ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ကပစ် ခတ်၍ ကျောင်းသား ၂ ဦးသေ ၊ ၃ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရီးမဝရွာမှ ကျောင်းသူ၊ ကျောင်းသား ၁၀ ဦးခန့်ပါသည့် စက်လှေတစ်စီး သြဂုတ်လ ၂ ရက်နေ့ ညနေ ၃နာရီကျော် ကျောင်းဆင်းချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏ပစ်ခတ်ခံရ၍ ကျောင်းသားနှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ကျောင်းလုပ်သားအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါစက်လှေမှာ ရီးမဝရွာမှ တူးမောင်းဝရွာရှိ အလယ်တန်းကျောင်းသို့ ကျောင်းသွားကျောင်းပြန် နေ့စဉ်နေ့တိုင်းပို့ဆောင်နေခြင်းဖြစ်ကာ ယမန်နေ့က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ ဖြစ်ပွားပြီး နမဒါရှိတောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က စက်သေနတ်ဖြင့် စက်လှေအား အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက မနက် ၁၀ နာရီကနေ ညနေ ၃နာရီထိ AA နဲ့ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်။ ဖြစ်တဲ့နေရာက အရင်က တိုက်ပွဲဖြစ်လို့ပျက်သွားတဲ့ သူဌေးကုန်းရွာပျက်နားက ကျောက်တော်-ပလက်ဝ ကားလမ်းနားမှာ ဖြစ်တာ။ ရီးမဝရွာနဲ့လှမ်းတယ်။ အပစ်ခံရတဲ့လူတွေက တိုက်ပွဲဖြစ်တဲ့အသံမကြားဘူးပေါ့၊ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ သူတို့နဲ့လှမ်းတော့ မသိတာကြောင့်လာတယ်လို့သိရတယ်။ အဲဒီမှာ သူတို့အပစ်ခံရပြီး ကျောင်း သားနှစ်ဦး ပွဲချင်းပြီးသေတယ်။ နောက်ထပ်ကျောင်းသားနှစ်ဦးနဲ့ ကျောင်းလုပ်သားတစ်ဦးက ဒဏ်ရာရ သွားတယ်”ဟု ဆိုသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့မှာ ပလက်ဝမြို့နယ် သူဌေးကုန်းရွာပျက်နားတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသည်။ ညနေ ၃ နာရီခန့်တွင် လက်နက်သံများ တိတ်သွားပြီး နာရီဝက်ကျော်တွင် တူးမောင်းဝရွာမှလာသည့် ကျောင်းသားများစက်လှေကို နမဒါတောင်ကုန်းတွင် တပ်စခန်းချထားသည့် စစ်တပ်က စက်သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သေဆုံးသွားသည့် ကျောင်းသားနှစ်ဦးမှာ ခြောက်တန်းကျောင်းသားတစ်ဦးနှင့် လေးတန်းကျောင်းသား တစ်ဦးဖြစ်သည်။ ဒဏ်ရာ ရသွားသည့် ကျောင်းသားနှစ်ဦးမှာလည်း ခြောက်တန်းကျောင်းသားများဖြစ်ပြီး လက်ရှိတွင် ပလက်ဝဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ၊ဒဏ်ရာအခြေအနေအား အသေးစိတ် မသိသေးကြောင်း ဒေသခံများက ဆိုသည် ။

စစ်ကောင်စီတပ်သားများက စက်လှေကို စက်သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် လှေကိုတားပြီး လှေတွင် ပါလာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် လှေပိုင်ရှင်ကိုပါ ခေါ်ယူစစ်ဆေး မေးမြန်းပြီး ပြန်လွှတ် ပေးလိုက်သည်ဟုလည်း ယင်းဒေသခံက ဆိုသည်။

“ဒဏ်ရာရတဲ့လူတွေကိုရော၊ ကျောင်းလုပ်သားနဲ့ စက်လှေပိုင်ရှင်ကိုပါခေါ်ပြီး စစ်ဆေးသေးတယ်လို့ သိရ တယ်။ သူတို့ကို ပြီးမှပြန်လွှတ် လိုက် တယ်လို့ သိရတယ်။ အခုက ဒဏ်ရာရတဲ့လူတွေကို ပလက်ဝ ဆေးရုံ ကို တင်ထားတယ်။ သေတဲ့ကျောင်းသားတွေကိုတော့ ရွာမှာပဲ ထားထားတယ်” ဟု ၎င်းက ပြောသည်။

သြဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ မောင်တောမြို့နယ် ဝေလာတောင် ရွာနှင့် ငရံ့ချောင်းရွာကြားတွင် တစ်ကြိမ်၊ ပလက်ဝမြို့နယ် သူဌေးကုန်းကျေးရွာပျက်နားတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA အား ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသည့်အတွက် တိုက်ပွဲအခြေအနေကို အသေးစိတ်မသိရှိ ရသေး ပေ။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s