ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်၏ပစ်ခတ်ဖမ်းဆီးခြင်းခံရသည့် ဒေသခံ ၃ ဦး သေဆုံးလျက်တွေ့ရှိရ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ပုဂေါဇွန်းကျေးရွာတွင် ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖမ်း ဆီးခြင်းခံရသည့် ဒေသခံသုံးဦးကို ဩဂုတ်လ ၂ ရက်က ရာဘာခြံတစ်ခြံတွင် သေဆုံးလျှက်ပြန်လည်တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါဒေသခံသုံးဦးအနက် အသက် (၆၀) နှစ်ကျော် အရွယ် ဦးစောရှီဆိုသူမှာ NLD ပါတီကို ထောက်ခံသူ ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ဒေသခံ ရွာသားနှစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ပုဂေါဇွန်းရွာခံတစ်ဦးက“စစ်တပ်က ဖမ်းဆီးပြီး ပျောက်ဆုံးနေတဲ့ လူတွေကို ရွာသားတွေ လိုက်ရှာတာ ရာဘာခြံ တစ်ခုမှာ အလောင်းတွေကို ပြန် တွေ့ရတယ်”ဟု ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးသတ်ဖြတ်ခံရသည့် ဒေသခံရွာသားသုံးဦးအနက် ဦးစောရှီမှာ သေနတ် ဖြင့်ပစ်ခံထားရပြီး ကျန်ဦးထိန်ဝင်းနှင့် ဦးဇော်တို့၏အလောင်းနှစ်လောင်းလည်း ရင်ဘတ်၌ဓားဒဏ်ရာ အပြည့်အပြင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ၊ သေနတ်ဒဏ်ရာများဖြင့် ကျေးရွာဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ရာဘာခြံထဲတွင် လက်ပြန်ကြိုးတုပ်လျက်တွေ့ရှိခဲ့ကြောင်းရွာသားများက ဆိုသည်။
ရေဖြူမြို့နယ် သဗြေဇွန်းရွာဘက်မှ ပုဂေါဇွန်းရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်လာ နေသည့်အတွက် ပုဂေါဇွန်းရွာထဲမှ ပြည် သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။mizzima