တောင်ကုတ်မှ ရဲတပ်ကြပ်တစ်ဦးပျောက်ဆုံး၊ AA ထံ ရောက်နေဟု သတင်းထွက်

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်မှ ရဲတပ်ကြပ်တစ်ဦး ပျောက်နေပြီး ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသတွင်း သတင်းများထွက်ပေါ်နေကြောင်း မိသားစုနှင့် ဒေသခံတို့က ပြောသည်။

မအီမြို့မရဲစခန်းမှ အသက် ၄၈ နှစ်ရွယ် ရဲတပ်ကြပ်ထွန်းကျော်မောင် ယမန်နေ့ (သြဂုတ် ၁) တွင် ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း မိသားစုဝင် တစ်ဦးက ဆိုသည်။

“ဖမ်းဆီးခံရတာလား၊ ဘယ်လိုဖြစ်တာလဲဆိုတာကို ကျွန်တော်တို့လည်း တစ်ခုမှ မသိရသေးဘူး။ ဖြစ်တဲ့နေ့ကလည်း ကျွန်တော်တို့ဘာမှ မသိ။ သူ့ရဲဌာနဆိုင်ရာလူကြီးတွေကလည်း တိတိကျကျကို မသိရသေးဘဲ ဘာမှ မပြောဖို့ မှာထားပါတယ်” ဟု ထိုသူက ပြောသည်။

သြဂုတ် ၁ နေ့ ညနေပိုင်း ၅ နာရီခန့်က အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်သို့ ထမင်းစားရန် လာရောက်ခဲ့ပြီး နေအိမ်မှ ရဲစခန်းသို့ အပြန်လမ်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကာ နောက်တစ်နေ့ နံနက်ပိုင်း ရဲတပ်ဖွဲ့ဝင်များ တန်းစီချိန်၌ ပျောက်ဆုံးနေသည်ကို သိခဲ့ရခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

“အဲဒီနေ့က သူက အိမ်ကို ထမင်းစားပြန်တယ်လို့ သိရတယ်၊ ရဲစခန်းကလည်း အိမ်ကို ထမင်းစားပြန်တယ်လို့ သိထားတယ်။ အိမ်ကလည်း ထမင်းစားပြီး ရဲစခန်းကို ပြန်အိပ်တယ်လို့ သိထားကြတယ်။ အဲဒီကြားထဲမှာ ဘယ်အချိန်ပျောက်သွားမှန်းမသိဖြစ်တာ” ဟု ထိုသူက ပြောသည်။

နေအိမ်နှင့် ရဲစခန်းအကြား ၆ ဖာလုံခန့် ကွာဝေးကြောင်း၊ လမ်းတွင် ပျောက်သွားသည်ဟု ကြားရကြောင်း ပြောသည်။

“ဒီမှာ ပြောနေကြတာက သူ့နည်းသူ့ဟန်နဲ့ ထွက်သွားတာလား။ ရက္ခိုင့်တပ်တော်က ခေါ်သွားသလိုလို ဘာလိုလို ကောလောဟလတွေတော့ ပြောနေကြတယ်။ သူ့ရဲ့ ယောက်ဖဖြစ်သူကို မေးကြည့်တော့ AA က ခေါ်သွားတာ ထင်တယ်လို့ ပြောတယ်” ဟု ထိုသူက ဆိုသည်။

သြဂုတ် ၁ ည ၉ နာရီခန့်က အမှတ် (၂) ရပ်ကွက်ရှိ မူကြိုစာသင်ကျောင်းရှေ့၌ AA တပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းရပ်ကွက်သားတစ်ဦးကို ကိုးကားပြီး နိရဥ္စရာ သတင်းဌာနသတင်းတစ်ပုဒ်တွင်  ရေးသားဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး AA  ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။

ပျောက်ဆုံးနေသည့် တပ်ကြပ် ဦးထွန်းကျော်မောင်မှာ ရခိုင်လူမျိုး မြောက်ဦးမြို့ဇာတိဖြစ်ပြီး ၂၀၀၄ ခုနှစ်ကတည်းက မအီရဲစခန်းတွင် တာဝန်ကျနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းနေထိုင်သည့် အမှတ် (၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဦးထွန်းတင်အောင်က ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ထူးခြားမှုမရှိသေးကြောင်း ပြော သည်။

“ရဲစခန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးစစ်ဆေးတာတွေတော့ မရှိပါဘူး။ ဖုန်းဆက်ပြီးတော့ သတင်းအစအနတွေ ရလားဆိုပြီးတော့ မေးတာတွေတော့ ရှိတယ်။ ခေါ်ပြီးတော့ အတင်းအကျပ် စစ်ဆေးမေးမြန်းတာမျိုးတော့ မရှိပါဘူး” ဟု သူက ဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်တွင် စစ်ရေးအခြေအနေ တင်းမာနေကာ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှု အရှိန်မြင့်တက်နေသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၄ နေ့က ကျောက်ဖြူမြို့နယ် စနဲမြို့မရဲစခန်းမှ စခန်းမှူးကို AA တပ်ဖွဲ့ဝင်များဟု ယူဆရသူများက ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုလ သြဂုတ် ၁ နေ့လယ်ပိုင်းက ကျောက်တော်မြို့နှင့် ၅ မိုင် ၆ ဖာလုံခန့်ဝေးသည့် မဟာမုနိဘုရားအနီး ထမင်းဆိုင်တစ်ဆိုင်မှ AA တပ်ဖွဲ့ဝင်များဟု ယူဆရသူနှစ်ဦးနှင့် သရက်တပင်ကျေးရွာမှ အရပ်သားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယအပတ်က စတင်ပြီး နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက် ပေါ်ပေါက်နေသည်။ စစ်ကောင်စီတပ်က အရပ်သားများကို AA သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများလည်း ပြုလုပ်နေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s