KNLA တပ်ဖွဲ့ လာရောက်ပစ်ခတ်ပါက ကျေး ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ဝင်းတာပန်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီစခန်းမှူး မျိုးကျော်မြင့် ခြိမ်းခြောက်

ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာ၌ ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KN LA နှင့် လက်အောက်ခံတပ်များက လာရောက်ပစ်ခတ်ပါက ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မည်ဟု စစ်ကောင်စီစခန်းမှူး တပ်ခွဲမှူး မျိုးကျော်မြင့်က ခြိမ်းခြောက်ပြောဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁ ရက်နေ့တွင် ဝင်းတာပန် (တာပေါ) ကျေးရွာရှိ ရပ်မိရပ်ခများကို စခန်းမှူးအဖြစ်တာဝန်ယူထားသည် စကခ ၈ လက်အောက်ခံ ခမရ ၄၁၀ မှ တပ်ခွဲမှူး မျိုးကျော်မြင့်က အစည်းအဝေးခေါ်ယူပြီး ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဇူလိုင်လ ၃၁ ရက် ည ၇ နာရီဝန်းကျင်တွင် အဆိုပါစခန်းကို KNLA တပ်ဖွဲ့များက သွားရောက်ပစ်ခတ်ပြီးနောက် တပ်ခွဲမှူး မျိုးကျော်မြင့်က ရွာသားများကို ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။
KNU အုပ်ချုပ်နယ်မြေ ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းတာပန်နှင့် လေးကေကျေးရွာများတွင် စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ BGF တပ်ဖွဲ့များကို အမြန်ဆုံးထွက်ခွာရန် KNLA နှင့် KNDO တို့က မတ်လ ကတည်းက သတိပေးထားပြီး ဆုတ်ခွာခြင်း မရှိသောကြောင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။ khit thit