ရွှေဘိုတွင် စစ်ကောင်စီတပ်နှင့် ပျူ‌စောထီးအဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်အရှေ့ခြမ်း ဧရာဝတီမြစ်ဘေးရှိ မခေါက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၅၀ လောက်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ ဦးသေဆုံးပြီး ၇ ဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ နတ်တောင်နဂါး (ပကဖ) က သြဂုတ် ၂ ရက်ညမှာ ထုတ်ပြန်ပါတယ်။

သြဂုတ် ၁ ရက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မခေါက်ရွာမှ တောင်ဘက် ဟင်္သာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာချိန် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြိုတင်ပြင်ဆင်ထားတဲ့ မိုင်းကွင်းထဲအရောက် မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နတ်တောင်နဂါး (ပ က ဖ) သတင်းပြန်ကြားရေးတာဝန်ခံက “ပြောက်ကျားစနစ်နဲ့ပဲ မိုင်းခွဲပြီးပဲ တိုက်ခဲ့တာပါ။ ထိပ်တိုက်ရင်ဆိုင်တိုက်ဖို့ရာ ကျနော်တို့မှာ လက်နက်က မရှိသေးဘူးလေ။ အဝေးထိန်းစနစ်နဲ့ ရှေ့ထွက်မိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့ ရမ်းသန်းပစ်ခတ်ကာ မခေါက်ရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၄ ယောက် ကျဆုံးပြီး ၇ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ကြောင်း နီးစပ်သူတွေဆီက သတင်းပေးပို့မှုနဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ နတ်တောင်နဂါး (ပ က ဖ) က ထုတ်ပြန်ထားပါတယ်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို နတ်တောင်နဂါးတပ်ဖွဲ့နဲ့ နတ်တောင်နဂါး တပ်ခွဲ (၂) ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မခေါက်ရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ နတ်တောင်နဂါး (ပ က ဖ) တပ်ရင်းနယ်မြေကို လက်နက်ကြီး လက်နက်ငယ်တွေ အဆမတန်အသုံးပြုပြီး မကြာခဏ ဝင်ရောက်နေတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s