ပုသိမ်မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်မှ တင်းကြပ်စွာစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ မြို့အဝင်၊ အထွက်ဂိတ်များတွင် ယနေ့ သြဂုတ်လ ၄ ရက်နေ့မှစတင်ကာ ခရီးသွားပြည်သူ များအား တင်းကြပ်စွာစစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ နဂိုကထက် ပိုတင်းကြပ်တယ်ဗျ။ ရန်ကုန်အဝင်တွေဆို ပိုစစ်တယ်။ ၈၈၈၈ နီးလာတာကြောင့် နေမယ်။ ၈၈၈၈ အတွက်လှုပ်ရှားမယ့် သတင်းမျိုးရထားလို့နေမယ်။ ပုသိမ်က ဒလန်ပေါပြီး သတင်းရမြန်တယ်။ သူတို့သတင်းရတဲ့သူတွေကိုလာ ဖမ်းတယ်။ ပြီးရင် စစ်တယ်။ တွေ့ရင်ထောင် ကိုပို့တယ်” ဟု ပုသိမ်ဒေသခံ တစ်ဦးက မဇ္ဈိမသို့ပြောသည်။
မြို့အဝင်ဂိတ်များ စစ်ဆေးရာတွင် အိမ်စီးကားများကို နောက်ဖုံးဖွင့်ခိုင်းခြင်း၊ မှတ်ပုံတင်များစစ်ဆေး ခြင်းနှင့် ဆိုင်ကယ် Tool Box များဖွင့်လှစ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။
ခရီးသည်တင်ယာဉ်ကြီးများကိုမူ အပေါ်ထိတက်မစစ်ဘဲ ယာဉ်နောက်လိုက်နှင့်စကားပြောပြီး ပြန်လွှတ် ပေးမှုများလည်းရှိကြောင်း ဒေသခံများမှ ဆိုသည်။
“ ခရီးသည်တွေအနေနဲ့က အစစ်အဆေးကြမ်းတော့ စိုးရိမ်တာပေါ့။ ညနေပိုင်းဆို ပိုဆိုးတယ်။ စစ်ကောင်စီ တပ်တွေက ညနေပိုင်းဆိုမူးကြတာ။ မူးပြီးရင် ယာဉ်တိုင်းလိုလိုကိုတားပြီးရစ်တယ်။ ရစ်တာကလည်း ဂိတ် မလုပ်ထားတဲ့ တကုန်းကြီးမှာရှိတဲ့ အမြောက်တပ်ကကောင်တွေပေါ့”ဟု ပုသိမ်ဒေသခံတစ်ဦးက ပြော သည်။
ထိုသို့စစ်ဆေးနေမှုကြောင့် ပုသိမ်-ချောင်းသာ ကားလမ်းပေါ်သို့ အရေးကြီးကိစ္စမရှိဘဲမလာကြရန် ပြည်သူ့ ကာကွယ်ရေးတပ်တစ်ခုဖြစ်သည့် ကမ်းခြေကာကွယ်ရေးတပ်ဖွဲ့ (Beach Defence Force) ကလည်း သြဂုတ်လ ၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာထားသည်။mizzima