Monthly Archives: Aug 2022

အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက် ရွာသစ် ၄ လမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပိန္နဲကုန်းရပ်ကွက် ရွာသစ် ၄ လမ်းမှာ နေထိုင်တဲ့ ယောက္ခမနေအိမ်ကို ဆိုင်ကယ်နဲ့ သွားနေရင်း အမည်မသိသူတွေက အနောက်ကနေ သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူ့ ယောက္ခမအိမ်လာတဲ့အချိန် သေနတ်တွေနဲ့ဝိုင်းပစ်တာ အသံကိုဆူညံနေတာပဲ၊ ဘယ်သူမှ ထွက်မကြည့်ရဲဘူး၊ နောက်တော့ စစ်တပ်က လူ နာတင်ယာဥ်နဲ့လာခေါ်သွားတာတွေ့တယ်။”

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်အောင်ဟာ ကျည် ထိမှန်ဒဏ်ရာလေးချက်နဲ့ သေဆုံးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်လာပစ်တာ။ သေနတ်နဲ့ ခုနှစ်ချက်ပစ်တာ လေးချက်ထိတယ်၊ ချက်ချင်းမသေဘူး၊ အင်းစိန်ဆေးရုံပို့ဖို့လုပ်ရင်း ဆုံးသွားတာ။” 

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ အင်းစိန်မြို့နယ်က မီးပွိုင့်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းကလည်း အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်က နေအိမ်တအိမ်မှာ ၄၀ မမ ဗုံးပစ်လောင်ချာတလက်၊ ပစ္စတိုတလက်၊ လက်ပစ် ဗုံးသုံးလုံး၊ PVC ပိုက်နဲ့ လုပ်ထားတဲ့ လက်လုပ်ဗုံးလေးလုံးအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ အမျိုးသမီးတဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအ သိုက်အဝန်းက သိရပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ သြဂုတ် ၁ ရက်မှ ၃ ရက်နေ့အတွင်း ပစ်ခတ်မှုငါးကြိမ်ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှုးအပါအဝင် လေးဦး သေဆုံးပြီး ရာအိမ်မှူးတဦး နဲ့ ဆယ်အိမ်မှူးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

အရာတော်နှင့် မြင်းမူ အစပ်တွင် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး၊ တန့်ဆည်တွင် စစ်တပ်ကို PDF များဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ် အစပ်ရှိ ခွက်ခွင်းကျေးရွာ အနီး သြဂုတ်လ ၄ ရက်နေ့က စစ်ကြောင်း ထိုးလာသည့် အင် အား ၆၄ ဦးပါ စစ်ကောင်စီ‌ စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကြောင်း မြင်းခြံ Zero ပြောက်ကြားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ပေါင်းစုက ရင်ဆိုင်တိုက်ခိုက်နေချိန်တွင် ကာကွယ် ရေး တပ်ဖွဲ့ဝင် ၇ ဦးက ပျောက်ကြားစနစ်ဖြင့် အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ခွက်ခွင်းရွာ၊ ကံပြားရွာ၊ ရသာရွာ၊ မင်ရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို ကျွန်တော်တို့ တောကျီးကန်း ၇ ကောင်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ ထိပ်တိုက် တိုက်ပွဲကတော့ ပြင်းထန်တယ်။ ပြောက်ကျား တိုက်ခဲ့တာဆိုတော့ ကျွန်တော်တို့ဘက်က အကျဆုံးမရှိခဲ့ဘူး။ ကျွန်တော်တို့ တောကျီးကန်း ၇ ကောင် အခုလိုတိုက်နိုင်အောင် နယ်မြေခံ ‌ပြည်သူကာကွယ်ရေးအဖွဲ့တွေက ကူညီပံ့ဖိုးတာတွေလည်းရှိခဲ့တယ်။ အဲဒါကြောင့် စစ်ခွေးတွေ များများသတ်နိုင် ခဲ့တာဖြစ်တယ်” ဟု မြင်းခြံ Zero ပြောက်ကျား တပ်ဖွဲ့၏ ခေါင်းဆောင် ကိုသက်ကြီးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဗျက်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို သြဂုတ်လ ၄ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဗျက်ကြီးရွာအပြင်တွင် စစ်ကောင်စီတပ် ကင်းပုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်ရာမှ တိုက်ပွဲစတင်ဖြစ်ပွားပြီး ကျွန်းလည်ရွာဘက်မှ ပျူစောထီးများ စစ်ကူ လာရောက်ခဲ့သဖြင့် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲမှာ အထိနာတော့ စခတွေ၊ ပျူတွေ သူတို့ တပ်စွဲတဲ့ ကျွန်းလည်ရွာဘက် ထွက်ပြေးသွားတယ်။ အလောင်းတွေကိုလည်း လှည်း၂စီးနဲ့ သယ်သွားတယ်။ အ‌လောင်း ၁၀ လောင်းထက် မနည်းဘူး”ဟု နယ်မြေခံ သတင်းရင်းမြစ် တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော စခန်းကို တန့်ဆည် PDF တပ်ရင်း (၆)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ KPK၊ TSR၊ Taze Tiger၊ PRLF၊ PLA၊ ပကဖနှင့် ပလဖအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိခဲ့သည့် ၅.၅၆ ကျည် ၁၀၀ တောင့်နှင့် အီနာဂါဗုံးသီး ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

ဗျက်ကြီးရွာမှ ဒေသခံ ပြည်သူများသည် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာအတွင်းသို့ ထပ်မံ ဝင်ရောက် တပ်စွဲလာမည်ကို စိုးရိမ်သောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။khit thit

တေးသံရှင်အီတိုးအား အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်ကောင်စီမှဖမ်းဆီးထားသည့် တေးသံရှင်အီတိုးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ယနေ့ သြဂုတ် လ ၄ ရက်နေ့တွင် အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

“အီတိုးက သုံးနှစ်ပါ။ ပြန်လွှတ်ပြီးမှ ပြန်ဖမ်းပြီးတော့ အခုလိုအမိန့်ချလိုက်တာပါ။ ထပ်ဖမ်းခံရတော့ အမှုရင်ဆိုင်ချိန် ၁၀ လကြာပါတယ်။ အခုမှ အမိန့်ချတာပါ” ဟု တေးသံရှင်အီတိုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တေးသံရှင်အီတိုးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလက မရမ်းကုန်းမြို့နယ်၊ ၈ မိုင်ရှိ ခြံဝန်းတစ်ခုတွင် စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အီတိုးအပါအဝင် လူငယ်အချို့လည်း ဖမ်းဆီးခံခဲ့ရသည်။

အောက်တိုဘာလတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော်လည်း နောက်တစ်ရက်တွင် အီတိုးရှိရာနေ အိမ်ကိုလာရောက်၍ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုကာ ယနေ့တွင် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ mizzima

ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်သားအချင်းချင်းရန်ဖြစ်ရာ စစ်သားသေဆုံး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မြို့ပေါ် (၁၂)ရပ်ကွက်ရှိ ရေကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသောစစ်ကောင်စီတပ်သားအ ချင်းချင်း သြဂုတ်လ၁ရက်နေ့တွင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ထိုနေ့၌ ခရမ်းမြို့နယ်ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲတပ်သားတို့ရန်ဖြစ်ခဲ့ပြီး နှစ်ဦးစလုံး ခရမ်းဆေးရုံတွင် တင်ထားရကြောင်း သိရသည်။

“နှစ်ခုလုံးက ၁ ရက်နေ့ကဖြစ်သွားတာပါ၊ အဲ့ဖြစ်တဲ့ညကပဲဗျ ခရမ်းဆေးရုံကို တင်ထားရတယ်၊ ရေကျော်ကျောင်းမှာ ရန်ဖြစ်တော့ ပစ်တဲ့စစ် သားကို ဖမ်းထားတယ်လို့ ကြားတယ်ဗျ”ဟု ဒေသခံတစ်ယောက်က ပြောသည်။

ပစ်ခတ်ခဲ့သောစစ်သားအား ဖမ်းဆီးထားကြောင်း သိရပြီး၊ သေဆုံးစစ်သားအား အခြားတစ်မြို့တွင်မီးသဂြိုဟ်ရန် သယ်ဆောင်သွားပြီး မည်သည့်မြို့သို့ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

သြဂုတ်လ ၁ ရက်နေ့တွင်လည်း ရန်ကုန်တိုင်း ခရမ်းမြို့နယ် သစ်တောစစ်ဆေးရေးဂိတ်အား ကာကွယ်ရေးတပ်ဖွဲ့မှ ၄၀ မမဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီမှ နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သေးသည်။ mizzima

ရှောင်တာနယ်အမှုက စွပ်စွဲခံရသူများကို နောက်ရုံးချိန်းတွင် စတင်စစ်ဆေးမည်

သြစတြေးလျနိုင်ငံသား ရှောင်တာနယ်အမှုကို သြဂုတ် ၄ ရက်နေ့က နေပြည်တော် အချုပ်ထောင်အတွင်း သီးသန့်အထူးတရားရုံးမှာ ဆက် လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေတဦးကို ဆက်လက်စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းကစလို့ အမှုနဲ့ပတ်သက်တဲ့ စွပ်စွဲခံရသူတွေကို စတင်စစ်ဆေးသွားမယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာပါ။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားကာ အဆိုပါပုဂ္ဂိုလ်လေးဦးကို အားပေးကူညီမှုနဲ့ စွဲချက်တင်အမိန့်ချပြီး ပြန်ခေါ်သက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

နောက်ရုံးချိန်းကစပြီး စွပ်စွဲခံသူတွေဖြစ်တဲ့ ရှောင်တာနယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန် ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နဲ့ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို ရုံးချိန်းတပတ်ကို တယောက်စီ စစ် ဆေးသွားမှာဖြစ်တယ်လို့ အဆိုပါ တရားရုံးနဲ့နီးစပ်သူက ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ အချုပ်ထောင်ဆရာဝန်နဲ့ ပြသနေရတယ်လို့ သတင်းတွေထွက်နေပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိပေမဲ့ ရုံးထုတ်မှာမြင်တွေ့ရတဲ့ အခြေအနေအရ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။ DVB

ကျန်းမာရေးဝန်ဆောင်မှုနှင့် လူ့စွမ်းအားအရင်းမြစ်ဆိုင်ရာများတွင် NUG အစိုးရနှင့် သဘော တူညီမှုရခဲ့ဟု ICNCC ဆို

ချင်းပြည်နယ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာကဏ္ဍများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းများ သဘောတူခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှ ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်များနှင့်အညီ ချင်းပြည်နယ်အတွင်း ဖက်ဒရယ်ကျန်းမာရေး စနစ်ဖော်ဆောင်နိုင်ရေးအတွက် တော်လှန်ရေးကာလအတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်မည့်လုပ် ငန်းများ ဆွေးနွေးညှိနှိုင်း သဘောတူခဲ့ကြောင်း ဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့ကကျင်းပခဲ့သောအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ၊ ဒုတိယဝန် ကြီး ဒေါက်တာဒေါ်ရွှေပုံ၊ ကျန်းမာရေးဝန်ကြီးဌာနအတွင်းဝန်နှင့် အရာရှိ ကြီးများနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ အ လှည့်ကျသဘာပတိအဖွဲ့ဝင်များ၊ သဘာ ပတိအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ချင်းပြည်နယ် မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာ ရေး ကော်မတီများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးမဝကျေးရွာတွင်ကျောင်းတက်ပြီး ကုလားတန် မြစ်အတိုင်းပြန်လာသော ကျောင်း သူကျောင်းသားများစီးနင်းလိုက်ပါလာသည့် စက်လှေအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ပစ်ခတ်မှုကြောင့် ၁၁ နှစ်အရွယ်ကျောင်းသား နှစ်ဦးသေဆုံးပြီး အခြားကျောင်းသားနှစ်ဉီး နှင့် ပညာရေးဝန်ထမ်းတစ်ဉီး စုစုပေါင်းသုံးဉီး ပြင်းထန်စွာဒဏ်ရရှိသွားကြောင်း ICNCC မှ ထုတ်ပြန်ထား သည်။

ကျောင်းသားငယ်နှစ်ဉီးအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ထုတ်ချိန်တွင် တရားမျှတ မှုရရှိနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ အား ဖယ်ရှားနိုင်မှသာ လုံခြုံငြိမ်းချမ်းမည်ဖြစ်သဖြင့် ကျရာနေရာမှ ဆက်လက်ပါဝင် ဆောင်ရွက်ကြပါရန် ချင်းပြည်သူတစ်ရပ်လုံးအား အလေးအနက်တိုက်တွန်းပန်ကြားကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှ ထုတ်ပြန်ထားသည်။ mizzima

စစ်ကောင်စီတပ် အင်အားအများအပြားတိုးလာသဖြင့် ဗန်းမောက်-အင်းတော်လမ်းတွင် စစ်ရေး တင်းမာနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အဝင်မှ သြဂုတ် ၃ ရက် ညနေက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗန်းမော်-အင်းတော်ကားလမ်းတကြော စစ်ကောင်စီက စစ်အင်အားအများအပြား တိုးထားပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“မနေ့က ဗန်းမောက်ကနေ အင်းတော်အဝင်တံတားမှာ တိုက်ပွဲဖြစ်ကြတယ်။ ရွာသူရွာသားတွေလည်း အကုန်ထွက်ပြေးကြရတယ်။ ညနေပိုင်းလောက် ပြန်ပြီးသွားတယ်။ ညနေပိုင်း လေးနာရီ၊ ငါးနာရီလောက်မှာ။”

ဗန်းမောက်-အင်းတော် ကားလမ်းတကြော စစ်ကောင်စီက အင်အားအများအပြားနဲ့ ရှိနေတာကြောင့် လမ်းတလျှောက်က ကျေးရွာနေပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ လက်ရှိအချိန် ဗန်းမော်-အင်းတော်ကားလမ်းကိုတော့ ပိတ်ထားတယ်လို့ သိရပါတယ်။

ဗန်းမော်ကားလမ်းတကြောမှာ စစ်ကောင်စီက လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကနေ စစ်အင်အားအများအပြား တိုးထားတယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းကပေါ့၊ ရှီးမော်တိုက်ပွဲပြီးကတည်းကနေ အဲဘက်မှာ စကစတွေ အင်အားတိုးထားတယ်။ လေးရာ၊ ငါးရာလောက်ရှိတယ်။ ဟုမ္မလင်းဘက်မှာပါ တိုက်ပွဲဖြစ်လာတော့ ဗန်းမောက်လမ်းကို ပိတ်ချင်လို့လားတော့ မသိဘူး၊ ဗန်းမောက်ဘက်မှာ အင်အားတွေစုပုံပြီးတော့ ရောက်နေတယ်။”

စစ်ကောင်စီစစ်ကြောင်းဟာ အင်းအားအများအပြားနဲ့ တောင်ကြောတွေမှာ နေရာယူထားတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အင်းတော်မြို့နယ်နဲ့ ဗန်းမော်မြို့နယ်တွေမှာရှိတဲ့ ရှမ်းနီတပ်မတော်ဟာ စစ်ကောင်စီနဲ့အတူ စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေပြီး နယ်မြေကျွမ်းကျင်တာကြောင့် ရှေ့ပြေးအနေနဲ့ လှုပ်ရှားပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဒေသခံ ပြည်သူတွေကနေတဆင့် သိရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အင်းတော်နဲ့ ဗန်းမောက်မြို့နယ်ထဲက KIA၊ ABSDF တပ်ဖွဲ့တွေရော စစ်ရေးလှုပ်ရှားတာရှိတယ်လို့ သိရပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအတွက် လက်နက်နဲ့ ခဲယမ်းမီးကျောက် အကူအညီတွေ လိုအပ်နေပြီး လက်လုပ်သေနတ်တွေနဲ့ တိုက်ပွဲဝင်နေကြရတယ်လို့ ဆိုပါတယ်။

သြဂုတ် ၁ ရက်နေ့မှာလည်း အင်းတော်ကနေ ဗန်းမော်သွားတဲ့ လမ်းပေါ်က အောင်းကုန်းရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ၂ ရက်နေ့မှာလည်း မော်တိတ်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ DVB

ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်း၂ ကြိမ်မိုင်းဆွဲခံရ ၊ စစ်ကောင်စီတပ်မှ အများအပြား သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြင်းမူသို့သွားသောယာဥ် နှစ်စီးနှင့် မြင်းမူမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ သွားသော စစ်ကောင်စီယာဉ်တန်းအား သြဂုတ်လ၂ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ချောင်းဦးမှ မြင်းမူသို့သွားသောယာဉ် နှစ်စီးအား မနက်ပိုင်းအချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းအချိန်တွင် မြင်းမူမြို့မှ နမခသို့ဦးတည်ထွက်လာသော ယာဉ် ၃၈စီးပါ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ယာဥ်တန်း လမ်းကြောင်းရှိလို့နဲ့တူတယ် ။ မနက်ကနှစ်စီးက ယာဥ်တန်းကိုသွားကြိုတာနဲ့တူတယ် ။ လမ်းတွေမှာ ကင်းပုန်းတွေလည်း ချထားတယ် ။ ဒီကောင်တွေ ကားတွေမှာ ဂျန်ပါ(မိုင်းဆွဲမရအောင်ကာကွယ်ထားသည့် နည်းပညာအသုံးပြုထားသည့် ပစ္စည်း)တွေပါတယ်။ ဂျန်ပါကျော်ပြီးမိုင်းဆွဲလိုက်တာ၊ ပထမအကြိမ်နှစ်စီးမှာက လူများတယ် ၇၀ လောက်ပါတယ် ။ အားပြင်းတဲ့မိုင်းခြောက်လုံးဆွဲခဲ့တယ်။ ဒုတိယအကြိမ်မှာ ပထမဆုံးကားတစ်စီးကို မိုင်း၁၀လုံးထပ်ဆွဲခဲ့တယ် ။ ကားကတော့ စုတ်ပြက်သွားပြီး နမခ ထိကို ကြိုးတွေနဲ့ဆွဲသွားရတယ်”ဟု Farmer Revolution Force တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်တွင် စစ်ကောင်စီမှ ရာထူးကြီးနေရာတွင် တာဝန်ထမ်းဆောင်သူအပါအဝင် ၂၄ ဦးသေဆုံးကာ ဒဏ်ရာ ရရှိသူအများအပြားရှိသည်ဟု သိရသည်။

သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့မှ ရာထူးကြီးသူတစ်ဦးနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြု ၍ မရသေးပေ။

ယင်းလုပ်ဆောင်မှုကို Farmer Revolution Force တပ်ရင်းနှင့် MRA စစ်ကိုင်းတိုင်း ခရိုင်တပ်ရင်း(၅) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ mizzima

ရွှေဘိုပေါ်ဆန်းတအိတ် တလခွဲအတွင်း ကျပ်နှစ်သောင်းအထိ ဈေးတက်

ရန်ကုန်မှာ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၈ သောင်းခွဲနဲ့ ၉ သောင်းကြားလောက်အထိ ဈေးပေါက်နေပြီးတော့ တလခွဲကျော်အတွင်းမှာ ကျပ် ၂ သောင်းလောက်အထိ မြင့်တက်လာခဲ့တယ်လို့ ဆန်ရောင်းဝယ်နေသူတွေက ပြောပါတယ်။

ဇွန်နောက်ဆုံးပတ်ကနေ သြဂုတ် ပထမအပတ်အတွင်း ရွှေဘိုပေါ်ဆန်းတအိတ်ကို ပျမ်းမျှ ကျပ် ၂ သောင်းလောက် တက်လာတာဖြစ်ပြီး အဲ့ဒီဈေးတက်လာတာဟာ ဆန်လက်ကျန်နည်းပါးတာနဲ့ အထွက်နှုန်းမရှိလို့ ဈေးတက်နေတာမျိုးမဟုတ်ဘဲ တပတ်အတွင်းမှာပဲ ကျပ် ၅ ထောင်လောက် ဈေးခုန်တက်သွားတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

လက်ရှိဈေးကွက်ထဲမှာ ရောင်းဝယ်နေတဲ့ ဆန်ဈေးနှုန်းတွေက တည်ငြိမ်မှုမရှိဘဲ နေ့စဥ်နဲ့အမျှ ဈေးနှုန်းပြောင်းလဲမှုတွေ ရှိနေပေမဲ့ ဆန်ရောင်း ဝယ်ရေးလုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေနိုင်တဲ့ အနေအထားတော့ ရှိနေဆဲဖြစ်ပြီး ဈေးနှုန်းအတက်ကြမ်းနေတာကတော့ ရွှေဘိုပေါ်ဆန်းဖြစ်ကာ လက်ရှိပေါက်ဈေးအရဆိုရင် တအိတ်ကို ကျပ် ၉ သောင်းလောက်ရမှ ရောင်းနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ ဆန်ကို လက်လီရောင်းချနေတဲ့ဆိုင်တွေက ဆိုပါတယ်။

ဒီလို ဆန်ဈေးနှုန်းတွေ တက်နေတာကြောင့် ရန်ကုန်မှာရှိတဲ့ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) နဲ့ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တို့ပူးပေါင်းပြီး အိမ်ထောင်စုတစုကို ရွှေဘိုပေါ်ဆန်းတအိတ် ကျပ် ၇ သောင်းခွဲကနေ ကျပ် ၇ သောင်း ၇ ထောင်နဲ့ နေ့စဥ်ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

အဲ့ဒီ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်မှာ ရွှေဘိုပေါ်ဆန်းအပြင် ဧရာဝတီပေါ်ဆန်း၊ ကြားပျံ၊ ရက် ၉၀ တို့ကိုလည်း ရောင်းချပေးနေပြီး ပြင်ပဆိုင်တွေမှာ နာမည်ကြီးပြီးသားတံဆိပ်တွေနဲ့ အရည်အသွေးတူတဲ့ ဆန်အမျိုးအစားတွေကို ရောင်းချနေတာလို့လည်း သိရပါတယ်။

ဒီလို ဈေးလျှော့ရောင်းချပေးပေမဲ့ ဝါးတန်းကုန်စည်ဒိုင်အနီးမှာ နေထိုင်သူတွေလောက်ပဲ ဝယ်ယူဖို့အဆင်ပြေပေမဲ့ တခြားမြို့နယ်တွေကနေ လာရောက်ဝယ်ယူမယ်ဆိုရင် သယ်ယူပို့ဆောင်စရိတ်တွေ ထပ်ပေါင်းရင် လက်ရှိပေါက်ဈေးဖြစ်နေတဲ့ ဈေးနှုန်းတန်းတူလောက် ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆန်စပါးကုန်စည်ဒိုင်တွေ ရောင်းချနေတဲ့ဆန်တွေဟာ သိုလှောင်ထားပြီးတဲ့ ဆန်တွေကို ပြန်ထုတ်ရောင်းတာဖြစ်ပြီး ပြင်ပပုဂ္ဂလိကဆိုင်တွေမှာ ရောင်းနေတဲ့ ဆန်တွေရဲ့ အရည်အသွေးကို မမီဘူးလို့လည်း သိရပါတယ်။ DVB

« Older Entries