စစ်ကောင်စီတပ်၏ လုံခြုံရေးကင်းများ ချောင်း ဦးမြို့နယ်အတွင်း မိုင်းမိသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့မှ မုံရွာ-မန္တလေးကားလမ်းအတိုင်း ကားနှစ်စီးဖြင့် ကင်းပုန်းရန်လာသည့် စစ်ကောင်စီ အင်အား ၆၀ ခန့်အား ချောင်းဦးမြို့နယ်အတွင်း နေရာ နှစ်ခု၌ မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF က ထုတ်ပြန်ထားသည်။
ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ စစ်ကောင်စီရိက္ခာယာဥ်တန်း ဖြတ်သန်းရန်ရှိ၍ နံနက်အစောပိုင်းကတည်းက သံပြားကာ ကား နှစ်စီးဖြင့်လာရောက် ကင်းပုန်းချခြင်း ဖြစ်သည်။
“သူတို့ကားပေါ်ကဆင်းပြီး ကင်းပုန်းတွေ ပတ်ချနေတဲ့အချိန်မှာ ကျွန်တော်တို့ပွိုင့်သမားတွေက ဆင်ထားပြီးသားပွိုင့်နားကပ်တော့ သူတို့ကင်းပုန်းတွေနဲ့ တွေ့တာပေါ့။ အဲ့အချိန် သူတို့ကင်းပုန်းက ထွက်လာပြီး လိုက်ပစ်တယ်၊ ကျွန်တော်တို့ပွိုင့်သမားကလည်း ဆုတ်ရင်းနဲ့ သူတို့လိုက်ပစ်တဲ့သူတွေ ပွိုင့်နေရာအရောက်မှာ ဆွဲတာပေါ့နော်” CHU PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယင်းကားမှ ဆင်းလာကာ ကင်းပုန်းဝပ်သည့် စစ်ကောင်စီတပ်များအား CHU PDF တပ်ခွဲ (၄) မှ နံနက် ၇ နာရီဝန်းကျင်တွင် ချောင်းဦးမြို့နယ် ခင်မွန်ရွာနှင့် အောင်ချမ်းသာရွာကြား မိုင်း ၁၀ လုံး တစ်ပွိုင့်၊ သုံးလုံးတွဲ တစ်ပွိုင့်အပြင် ရှေ့ထွက်မိုင်း တစ်လုံးပါ အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကြောင်း CHU PDF ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောဆိုသည်။
ထို့နောက် အောင်ချမ်းသာရွာနှင့် ချောင်းဦးမြို့ကြားရှိ ကင်းပုံးများကိုလည်း ကာကွယ်ရေးတပ်သားများက နေရာ နှစ်ခုတွင် မိုင်းဆွဲတိုက်ခိုက်ရာ ပွိုင့်(၁)တွင် ၁၀ ဦးသေပြီး၊ ပွိုင့် (၂)တွင် လေးဦး သေဆုံးကြောင်း ထုတ်ပြန်သည်။
“ အောင်ချမ်းသာနဲ့ ချောင်းဦးမြို့ကြားက နှစ်ပွိုင့်ကတော့ သူတို့ကင်းပုန်းဝပ်နေကြနေရာတွေကို သိလို့မလို့ ကျွန်တော်တို့က ကြိုပြီးဆင်ထားတဲ့ပွိုင့်တွေ၊ သေတာ ဘယ်လိုပြန်အတည်ပြုလဲဆိုတော့ ရှေ့က ခြောက်ကောင်က ဆွဲတဲ့ပွိုင့်သမားတွေကိုယ်တိုင်မြင်တာ၊ ၁၄ ကောင်ကကျတော့ အလောင်းကိုသယ်တာ မြင်တဲ့သူတွေပြောတာ၊ ၁၀ ကောင်သေတဲ့နေရာမှာ ambulance နှစ်စီးနဲ့ ထပ်တင်သွားတာတွေ့တာ၊ မုံရွာဘက်ကို”ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ဆိုသည်။
အဆိုပါ ကင်းပုန်းများကိုပင် Farmers Revolution Force (Chaung-U) နှင့် မြောင်မြို့နယ် တော်လှန်ရေးတပ်(စစ်ကိုင်းခရိုင်တပ်ရင်း- ၅) တို့မှ နေရာ သုံးနေရာတွင် မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံးကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။mizzima