ပြည်တန်ပတ္တမြား၊ ကော်ဇောနီ၊ ဆင်ဖြူတော်နှင့် ရူးသထက်ရူးလာသော သာဝ

လက်နက်အားကိုးဖြင့် အာဏာလုယုခဲ့သူဖြစ်သော်လည်း သာဝတစ်ယောက် လူထုထောက်ခံမှုကိုတော့ လိုချင်သည်။ မတန်မရာမည်သော်လည်း လိုချင်သည်ကတော့ မတန်တဆပင်။ တစ်တိုင်းတစ်ပြည်လုံး သာမက တစ်ကမ္ဘာလုံးကပါ လက်ခံသူဖြစ်လိုသည်။
ရဟန်းရှင်လူအများက မရပ်မနား ပုန်ကန်တော်လှန်နေသော်လည်း ပြိုင်ဘက်ကင်း နိုင်ငံ့အကြီးအကဲ နှယ် ပြုမူလှုပ်ရှားသည်။ ရှည်လျားထွေပြားသော တိုင်းပြပြည်ပြုမိန့်ခွန်းကြီးများ မနားတမ်းပြောသည်။
ဦးတည်ချက်များ၊ လုပ်ငန်းစဉ်များ တခမ်းတနားထုတ်ဖော်သည်။
မစားရဝခမန်း အပ်ကြောင်းထပ်ပြောဆိုနေသော်လည်း မည်သူမျှ နားမဝင်ပေ။
သာဝ အားမလျှော့ပေ။ လူသိရှင်ကြား ဘုရင်ရူးရူးလာသည်။ အချိန်အခါအရ ပေါ်ထွက်လာသည့် မင်းကောင်းမင်းမြတ်တစ်ပါးနှယ် ပုံဖော်ရေး လန်ကြုတ်ဇာတ်လမ်းများ ထုတ်ပြတော့သည်။
သာဝ၏ နောက်ဆုံးဇာတ်လမ်းတစ်ပုဒ်မှာ ဆင်ဖြူဖြစ်သည်။ ကုန်လေပြီးသော နောင်တော်ကြီးများ လက်ထက်က ဇာတ်လမ်းဟောင်းပင်။ ကြန်အင်လက္ခဏာ ကိုက်ညီပြည့်စုံသော ဆင်ဖြူတော်ပေါ်ထွန်း သည်ဟု သတင်းလွှင့်သည်။ နိုင်ငံပိုင်ရုပ်သံများမှနေ၍ ဖွယ်ဖွယ်ရာရာတင် ဆက်သည်။ သတင်းစာများ တွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြသည်။
လက်နက်အားကိုးဖြင့် သာဝအရင် အာဏာသိမ်းယူများလက်ထက်တွင်လည်း ထိုထိုသော ဆင်ဖြူများ ပေါ်ထွန်းခဲ့သည်။ အကြံတူ နောက်လူသာစမြဲဆိုသည့်အတိုင်း သာဝကတော့ တမူထူးသည်။ ဆယ်ရက် သား ဆင်ဖြူလေးမှာ ထူးခြားကြန်အင်လက္ခဏာအားလုံးနှင့် ပြည့်စုံသည့် ပထဆုံး ဆင်ဖြူတော်ဖြစ် သည်ဟု ဆိုသည်။
ယခင့်ယခင် ပေါ်ခဲ့သော ဆင်ဖြူတော်များမှာ ကြန်အင်လက္ခဏာအားလုံးနှင့် ကိုက်ညီခြင်း မရှိဘဲ သူ့ ဆင်သည်သာ အပြည့်စုံဆုံးဟု ဝင့်ကြွားသည်။ သက်ရှိထင်ရှား နောင်တော်ကြီးများကို သာဝက ကလိ ထိုးလိုက်ခြင်းပင်။
အာဏာသိမ်းကတည်းက အသံမကြားရသည့် ထိုနောင်တော်ကြီးများ အနှစ်နှစ်အလလ ပစ်ပယ်ထား သည့် ဆင်ဖြူရုံပြေးကြည့်ရတော့မည့်နှယ်ပင်။

မကြာမီက သာဝတစ်ယောက် နိုင်ငံရပ်ခြား တိုင်းပြည်တစ်ပြည်သွားရောက်ခဲ့သည်။ အာဏာသိမ်းပြီး ကတည်းက လွတ်လွတ်လပ်လပ်သွားရသည့် တစ်ခုတည်းသော နိုင်ငံပင်ဖြစ်သည်။ သွားသာ သွားသော် လည်း အထွေအထူးအကြောင်းပြစရာ မရှိပေ။
သာဝကလည်း အကြံမနည်းလှပေ။ ဘုရားထီးတင်သွားသည်ဟု အကြောင်းပြသည်။ အများပြည်သူ လည်ပတ်ကြည့်ရှုရာ ပန်းခြံအတွင်း တည်ထားသည့်ဘုရားဖြစ်သော်လည်း ဇဗ္ဗူတလူ မင်းတစ်ပါးက တည်သည့်ဘုရားနှယ် သာဝတို့အဖွဲ့က အမွှမ်းတင်သည်။
ကိုယ့်ကိုကိုယ် မင်းဆရာမြှောက်ထားသည့် သာသနာပိုင်ဆရာတော်ကြီးတချို့လည်း ပင့်ခေါ်သွားသည်။ မိမိတိုင်းပြည်တွင် ဘုရားနှင့် ဘုန်းကြီးကျောင်းပါမကျန် မီးမြှိုက်ခံနေရသော်လည်း ထိုဆရာတော်ကြီးက ရုရှားနိုင်ငံတော်ကြီး အေးချမ်းသာယာရှိပါစေဟု ဆုတောင်းပေးသည်။
ဘုရားဖူသူ မရှိလေသော ထိုနိုင်ငံတွင် ပုံတူဘုရားတစ်ဆူ တည်ကာ ယတြာခြေလေသော သာဝတို့အဖွဲ့က ကမ္ဘာ့မြောက်ခြမ်းဒေသအထိ သာသနာပြုနိုင်သည်ဟု လန်ကြုတ်တော့သည်။
တိုင်းပြည်အာဏာကို အတင်းအဓမ္မ လုယူရုံမျှမက မိမိလူမျိုး မိမိနိုင်ငံသားများကို မညှာမတာ သတ် လေသော သာဝကို မည်သည့်တိုင်းနိုင်ငံကမျှ အသိအမှတ်မပြုကြပေ။ ချောင်းပေါက်မတတ်သွားခဲ့ပြီး ဖြစ်သော ထိုနိုင်ငံသည်လည်း သာဝကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် အမှတ်မထားချေ။
အကြိမ်ကြိမ်လာသော်လည်း လက်နက်ခဲယမ်း ဖောက်သည်တစ်ဦးအဖြစ်ထက်မပိုသော အဖြစ်ကို သာဝ မခံချိမခံသာဖြစ်သည်။ ခရီးကအပြန်တွင် နိုင်ငံတော်အကြီးအကဲနှယ် မည်သို့မည်ပုံ ဧည့်ခံကြသည့် အကြောင်း မဖြစ်မနေ အရေးခိုင်းကာ နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်ရက် ဆက် ဖော်ပြစေ သည်။ ကော်ဇောနီနှင့် ကားနက်ကြီးမှသည် လမ်းဘေးအမှိုက်ပုံအထိ အံ့ဩစရာ တစ်ကွက်မရှိသော်လည်း သာဝခရီးစဉ်အ ကြောင်း ဆောင်းပါးကြီးများ နေ့စဉ်ရက်ဆက်ပါလာသည်မှာမူ အံ့ဩစရာ ကောင်းလှသည်။
သွက်သွက်ခါအောင် ရူးသွားပြီဟု မဆိုနိုင်သော်လည်း သာဝတစ်ယောက် ဘုရင်ရူးရူးနေသည်မှာ ဖုံးမရ ကွယ်မရတော့ပေ။ ကောင်းကျိုးတစ် စုံတစ်ရာ ဆောင်ကြဉ်းမပေးသော်လည်း ဘုန်းတန်ခိုး အရှိန်အဝါ ကြီးသည့် မင်းကောင်းတစ်ပါးနှယ် ပုံဖော်လိုသည်။ ဖန်တီးလိုသည်။
အာဏာရူးသူ သာဝက ထိုအတိုင်းပင်မြင်စေလိုလှသည်။ ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးလာသော အခြေ အနေများကြောင့် တိုင်းပြည်စီးပွား ရေး ဆုတ်ယုတ်လာချိန်တွင် သာဝက အစဉ်အလာရူးသွပ်မှုတစ်ခု ထုတ်ပြသည်။
ပြည်တန်ပတ္တမြားကြီး ပေါ်ထွက်လာသည်ဟူ၍ပင်။ တန်ဖိုးအနဂ္ဂထိုက်သည့် ထိုပတ္တမြားကြီးကို တစ်ဦး တစ်ယောက်က ဆက်သွယ်လှူဒါန်းလာသည်ဟု ဆိုသည်။ မည်သူမည်ဝါကား မသိရ။ ဘယ်ကရမှန်း မသိသော ကာပေါ်လစ်ဆပ်ပြားတုံးယောင် ထိုပတ္တမြားတုံးကြီးကို တိုင်းပိုင်ပြည်ပိုင်အဖြစ် လှူဒါန်းသည် ဟု ဆိုသည်။ လက်ခံသူကား ၎င်းကိုယ်တိုင်ပင်။ myanmar now