ကလေးမြို့တွင် မိုင်းရှင်းရန် ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ် သား ၅၀ သေဆုံး

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်းအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးရေ ၅၀ သေ ဆုံးပြီး ၁၀ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Ton Zang က ဩဂုတ်လ ၄ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ်လ ၄ရက်တွင် တမူးမြို့မှ ကလေးမြို့ဘက်သို့ မိုင်းရှင်းရန် ဆင်းလာသည် ယာဉ် ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းအား ၅၅မိုင် ရွာအနီးတွင် စောင့်ကြို၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သတင်းအရ ကြိုတင်စောင့်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ အင်တာနက် လိုင်းမကောင်းတော့ မြေပြင်က ဗီဒီယို နဲ့ ပုံတွေတော့ မရသေးဘူး” ဟု CDF – Ton Zang ၏ ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်မုန်က မဇ္ဈိမကို ပြောသည်။
ထို့သို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မွန်းလွဲ ၁နာရီ မိနစ် ၃၀ခန့်တွင် ကလေးမြို့ဘက်မှ နိဗ္ဗာန်ယာဉ်များ ၊ လူနာတင်ယာဉ်များ ရောက်ရှိလာ၍ စစ်ကောင်စီတပ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို တင်ဆောင်၍ ကလေးမြို့ဘက်သို့ ပြန်လည် မောင်းနှင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို CDF – Ton Zang နှင့် အတူ ကလေးခရိုင်မြောက်ပိုင်းတပ်ဖွဲ့ KPDF ၊ ရာဇဂြိုလ် PDF တပ်ဖွဲ့တို့ ပူးပေါင်း၍ ပဒေသာ မိုင်း အလုံး ၃၀ ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိခိုက်ကျဆုံးမှုများနေသည့် စစ်ကောင်စီတပ်သည် ယနေ့ ဩဂုတ်လ ၅ရက် နံနက်ပိုင်းတွင် အင်အား ၃၀၀ ခန့်ဖြင့် ရာဇဂြိုလ်မြို့သို့ ဝင်ရောက် ၍ ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိပြီး အသေးစိတ်အခြေအနေကို ထပ်မံပြောကြားမည်ဟု ထန်ဆွင်မုန်က ဆိုသည်။ mizzima