ကျန်းမာရေးဝန်ဆောင်မှုနှင့် လူ့စွမ်းအားအရင်းမြစ်ဆိုင်ရာများတွင် NUG အစိုးရနှင့် သဘော တူညီမှုရခဲ့ဟု ICNCC ဆို

ချင်းပြည်နယ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာကဏ္ဍများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းများ သဘောတူခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှ ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်များနှင့်အညီ ချင်းပြည်နယ်အတွင်း ဖက်ဒရယ်ကျန်းမာရေး စနစ်ဖော်ဆောင်နိုင်ရေးအတွက် တော်လှန်ရေးကာလအတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်မည့်လုပ် ငန်းများ ဆွေးနွေးညှိနှိုင်း သဘောတူခဲ့ကြောင်း ဆိုသည်။
ဇူလိုင်လ ၃၀ ရက်နေ့ကကျင်းပခဲ့သောအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ၊ ဒုတိယဝန် ကြီး ဒေါက်တာဒေါ်ရွှေပုံ၊ ကျန်းမာရေးဝန်ကြီးဌာနအတွင်းဝန်နှင့် အရာရှိ ကြီးများနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ အ လှည့်ကျသဘာပတိအဖွဲ့ဝင်များ၊ သဘာ ပတိအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ချင်းပြည်နယ် မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာ ရေး ကော်မတီများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးမဝကျေးရွာတွင်ကျောင်းတက်ပြီး ကုလားတန် မြစ်အတိုင်းပြန်လာသော ကျောင်း သူကျောင်းသားများစီးနင်းလိုက်ပါလာသည့် စက်လှေအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ပစ်ခတ်မှုကြောင့် ၁၁ နှစ်အရွယ်ကျောင်းသား နှစ်ဦးသေဆုံးပြီး အခြားကျောင်းသားနှစ်ဉီး နှင့် ပညာရေးဝန်ထမ်းတစ်ဉီး စုစုပေါင်းသုံးဉီး ပြင်းထန်စွာဒဏ်ရရှိသွားကြောင်း ICNCC မှ ထုတ်ပြန်ထား သည်။
ကျောင်းသားငယ်နှစ်ဉီးအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ထုတ်ချိန်တွင် တရားမျှတ မှုရရှိနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ အား ဖယ်ရှားနိုင်မှသာ လုံခြုံငြိမ်းချမ်းမည်ဖြစ်သဖြင့် ကျရာနေရာမှ ဆက်လက်ပါဝင် ဆောင်ရွက်ကြပါရန် ချင်းပြည်သူတစ်ရပ်လုံးအား အလေးအနက်တိုက်တွန်းပန်ကြားကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှ ထုတ်ပြန်ထားသည်။ mizzima