန်လည် ပိတ်သိမ်း၍ မူလရာထူးတာဝန်များကို ပြန်လည် ထမ်းဆောင်စေခဲ့သည်ဟု အဆိုပါ ရဲစခန်းနှင့် နီးစပ်သူများထံက သိရသည်။
“စခန်းမှူး ပြန်လွတ်လာတာတော့ တွေ့ရတယ်။ ဘယ်လိုမျိုး လွတ်လာတယ် ဆိုတာတော့ အတိအကျ မသိရသေးဘူး”ဟု ထားဝယ်မြို့ခံတစ်ဦးက ပြော သည်။
စစ်ကောင်စီသည် စခန်းမှူး စိုးနိုင်ကို ပြန်လွှတ်ပေးခဲ့သော်လည်း CDM ရဲတပ်ဖွဲ့ တချို့နှင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ ဝင်များလည်း ထပ်မံဖမ်းဆီးခံနေရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထိုသို့ သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
ထို့အပြင် စစ်ကောင်စီတပ်သည် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်နှင့်လောင်းလုံး မြို့နယ်တို့တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဒေသခံ ပြည်သူ ၃၀ ဦးနီးပါးကို အကြောင်းမဲ့ ဖမ်းဆီးထားသည်။ mizzima