ကလေးမြို့ တောင်သာရပ်ကွက်တွင် ကင်းလှည့်နေသော စစ်ကောင်စီကားမိုင်းဆွဲခံရ ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်သာရပ်ကွက်တွင် ကင်းလှည့်နေသည့်စစ်ကောင်စီကား တစ်စီးကို Operation MoMo အဖွဲ့မှ ယနေ့ သြဂုတ်လ ၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရပ်ကွက်တွင်းကင်းလှည့်နေသည့် စစ်ကောင်စီကားပေါ်တွင် တပ်သား ၁၅ ဦးခန့်လိုက်ပါပြီး မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးပွဲချင်းပြီး သေဆုံးကြောင်း Operation MoMo အဖွဲ့မှ ဆိုသည်။
” ကင်းလှည့်နေတဲ့ စစ်ခွေး(စစ်ကောင်စီ)ကားကို တောင်သာမှာ နှစ်ကြိမ်မိုင်းဆွဲတာပါ၊ ပွဲချင်းပြီး ခြောက်ကောင်သေတယ်၊ မျက်မြင်ပါ၊ ဒဏ်ရာကတော့ ဘယ်နှစ်ယောက်ရလဲ အတိကျမသိပေမယ့် အတွင်းသတင်းအရ ဆေးရုံအသွားမှာ ဒဏ်ရာရ လေးယောက် ထပ်သေသွားပါတယ်၊ ဆိုတော့ အနည်းဆုံး ခြောက်ကောင်သေပြီး အများဆုံး ၁၀ ကောင်ဖြစ်နိုင်ပါတယ် ”ဟု Operation MoMo အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ ပြော သည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်ကြောင်းလည်း သိရသည်။
OperationMomo အဖွဲ့သည် မြို့ပြစစ်ဆင်ရေးများအတွက်ရည်ရွယ်ကာ Kalay PDF အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်ကလည်း ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒကစ (ကလေး) အတွင်းမှ ထွက်လာသည့် စစ်ကောင်စီကားတစ်စီးကို Operation MoMo အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။
Operation Momo အဖွဲ့အနေဖြင့် စစ်ဆင်ရေးများပိုမိုပြုလုပ်သွားမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီလှူဒါန်းပေးကြရန်လည်း တောင်းဆိုထားသည်။ mizzima