စစ်အာဏာရှင်အမြစ်ပြတ်ရန်အတွက် “ခြင်း ကြားရှင်းမယ့် အင်းလျားအစီအစဉ် (၂)” စတင်

စစ်အာဏာရှင်အမြစ်ပြတ်ရန်အတွက် ဒေါ်လာခုနစ်သန်းတန် “ ခြင်းကြားရှင်းမယ့် အင်းလျား အစီအစဉ် (၂)” ကို ယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချပြီဖြစ်ကြောင်း The End of Dictatorship ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအစီအစဉ်တွင် စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတရားသိမ်းယူထားသည့် ရန်ကုန်မြို့ လှိုင်မြို့နယ် ၆ မိုင်ခွဲရှိ နိုင်ငံ တော်ပိုင်မြေနှင့်အဆောက်အအုံ၏ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်ခွင့် အား အများပြည်သူဝယ်ယူနိုင်ရန် ဒုတိယအစီအစဉ်အဖြစ် စတင်ရောင်းချခြင်းဖြစ်သည်။
အဆိုပါ မြေဧရိယာသည် ၁ ဒသမ ၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ဖိုးရှိသော်လည်း ကာလတန်ကြေး၏ သုံးပုံတစ်ပုံဖြစ်သည့် အမေရိကန်ဒေါ်လာ ခုနစ် သန်းဖြင့်တန်ဖိုးဖြတ်၍ အစုရှယ်ယာ ၇၀,၀၀၀ ကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အစုရှယ်ယာ ၇၀,၀၀၀ ရောင်းချသွားမည့် အစီအစဉ်တွင် ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး ယခင်က “၁၄ အင်းလျား” အမည်ဖြင့်ရောင်းချခဲ့သည့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကိုယ်စား လှယ်များထံတွင် ချိတ်ဆက်ဝယ်ယူနိုင်သည်ဟု The End of Dictatorship ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပထမ အစီအစဉ်ဖြစ်သည့် “ ၁၄ အင်းလျား” အမည်ရှိ အစုရှယ်ယာရောင်းချပွဲတွင် ဝယ်ယူသူပေါင်း ၁၂၄၃၇ ဦးရှိခဲ့ပြီး ရှယ်ယာ ၁၀၀၀ နှင့် အ ထက်ဝယ်ယူသူ နှစ်ဦး၊ ရှယ်ယာ ၅၀၀နှင့် အထက် ဝယ်ယူသူ ကိုးဦး၊ ရှယ်ယာ ၄၀၀ နှင့်အထက်ဝယ်ယူသူ ငါးဦး၊ ရှယ်ယာ ၃၀၀ နှင့် အထက်ဝယ်ယူသူ ၁၀ ဦး၊ ရှယ်ယာ ၂၀၀ နှင့် အထက် ဝယ်ယူသူ ၁၇ ဦး၊ ရှယ်ယာ ၁၀၀ နှင့် အထက် ဝယ်ယူသူ ၉၈ ဦး၊ ရှယ်ယာ ၅၀ နှင့် အထက် ဝယ် ယူသူ ၂၃၅ ဦး၊ ရှယ်ယာ ၁၀ နှင့် အထက် ဝယ်ယူသူ ၂၀၀၆ ဦး၊ ရှယ်ယာတစ်စုနှင့် အထက် ၁၀၀၅၅ ဦး ဝယ်ယူခဲ့ကြောင်း သိရသည်။
“၁၄ အင်းလျားမှာ ရှယ်ယာ ၁၀၀၀နှင့်အထက် ဝယ်ယူသူ နှစ်ဦးရှိပါတယ်။ ရှယ်အား ၃၀၀ နှင့် အထက် တနည်းအားဖြင့် ဒေါ်လာသုံးသောင်းနဲ့အထက်ဆိုရင် ၂၆ ယောက်ရှိပါတယ်။ နွေဦးတော်လှန်ရေးအပေါ် ဘယ်လောက်တောင် ယုံကြည်မှုရှိပြီး အားသွန်ခွန်စိုက် ထောက်ပံ့နေကြတယ် ဆိုတာ မြင်သာလှပါတယ်။ ၁၄ အင်းလျားရဲ့အရောင်းစာရင်းဟာ ပြည်သူရဲ့ထောက်ပို့မှုကို ထင်ဟပ်ပြသလိုက်တာပါ။ နည်းနည်း များများပါဝင်နိုင်သူ အမျိုးမျိုးရှိပါမယ်။ အားလုံးပေါင်းလိုက်တဲ့အခါမှာတော့ လိုချင်တဲ့ပန်းတိုင်ကို အတူ ရောက်ကြမှာပါ ” ဟု EOD က ဆိုထားသည်။
ယခုအစီအစဉ်သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အကြမ်းဖက်စစ်ကောင်စီကသိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာအခြေခံမူများ အပိုဒ် ၄ နှင့် အပိုဒ် ၅ အရ ဒုတိယအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်သည်။mizzima