မြင်းမူမြို့နယ်တွင် စစ်ကောင်စီက လေ ကြောင်းဖြင့်တိုက်ခိုက်၍ ဝင်စီးနင်း
စစ်ကိုင်းတိုင်း၊ မြင်းမူနှင့် အရာတော်မြို့နယ်အစပ်ရှိ လက်ပန်ကျင်းရွာအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်၍ ဝင်ရောက်စီးနင်းရာ အရပ်သားသေဆုံးမှုနှင့် ဓားစာခံဖမ်းဆီးခံရမှုများ ရှိခဲ့သည်။
ယမန်နေ့ ဩဂုတ်လ ၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က စစ်ရဟတ်ယာဥ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်ကာ နောက်ထပ် သုံးစီးဖြင့် စစ်ကာင်စီတပ်သား အင်အား ၅၀ ဝန်းကျင်အား ကျေးရွာ အနောက်မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်မှ လာချခဲ့ကြောင်း Myinmu Civil Revolution Force-CRF တာဝန်ခံ ကိုလုလင်ထံမှ သိရသည်။
လေကြောင်းမှ ပစ်ခတ်စဥ် ကွမ်းစိုက်နေသည့် အမျိုးသမီးတစ်ဦး ထိမှန်ကာ သေဆုံးခဲ့ရသည်။ ထိုသို့ ရုတ်တရက်လေကြောင်းမှ ဝင်ရောက်စီးနင်းချိန် ဒေသခံရွာသား ၁၃၀ နီးပါးအပြင်၊ စာသင်ကျောင်းရှိ ဆရာမ နှစ်ဦးနှင့် ကလေးငယ် ၆၀ ဝန်းကျင် ရွာအတွင်းပိတ်မိခဲ့သည်။
“ကျွန်တော်တို့အခု အဲ့ရွာထဲကနေ ထွက်လာပြီ၊ စစ်ကြောင်းကတော့ ရွာထဲမှာ မရှိတော့ဘူး၊ ကလေးတွေလည်း ပြန်ပြီးတော့ ခေါ်ခဲ့ပြီဗျ၊ လော လောဆယ် ကလေး နှစ်ယောက် သုံးယောက်တော့ လိုနေသေးတယ်၊ ရှာနေတယ်၊ ဒါမှမဟုတ် တခြားကယ်တဲ့အဖွဲ့နဲ့ပဲ ပါသွားလားတော့ စုံစမ်းနေတယ်ဗျ”ဟု CRF တာဝန်ခံ ကိုလုလင်က ပြောသည်။
စစ်ကောင်စီတပ်သားများ ရွာမှ ပြန်ထွက်ချိန် ဒေသကာကွယ်ရေးတပ်များက ပိတ်မိနေသည့်ပြည်သူများအား သွားရောက်ကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည်၊ လက်ပန်ကျင်းရွာခံ အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး အသတ်ခံထားရကာ ဒဏ်ရာပြင်းထန်သည့် ကျန်အမျိုးသားတစ်ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။
“ရွာသူရွာသားထဲက လူကြီးပိုင်းအမျိုးသားတစ်ယောက် သူတို့(စစ်ကောင်စီတပ်ကားများ) စစ်မေးနေတာကို သူက ချောင်းနားထောင်နေတာ၊ အဲ့မှာ သူတို့က မပြေးနဲ့လို့အော်တာကို သူက ပြေးလိုက်တယ်၊ အဲ့မှာ ပစ်သတ်လိုက်ပြီး သူ့ရဲ့အိမ်ဘေးမှာပဲ မီးရှို့ထားတယ်၊ အခုထိ အလောင်းမကုန်သေးဘူးဗျ၊ အခုအဲဒါသွားပြီး ပြီးအောင်သင်္ဂြိုဟ်ပေးရဦးမယ်၊ ပြီးတော့ ဓားစာခံခေါ်ထားတဲ့ထဲက အမျိုးသားတစ်ယောက် သူတို့အစောပိုင်း စစ်မေးနေတဲ့အခါ လည်ပင်းကို တစ်ခုခုနဲ့ လှီးလိုက်တယ်ထင်တယ်၊ သွေးတွေ တအားများတယ်၊ ဒါပေမယ့် သူတို့စစ်ကြောင်းထွက်တဲ့အချိန် ဓားစာခံထပ်ခေါ်သွားတဲ့ထဲ အဲ့လူမပါဘူး၊ သူလည်းပျောက်နေတယ်၊ ဆုံးသွားတာဖြစ်ဖို့များမယ်”ဟု ကိုလုလင်က အခြေအနေကို ရှင်းပြသည်။
အဆိုပါစစ်ကောင်စီတပ်သားများမှ ယနေ့ ဩဂုတ်လ ၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လည်ထွက်ခွာကာ ရွာခံ အမျိုးသား ၁၆ ဦးကို ဓားစာခံအဖြစ် ဆက်လက်ခေါ်ဆောင်သွားပြီး နေအိမ် နှစ်အိမ်ကိုလည်း ပြာကျသည်အထိ မီးရှို့သွားခဲ့သည်။
လက်ရှိ ယင်းစစ်ကြောင်းမှာ လက်ပန်ကျင်းရွာနှင့် သုံးမိုင်ကျော်ခန့်ကွာဝေးသည့် ဝက်ကျရွာအနီး ရောက်ရှိနေကြောင်း သိရသည်။ mizzima