လမိုင်းမြို့ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေ ဆုံးသည့် ပရဟိတလူငယ်ကို မီးသင်္ဂြိုဟ်

မွန်ပြည်နယ် ၊ရေးမြို့နယ် ၊လမိုင်းမြို့တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ပရဟိတလူငယ်ကို ယမန်နေ့ ဩဂုတ်လ ၁ရက်နေ့တွင် လမိုင်းမြို့သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း လမိုင်းပရဟိတလူငယ်များအဖွဲ့ထံက သိရသည်။
ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၁နာရီဝန်းကျင်အချိန်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လမိုင်းပရဟိတလူငယ်များအဖွဲ့ဝင် တစ်ဦးမှာသေဆုံးခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်ခံရသူမှာ အသက်၂၁နှစ်အရွယ် ကိုလင်းအောင်ဆိုသူဖြစ်ပြီး အခင်းဖြစ်သည့်ညတွင် လမိုင်းပရဟိတလူငယ်များအသင်းရုံး၌ ဂီတာတီးပြီး နောက် ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
“အသင်းရုံးမှာ ကျနော်တို့တွေ လူစုခွဲပြီးပြန်ကြတော့မယ် ။ ကျနော်ကလည်း အသင်းရုံးကနေ ကျနော့်ဆိုင်ကိုပြန်တယ် ။ သူ(မောင်လင်းအောင် ) ကလည်း သူအိမ်ကိုပြန်တော့မယ်ဆိုတဲ့သဘောနဲ့ပြန်သွားတာ သူ့အိမ်က ဟိုဘက်ရပ်ကွက်မှာရှိတယ်ဆိုတော့ ပြန်သွားတယ် ။ ကျနော်တို့က ဆိုင်ရှေ့မှာစကားပြောနေတုန်းမှာ သေနတ်သံကို ကျနော်ကြားလိုက်တယ် ။ တအောင့်နေတဲ့အချိန်မှာ ရဲစခန်းကနေပြီးတော့ ကျနော့်ကို ဖုန်းဆက်တယ် လူတယောက်က ရဲစခန်းနားကို ချဉ်းကပ်လာလို့ သူတို့ကနေပြီတော့ အော်မေးတဲ့အခါကျတော့ ဟိုလူကပြေးမလိုလုပ်တဲ့အချိန်မှာ သူကသေနတ်နဲ့ပစ်လိုက်တယ်ပေါ့ဗျာ ။ အဲ့မှာဆုံးသွားတယ်တဲ့ ။ အလောင်းလေး လာသယ်ပေးပါလားဆိုတော့ ကျနော်တို့က အလောင်းသွားသယ်တယ် အလောင်းသွားသယ်တဲ့အခါမှာ ကြည့်လိုက်တဲ့အချိန်မှာ ခုနက ၄၅မိနစ် တစ်နာရီတောင် ကောင်းကောင်းမပြည့်တဲ့ ကျနော်နဲ့ လမ်း ခွဲပြီးပြန်သွားတဲ့ညီလေးဖြစ်နေတယ် ”ဟု လမိုင်းပရဟိတလူငယ်များအဖွဲ့အတွင်းရေးမှူး ကိုနေဝန်းက ပြောသည်။
၎င်း၏ရုပ်အလောင်းကို ရဲစခန်းဘေးတွင် တွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာနှင့် လွဲချော်နေကြောင်း လမိုင်းပရဟိတလူငယ်များအဖွဲ့ဝင်က ပြောသည်။
“အခင်းဖြစ်တဲ့နေရာက နောင်တော်ကြီးစေတီဘေးမှာဖြစ်တာ သူ့ဆိုင်ကယ်၊ဘီးကောက်၊လက်ကောက်နဲ့ ဖိနပ် ကိုအဲ့နေရာမှာတွေ့တယ် ။ ရဲစ ခန်းနဲ့က ခြောက်ဖာလုံ (တစ်မိုင်ဝန်းကျင်)လောက်ဝေးတယ်။ အခုအလောင်းတွေ့တဲ့နေရာက ရွှေ့ထားခံရတာ”ဟု လမိုင်းပရဟိတလူငယ်များအဖွဲ့ အတွင်းရေးမှူး ကိုနေဝန်းက ပြောသည်။
ပစ်ခတ်ခံရ၍သေဆုံးသွားသူ မောင်လင်းအောင်သည် ကျောကုန်းနှင့် လည်ပင်းတွင် ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ် သည်။
မောင်လင်းအောင်သည် ဆိုင်ကယ်ဖြင့် နောင်တော်ကြီးစေတီအနီးသို့ ရောက်ရှိလာစဉ် အဖြူရောင်ဟွန်ဒါဖစ် ကားအမျိုးအစားပေါ်မှ သေနတ်ဖြင့်ပစ်ခတ်လိုက်ကြောင်း ၊ပစ်ခတ်မှုကြောင့် ဆိုင်ကယ်မှောက်သွားကာ ကားပေါ်မှ လူနှစ်ဦးဆင်းလာ၍ ရုပ်အလောင်းကို သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူထံက သိရသည်။
ဆိုင်ကယ်ကို အဆိုပါလူနှစ်ဦးမှ ယူဆောင်ရန်ကြိုစားခဲ့သော်လည်း ရွှေ့ယူ၍မရသည့်အတွက် ထားခဲ့ကြောင်း သိရသည်။
ပစ်ခတ်သွားသည့် ကားသည် ရဲစခန်းမှကားဖြစ်သည်ဟု ကိုနေဝန်းက စုံစမ်းသိရှိထားကြောင်း မဇ္ဈိမကို ပြောသည်။
“ဘာတာဝန်ခံမှု တာဝန်ယူမှုမှမရှိဘူး ။ အသင်းရုံးကိုလည်း ဘာမှမပြောဘူး ။ သူ့မိသားစုကိုလည်းဘာမှမပြောဘူး ။ သူတို့မှာ လက်နက်ရှိတိုင်း လက်နက်မရှိတဲ့သူကို အဲ့လိုမသတ်ဖြတ်ပါနဲ့ အနိုင်မကျင့်ပါနဲ့လို့ ကျနော် ပြောချင်တယ်”ဟု လမိုင်းပရဟိတလူငယ်များအဖွဲ့အတွင်းရေးမှူး ကိုနေဝန်းက ပြောသည်။
မောင်လင်းအောင်သည် မွေးချင်းနှစ်ယောက်ရှိပြီး အကြီးဆုံးသားဖြစ်ကာ အိမ်ထောင်မရှိသူဖြစ်သည်ဟုလည်း သိရသည်။ mizzima