Monthly Archives: Aug 2022

ကလေးမြို့ တောင်သာရပ်ကွက်တွင် ကင်းလှည့်နေသော စစ်ကောင်စီကားမိုင်းဆွဲခံရ ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်သာရပ်ကွက်တွင် ကင်းလှည့်နေသည့်စစ်ကောင်စီကား တစ်စီးကို Operation MoMo အဖွဲ့မှ ယနေ့ သြဂုတ်လ ၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရပ်ကွက်တွင်းကင်းလှည့်နေသည့် စစ်ကောင်စီကားပေါ်တွင် တပ်သား ၁၅ ဦးခန့်လိုက်ပါပြီး မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးပွဲချင်းပြီး သေဆုံးကြောင်း Operation MoMo အဖွဲ့မှ ဆိုသည်။

” ကင်းလှည့်နေတဲ့ စစ်ခွေး(စစ်ကောင်စီ)ကားကို တောင်သာမှာ နှစ်ကြိမ်မိုင်းဆွဲတာပါ၊ ပွဲချင်းပြီး ခြောက်ကောင်သေတယ်၊ မျက်မြင်ပါ၊ ဒဏ်ရာကတော့ ဘယ်နှစ်ယောက်ရလဲ အတိကျမသိပေမယ့် အတွင်းသတင်းအရ ဆေးရုံအသွားမှာ ဒဏ်ရာရ လေးယောက် ထပ်သေသွားပါတယ်၊ ဆိုတော့ အနည်းဆုံး ခြောက်ကောင်သေပြီး အများဆုံး ၁၀ ကောင်ဖြစ်နိုင်ပါတယ် ”ဟု Operation MoMo အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ ပြော သည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်ကြောင်းလည်း သိရသည်။

OperationMomo အဖွဲ့သည် မြို့ပြစစ်ဆင်ရေးများအတွက်ရည်ရွယ်ကာ Kalay PDF အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်ကလည်း ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒကစ (ကလေး) အတွင်းမှ ထွက်လာသည့် စစ်ကောင်စီကားတစ်စီးကို Operation MoMo အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

Operation Momo အဖွဲ့အနေဖြင့် စစ်ဆင်ရေးများပိုမိုပြုလုပ်သွားမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီလှူဒါန်းပေးကြရန်လည်း တောင်းဆိုထားသည်။ mizzima

မြိုင်မြို့နယ် ကျောက်ဆောက်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ပြည်သူ ၂၇ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ဒီနေ့ သြဂုတ် ၅ ရက် မနက် ၉ နာရီလောက်မှာ စစ်တပ်နဲ့ ပျူစောထီး အင်အား ၁၀၀ လောက်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၂၇ ယောက် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဆောက်ကျေးရွာဒေသခံ ပြည်သူတယောက်က “ကျနော်တို့က စစ်(…)တွေ စစ်ကြောင်းဝင်လာကတည်းက ဘေးလွတ်ရာကို ထွက် ပြေးလာခဲ့ရတာ။ ရွာဘက်က မီးခိုးလုံးတွေ လှမ်းမြင်နေရတယ်။ အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး။ စစ်(…)တွေက ရွာထဲမှာပဲ ရှိနေသေးလို့ ဘယ်သူမှလဲ မီးသွားမငြှိမ်းရဲသေးဘူး။ စစ်(…)တွေနဲ့ ပျူ(…)တွေဟာ မနေ့ သြဂုတ် ၄ ရက်နေ့က တည်းက ဘုန်းကြီးအယောင်ဆောင်တွေနဲ့အတူ ဝင်ရောက်လာပြီး ကျောက်ဆောက်ရွာက ပြည်သူ ၂၇ ယောက်ကို ဖမ်းဆီးပြီး PDF တွေရဲ့ အမည်ကို မဖော်ရင် အိမ်တွေမီးရှို့မယ်၊ ပစ်သတ်မယ်၊ အရေးယူမယ်လို့ ခြိမ်းခြောက်ကြတယ်။ အဲဒီအဖမ်းခံရတဲ့သူတွေကိုလည်း လက်ရှိအချိန်ထိ ပြန်မလွှတ်သေးဘူး” လို့ ပြောပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဒေသခံပြည်သူတွေ ထိန်းသိမ်းခံထားရတာနဲ့ ပတ်သက်လို့ ဘုန်းကြီးအယောင်ဆောင်တွေအပါအဝင် စစ်တပ်နဲ့ပျူစောထီးတွေကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်ပြီး သံဃာတော်တွေအနေနဲ့ ပခုက္ကူ-မြိုင်ကားလမ်းကို အသုံးမပြုစေလိုကြောင်း သြဂုတ် ၄ ရက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန် လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB

ပဲခူး၊ မန္တလေးနှင့် တနင်္သာရီတို့တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပျုစောထီးနှင့် စစ်တပ် သ တင်းပေးတို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်မှ အုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပျူစောထီးနှင့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း ကာကွယ်ရေး အဖွဲ့များထံမှ သိရသည်။

လက်ပံတန်းမြို့နယ်တွင် ရာအိမ်မှူး ၁ ဦးပစ်ခတ်ခံရ

=============================

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ဥတိုချောင်းဖျား ကျေးရွာ ရာအိမ်မှူး မြင့်ဦး ရေချိုး နေစဉ် ဩဂုတ်လ ၃ ရက်နေ့ ည ၁၀ နာရီခန့်၌ သာယာဝတီခရိုင် တပ် ရင်း(၃၈၀၂) တပ်ခွဲ-၄ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဒုတာဝန်ခံ ဒေါင်းလေးအဖွဲ့မှ ဇေယျာသော် စစ်ဆင်းရေး အဖြစ် ဝင်ရောက် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသော ရာအိမ်မှူး မြင့်ဦးသည် ပေါင်နှင့် ဦးခေါင်းတို့တွင် သေနတ်ကျည်များ ထိမှန်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့၏ ပတ်ကင်းများ ရောက်ရှိလာသောကြောင့် သေဆုံးခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်ဘဲ ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ ရာအိမ်မှူးသည် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ဒေသခံပြည်သူများနှင့် CDM ဝန်ထမ်းများကို စစ်တပ်အား ဖမ်းဆီးခိုင်းခြင်း၊ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ ၏ အချက်အလက်များကို စစ်ကောင်စီထံ သတင်းပို့ခြင်း၊ မီတာခများ အတင်းကောက်ခံခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို ဆဲဆို စိန်ခေါ်များကြောင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့မှ ထုတ်ပြန်ထား သည်။

ချမ်းမြသာစည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

==================================

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းစီကို ကို သြဂုတ်လ ၄ ရက်နေ့ ည ၈ နာရီခန့်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်းဒေသခံ ပြည်သူများ ထံမှ သိရသည်။

အလားတူ ယမန်နေ့ည ၈ နာရီခွဲ​အချိန် ချမ်းမြသာစည်မြို့နယ် ချီပါရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန့်စည်လည်း ပစ်ခတ်ခံရကြောင်း၊ သေဆုံးမှု ရှိ၊ မရှိ မသိရကြောင်း ဒေသခံမျာထံမှ သိရှိရသည်။

သရက်ချောင်းမြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်သတ်ခံရ

===========================================

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာတွင် စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ ပေါက်တိုင်းရွာသား ကုလား ဆိုသူကို အမည်မသိ သေနတ်သမားများက သြဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း ဒေသခံ ပြည်သူ များထံမှ သိရသည်။

သေဆုံးသွားသော ကုလားဆိုသူသည် ရောင်းမော်ရွာတွင် ပြုလုပ်သည့် ပျူစောထီး အစည်းအဝေးများကို တက်ရောက်သူဖြစ်ပြီး အကြမ်းဖက် စစ်တပ်ကို သ တင်း ပေးခြင်းများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

မြင်းခြံမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ၁ ဦး ပစ်သတ်ခံရ

=========================================

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ပြုတ်နှင့် လယ်သစ်ရွာ အကြားတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျောက်ပြုတ်ရွာသား မောင်မြင့်နှင့်လယ်သစ်ရွာသား လက်နက်ကိုင် ပျူစောထီး မောင်နိုင်တို့ကို သြဂုတ်လ ၃ ရက်နေ့ ည ၇ နာရီခန့်တွင် မြင်းခြံ PDF တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ဆိုသူတို့သည် ရင်ဘတ်တွင် သေနတ်ကျည် ၄ ချက် စီ ထိမှန်ကာ သေဆုံးခဲ့ပြီး ၎င်းတို့ ၂ ဦးထံမှ ဗုံးသီး ၁ လုံး၊ ဓားဆူ ၁ ချောင်းနှင့် လေးဂွတို့ သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံ PDF တပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။ khit thit

စစ်အာဏာရှင်အမြစ်ပြတ်ရန်အတွက် “ခြင်း ကြားရှင်းမယ့် အင်းလျားအစီအစဉ် (၂)” စတင်

စစ်အာဏာရှင်အမြစ်ပြတ်ရန်အတွက် ဒေါ်လာခုနစ်သန်းတန် “ ခြင်းကြားရှင်းမယ့် အင်းလျား အစီအစဉ် (၂)” ကို ယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချပြီဖြစ်ကြောင်း The End of Dictatorship ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအစီအစဉ်တွင် စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတရားသိမ်းယူထားသည့် ရန်ကုန်မြို့ လှိုင်မြို့နယ် ၆ မိုင်ခွဲရှိ နိုင်ငံ တော်ပိုင်မြေနှင့်အဆောက်အအုံ၏ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်ခွင့် အား အများပြည်သူဝယ်ယူနိုင်ရန် ဒုတိယအစီအစဉ်အဖြစ် စတင်ရောင်းချခြင်းဖြစ်သည်။

အဆိုပါ မြေဧရိယာသည် ၁ ဒသမ ၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ဖိုးရှိသော်လည်း ကာလတန်ကြေး၏ သုံးပုံတစ်ပုံဖြစ်သည့် အမေရိကန်ဒေါ်လာ ခုနစ် သန်းဖြင့်တန်ဖိုးဖြတ်၍ အစုရှယ်ယာ ၇၀,၀၀၀ ကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အစုရှယ်ယာ ၇၀,၀၀၀ ရောင်းချသွားမည့် အစီအစဉ်တွင် ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး ယခင်က “၁၄ အင်းလျား” အမည်ဖြင့်ရောင်းချခဲ့သည့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကိုယ်စား လှယ်များထံတွင် ချိတ်ဆက်ဝယ်ယူနိုင်သည်ဟု The End of Dictatorship ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပထမ အစီအစဉ်ဖြစ်သည့် “ ၁၄ အင်းလျား” အမည်ရှိ အစုရှယ်ယာရောင်းချပွဲတွင် ဝယ်ယူသူပေါင်း ၁၂၄၃၇ ဦးရှိခဲ့ပြီး ရှယ်ယာ ၁၀၀၀ နှင့် အ ထက်ဝယ်ယူသူ နှစ်ဦး၊ ရှယ်ယာ ၅၀၀နှင့် အထက် ဝယ်ယူသူ ကိုးဦး၊ ရှယ်ယာ ၄၀၀ နှင့်အထက်ဝယ်ယူသူ ငါးဦး၊ ရှယ်ယာ ၃၀၀ နှင့် အထက်ဝယ်ယူသူ ၁၀ ဦး၊ ရှယ်ယာ ၂၀၀ နှင့် အထက် ဝယ်ယူသူ ၁၇ ဦး၊ ရှယ်ယာ ၁၀၀ နှင့် အထက် ဝယ်ယူသူ ၉၈ ဦး၊ ရှယ်ယာ ၅၀ နှင့် အထက် ဝယ် ယူသူ ၂၃၅ ဦး၊ ရှယ်ယာ ၁၀ နှင့် အထက် ဝယ်ယူသူ ၂၀၀၆ ဦး၊ ရှယ်ယာတစ်စုနှင့် အထက် ၁၀၀၅၅ ဦး ဝယ်ယူခဲ့ကြောင်း သိရသည်။

“၁၄ အင်းလျားမှာ ရှယ်ယာ ၁၀၀၀နှင့်အထက် ဝယ်ယူသူ နှစ်ဦးရှိပါတယ်။ ရှယ်အား ၃၀၀ နှင့် အထက် တနည်းအားဖြင့် ဒေါ်လာသုံးသောင်းနဲ့အထက်ဆိုရင် ၂၆ ယောက်ရှိပါတယ်။ နွေဦးတော်လှန်ရေးအပေါ် ဘယ်လောက်တောင် ယုံကြည်မှုရှိပြီး အားသွန်ခွန်စိုက် ထောက်ပံ့နေကြတယ် ဆိုတာ မြင်သာလှပါတယ်။ ၁၄ အင်းလျားရဲ့အရောင်းစာရင်းဟာ ပြည်သူရဲ့ထောက်ပို့မှုကို ထင်ဟပ်ပြသလိုက်တာပါ။ နည်းနည်း များများပါဝင်နိုင်သူ အမျိုးမျိုးရှိပါမယ်။ အားလုံးပေါင်းလိုက်တဲ့အခါမှာတော့ လိုချင်တဲ့ပန်းတိုင်ကို အတူ ရောက်ကြမှာပါ ” ဟု EOD က ဆိုထားသည်။

ယခုအစီအစဉ်သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အကြမ်းဖက်စစ်ကောင်စီကသိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာအခြေခံမူများ အပိုဒ် ၄ နှင့် အပိုဒ် ၅ အရ ဒုတိယအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်သည်။mizzima

သထုံခရိုင်တွင် မည်သည့်အဖွဲ့အစည်းမှ အုပ် ချုပ်ရေးယန္တရား တည်ထောင်ခွင့်မပြုဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တပ်မဟာ (၁) စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ဘယ်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားဖွဲ့စည်းတည်ထောင်တာ ခွင့်မပြုဘူးလို့ KNU သထုံခရိုင်က သြဂုတ် ၅ ရက်နေ့မှာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

KNU သထုံခရိုင် တပ်မဟာ ၁ ရဲ့ ဩဂုတ်လ ၃ ရက်နေ့က ပြုလုပ်တဲ့ ခရိုင်အမြဲတမ်းကော်မတီ အစည်းအဝေးအပြီး အချက် ၃ ချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီသဘောထား ထုတ်ပြန်ချက်မှာတော့ ဘယ်အဖွဲ့အစည်းမှ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ စည်း ရုံးဖွဲ့စည်းတာတွေ ခွင့်မပြုဘူးလို့ KNU သထုံခရိုင် တပ်မဟာ (၁) ခရိုင်အမြဲတမ်းကော်မတီက ဆိုထားပါတယ်။

ဘယ်အဖွဲ့အစည်းမှ ပြည်သူလူထုအပေါ် နိုင်ငံရေးဆိုင်ရာ ဝိဝါဒ ကွဲပြားစရာတွေ ဖြစ်ပေါ်စေတာ၊ နားလည်မှု ကွဲလွဲဖြစ်ပေါ်စေတာနဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံမှုကို ထိခိုက်စေတာ၊ အခွင့်အရေးဆုံးရှုံးစေတာစတဲ့ လုပ်ရပ်တွေကို စည်းရုံးဖွဲ့စည်းတာ ခွင့်မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ အဖွဲ့အစည်းတချို့က KNU သထုံခရိုင် စီမံအုပ်ချုပ်ရေးနယ်မြေမှာ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ဖို့ ကြိုးပမ်းလာတဲ့အတွက် အခုလို ကြေညာချက်ထုတ်ပြန်ရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ KNU သထုံခရိုင် စီမံအုပ်ချုပ်ရေးနယ်မြေမှာ ဘယ်အဖွဲ့အစည်းတွေက အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသွားတာ မရှိပါဘူး။

ဒေသခံ KNU တာဝန်ရှိသူတယောက်ကတော့  ဒီလိုထုတ်ပြန်တာဟာ ကော်သူးလေတပ်မတော် တည်ထောင်တာကနေ ကြိုတင်သတိပေးတဲ့အနေအနဲ့ ထုတ်ပြန်တာလို့ ယူဆတယ်လို့ ပြောပါတယ်။

“အဲဒီကိစ္စကို ကြိုကာတဲ့အနေနဲ့ မြင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီကော်သူလေးတပ်ဖွဲ့စည်းခြင်းမှာ PDF လည်းပါဝင်တချို့ရှိတယ်။ ဒါကြောင့် ခရိုင်အတွင်း ရပ်တည်ချက်တွေ ကွဲပြားမှုမရှိအောင် ကြိုတင်ကာထားတဲ့ သဘောလို့မြင်တယ်။”

KNU သထုံခရိုင် စီမံအုပ်ချုပ်ရေးနယ်မြေမှာ ပြီးခဲ့တဲ့ မေလတုန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး စစ်အာဏာရှင် ကျဆုံးအတွက် တွန်းလှန်တိုက်ပွဲဝင်ဖို့ မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပါတယ်။

လက်ရှိမှာတော့ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ လမ်းညွှန်မှုနဲ့ အာဏာသိမ်း စစ်ကောင်စီကို KNU အပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။DVB

မြောက်ဒဂုံ လျှပ်စစ်မီတာရုံးရှေ့နှင့် စစ်ကောင် စီကင်းတဲအား အဝေးထိန်းဖြင့် ဖောက်ခွဲတိုက် ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၇ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လျှပ်စစ်မီတာရုံးရှေ့နှင့် စစ်ကောင်စီကင်းတဲအား ယမန်နေ့ သြ ဂုတ် ၄ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်တွင် မြို့ပြပြောက်ကျားအဖွဲ့များမှ ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖောက်ခွဲရာတွင် ထိခိုက်ကျဆုံးမှုများ ရှိနိုင်ကြောင်း တိုက်ခိုက်သည့် မြို့ပြပြောက်ကျားအဖွဲ့တွင်ပါဝင်သည့် အဖွဲ့ကဆိုသည်။

“ကျွန်တော်တို့မစ်ရှင်ကို သုံးလုံး ခွဲဖို့ စီစဉ်ခဲ့တာ၊ ဒါပေမယ့် ရာသီဥတုအခြေအနေမှာ မိုးတအားရွာနေတော့ ထင်သလောက်အလုပ်မဖြစ်ခဲ့ဘူး၊ တစ်လုံးပဲကွဲခဲ့တယ်ဗျ၊ နောက်ဆက်တွဲ သတင်းကတော့ ထပ်မတက်လာဘူး၊ ခွေး(စစ်ကောင်စီတပ်သား) ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်၊ မိုးက တအားရွာနေတော့ အတိအကျ မသိရသေးဘူးဗျ” ဟု Human Rights Defenders(HDR) အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။

ထိုသို့ တိုက်ခိုက်မှု မပြုလုပ်ခင် ကင်းတဲတွင် စစ်ကောင်စီတပ်သားများ ရှိနေသည်ကို မြင်တွေ့ခဲ့ရသဖြင့် ၎င်းတို့နှင့်အနီးဆုံးတွင် ဖောက်ခွဲရန် နေရာချထားသော်လည်း လက်လုပ် အဝေးထိန်း ဗုံးတစ်လုံးသာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Human Rights Defenders(HDR) နှင့် မဟာမိတ် ညီနောင်အဖွဲ့ဖြစ်သော Generation Z Defence Force(GZDF) & Supply Army ပူးပေါင်းအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မစ်ရှင် ပြုလုပ်မှုအပြီးတွင် မြို့ပြပြောက်ကျားများ အန္တရာယ်ကင်းစွာ ပြန်လည် ရောက်ရှိ ခဲ့ကြောင်း သိရသည်။ mizzima

အကြမ်းဖက်စစ်ခေါင်းဆောင်၏ ရန်ကုန်၆ မိုင်ခွဲ Inya View နေရာ အစုရှယ်ယာ စတင်ရောင်းချ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ်ရောင်းချနိုင်ခဲ့အပြီးမှာ NUG အစိုးရက ၆ မိုင်ခွဲမှ Inya View နေရာကို ဒုတိယ ပရောဂျက်အနေနဲ့ ဩဂုတ် ၅ ရက် ဒီကနေ့ကစတင် ရောင်းချနေပါတယ်။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ရဲ့ ဒုတိယ အစီအစဉ်အဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၆ မိုင်ခွဲမှာ တည်ရှိတဲ့ နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိတယ်လို့ ဆိုပါတယ်။

အခုရောင်းချမှုမှာတော့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၇ သန်းသာ တန်ဖိုးဖြတ်ပြီး အစုရှယ်ယာ ၇၀,၀၀၀ ကို ရောင်းချသွားမှာဖြစ်ကာ ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ် ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်ပြီး EOD ရဲ့ ပထမ အစီအစဉ် “၁၄ အင်းလျား” ကို ရောင်းချပေးခဲ့တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေဆီ ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရား ပိုင်ဆိုင် ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။DVB

ချောင်းဦးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကား ၁ စီး မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှ Nissan Note ကားဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးလိုက်ပါလာသည့် ကားကို ယနေ့ သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် လျှပ်တစ်ပြက်စွန်ညို ပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း လျှပ်တစ်ပြက်စွန်ညို ပျောက်ကြားတပ်ဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသောကားကို နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောရွာကြားတွင် လျှပ်တစ်ပြက်စွန်ညို ပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ဒီနေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်လောက်မှာ ချောင်းဦးကနေ note ကားလေးနဲ့ ခွေး ၈ ကောင် gun အပြည့်စုံနဲ့ဆင်းတယ်သတင်းရလို့ နတ်ရေကန်ကျေးရွာနဲ့ ဂွေးပင်တောရွာကြားမှာ ကျနော်တို့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်ဗျ မိုင်း၂ လုံးနဲ့ခွဲခဲ့တာ ကားဖင်မြီးပိုင်းထိတာမို့ ၂ ကောင်သေတယ်။ ၁ ကောင်အပြင်းထန်ရတယ်” ဟု လျှပ်တစ်ပြက်စွန်ညို ပျောက်ကြားတပ်ဖွဲ့မှ အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။khit thit

ကလေးဒေသတွင် တိုက်ပွဲပြင်းထန်၊ တော် လှန်ရေးအဖွဲ့ဝင် ၃ ဦးကျဆုံး 

ဒေသခံကာကွယ်ရေးအဖွဲ့များ အင်အားကောင်းသော မြန်မာပြည်အနောက်ဘက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် နယ်မြေ စိုးမိုးရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်နှင့် PDF များ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။ 

ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ဝန်းကျင်ဖြင့် နယ်မြေအတွင်း ဝင်ရောက်လာခြင်းကြောင့် ဩဂုတ် ၂ မှ စ၍ PDF (ကလေး) အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေကြခြင်း ဖြစ်သည်။ 

တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် ထိုစစ်ကြောင်းက ယင်းနေ့ နေ့လယ်တွင် သာယာကုန်းရွာတွင် ဝင်ရောက်တပ်စွဲခဲ့သည်။

သာယာကုန်းတွင် စခန်းချထားသည့် ထိုစစ်ကြောင်းအား ဩဂုတ် ၃ နှင့် ၄ ရက်တို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ရက်လုံး တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

သာယာကုန်းရွာအနီး တိုက်ပွဲပြင်းထန်စဉ် နှစ်မိုင်ခန့်အကွာမှ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်နှင့် ကလေးမြို့တွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့၍ ကာကွယ်ရေး အဖွဲ့များဘက်မှလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

PDF (ကလေး) တပ်ရင်း ၆ မှ တပ်စိတ်မှူး အသက် ၁၉ နှစ် အရွယ် ကိုဝေမင်းသော်နှင့် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။ 

“သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ထုတာရယ်၊ ကျွန်တော်တို့ဘက်က လက်လုပ်လက်နက်ကြီးတွေနဲ့ တိုက်ရတာဆိုတော့ လက်လုပ်တွေကြောင့်ရော၊ သူတို့ဘက်က လက်နက်ကြီးပစ်ကူတွေကြောင့်ရော အကျရော၊ ထိခိုက်ဒဏ်ရာတွေရော ရှိခဲ့တာ” ဟု PDF (က လေး) တပ်ရင်း ၆ ၏ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဂျပန်ကြီးက Myanmar Now  ကို ပြောသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှလည်း၂၀ ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု PDF ဘက်က ဆိုသည်။ 

စစ်ကောင်စီဘက်က သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် လတ်တလောတွင် သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးပေ။ 

စခန်းချထားသည့် သာယာကုန်းရွာအတွင်း စစ်တပ်က ဒေသခံအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကိုင်းတိုင်းအနောက်ပိုင်းရှိ ကလေးမြို့နယ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းပြီး အထူးသဖြင့် တောင်ပိုင်းတွင် PDF များ၊ ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားကြခြင်း ဖြစ်သည်။

ထို့ကြောင့် ဒေသအတွင်း စစ်ကောင်စီက အင်အားအများအပြားဖြင့်  စိုးမိုးနယ်မြေချဲ့နိုင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။ 

“သူတို့က ထောက်ကြန့်မှာ တပ်စွဲချင်တာ။ ကျွန်တော်တို့က တပ်စွဲမခံဘူး။.. စစ်တပ် ထွက်လာတည်းက တောက်လျှောက်ပစ်ခတ်တိုက်ခိုက်တယ်။ ကျွန်တော်တို့ဘက်က လက်နက်အင်အား၊ ကျည်အင်အားနည်းတယ်။ ဒါပေမဲ့ အကောင်းဆုံး တုံ့ပြန်သွားမှာပါ” ဟု PDF ကလေး တပ်ရင်း (၁) တာဝန်ခံ ကိုနေ့သစ်က ပြောသည်။

PDF လူအင်အား အများအပြားရှိသော်လည်း စစ်တပ်ကို ခုခံတိုက်ခိုက်ရာတွင် လက်နက်ခဲယမ်း မလုံလောက်သည့်ပြဿနာမှာ အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

“ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်တယ်။ ကျည်ကုန်သွားရင်တော့ ကျွန်တော်တို့လည်း စိတ်မကောင်းစွာနဲ့ ပြန်ဆုတ်ပေးရမှာပေါ့။ အဲ့ဒီအတွက် ကာကွယ် ရေးအဖွဲ့တွကို ကျည်အင်အားတွေဖြည့်တင်းနိုင်ဖို့ လိုအပ်နေတယ်” ဟု ကိုနေ့သစ်က ပြောသည်။ 

တောင်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေသလို ကလေးမြို့မြောက်ပိုင်းတွင်လည်း ယမန်နေ့က စစ်ကောင်စီယာဉ်တန်းအား  ဒေသခံကာကွယ် ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး စစ်တပ်က အနီးရှိ ရာဇဂြိုဟ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်စီးနင်းခဲ့ကာ ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း PDF (ကလေး) က ယမန်နေ့ ညပိုင်းက ထုတ်ပြန်သည်။ 

ထိုကဲ့သို့ ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ရေးပြင်းထန်နေချိန် ယနေ့ နံနက်တွင်လည်း ကလေးမြို့အတွင်း လက်နက်ကြီးပစ်ခတ်သံများထွက်ပေါ်နေပြီး အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ကလေးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လတ်တလောတွင် တိုက်ပွဲများပြင်းထန်နေသည့်အတွက် ကလေး – ဂန့်ဂေါလမ်းကို ဖြတ်သန်းသွားလာခြင်း မပြု ရန် ဒေသခံကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

အာဏာသိမ်ခဲ့သည့် စစ်တပ်ကို အစောဆုံးလက်နက်ကိုင် ပြန်ခုခံခဲ့သည့် ကလေးမြို့သည် တော်လှန်ရေးတစ်နှစ် ကျော်သည်အထိ ခုခံတိုက် ခိုက် မှုများ အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဖိနှိပ်ရန် အပြင်းအထန် ကြိုးပမ်းနေသည်။ 

ကလေးမြို့နယ်တွင် ကျေးရွာပေါင်း ၁၀၀ ကျော်ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းကျော၌  နယ်မြေစိုးမိုးထားနိုင်ပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့က PDF (ကလေး) မှ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ myanmar now

« Older Entries