မုံရွာမြို့သို့ ထွက်ခွာလာသည့် စစ်ယာဉ်တန်း လမ်းတစ်လျှောက်မိုင်းဆွဲတိုက်ခိုက်ခံရ၍ အထိနာဟုဆို

စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ထွက်ခွာလာသည့် ကားအစီးရေ ၅ဝ ခန့်ပါသော စစ်ယာဉ်တန်း မုံရွာ – မန္တလေးလမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် အထိနာခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းစစ်ကောင်စီယာဉ်တန်းသည် သြဂုတ် ၂ ရက် ညနေပိုင်း မုံရွာမြို့သို့ ရောက်ရှိလာချိန်တွင် စစ်ကားအစီးရေ ၃ဝ ကျော်သာကျန်ရှိတော့ကြောင်း Monywa Fighter Group အဖွဲ့ ခေါင်းဆောင် ဗိုလ်ဇာနည်က မဇ္ဈိမသို့ပြောသည်။
“ မနေ့က ညနေ ၅ နာရီလောက်မှာ မုံရွာမြို့ထဲဝင်လာတော့ ကားတွေက မိုင်းဒဏ်တော်တော်ထိထားတာ၊ သံဇကာပေါက်တွေ ဖြစ်နေတယ်၊ သံပြားတွေ ကာထားတာတွေမှာ တော်တော်ပေါက်နေတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းမြို့ တပ်မ (၃၃) မှ ထွက်လာသည်ဟု ယူဆရသည့် ယင်းစစ်ကောင်စီယာဉ်တန်းမှာ သြဂုတ်လ ၂ ရက်နေ့ တစ်ရက်တည်းတွင် လေးကြိမ်ထက်မနည်း ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခံရ၍ အထိနာခဲ့ခြင်းဟု သိရသည်။
တိုက်ခိုက်ခံရသည့်နေရာများမှာ မြင်းမူမြို့နယ်၊ အလာကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် တစ်ကြိမ်၊ ချောင်းဦးမြို့နှင့် ငါးယုန်ကျေးရွာကြားတွင် တစ်ကြိမ်၊ ချောင်းဦးမြို့တွင် တစ်ကြိမ်၊ ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင် တစ်ကြိမ်ဖြစ်သည်။
အလာကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတိုက်ခိုက်မှုတွင် စကစ တပ်သား ငါးဦးသေဆုံးကာ အများအပြားထိခိုက်ခဲ့သည်ဟု (PAFD) အဖွဲ့၏ အမှုဆောင် ဗိုလ်တေဇကလည်း ပြောသည်။
“စစ်ကိုင်းကနေ မုံရွာအထိအောင်ဆိုတော့ လမ်းကြောကြီးက အရှည်ကြီးပဲ။ အဲ့မှာ ခဲရာခဲဆစ် ရတဲ့ အဖွဲ့က ဆွဲကြတာပဲ။ ဒီကောင်တွေက ကင်းပုန်းကလည်း ချသလားမမေးနဲ့။ အဲ့ဒီကြားထဲက ဆွဲတာပဲ” ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) တပ်ခွဲ DK PDF (MMU) နှင့် People’s knight Defense Force – Myinmu တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
မုံရွာ- မန္တလေးလမ်းတွင် ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီတပ်များကို လမ်းတစ်လျှောက်တွင် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီတပ်များကို အထိနာစေခဲ့သည်။mizzima