တိုက်ပွဲပြင်းထန်နေသည့် ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေ၊ PDF ၃ ဦးကျ
ကလေးမြို့နယ်၊ သာယာကုန်း ကျေးရွာတွင် လေးရက်ကြာတိုက်ပွဲပြင်းထန်နေပြီး ဩဂုတ်လ ၄ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးခန့်သေဆုံးကာ PDF ဘက်မှ သုံးဦး ကျဆုံးခဲ့ကြောင်းသိရသည်။
ဩဂုတ်လ ၁ ရက်နေ့မှ စတင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့်သည် သာယာကုန်းရွာစာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်းတွင်တပ်စွဲထား၍ ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ထုတ်နေကြခြင်းဖြစ်သည်။
“ ကျွန်တော်တို့ မနေ့က မနက် ၇ နာရီ (ဩဂုတ်လ ၄ ရက်) လောက်ကနေ သူတို့အထိုင်ချထားတဲ့ သာယာကုန်းရွာကို ဝင်ရောက်စီးနင်းဖို့သွားတယ်။ ၉ နာရီလောက်မှာ ကျွန်တော်တို့က သူတို့နဲ့ အနီးဆုံးနေရာထိ ချီတက်ပြီး အီနာဂါတစ်လိုက် (ရိုင်ဖယ်ဗုံးသီး လက်နက်) စပြီးပစ်ထည့်လိုက်တယ်။ ပြီးတော့ တိုက်ပွဲတွေစပြီးဖြစ်တယ် ” ဟု ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် Ranger Kalay Defend Force မှ ရဲဘော်ဇီက ပြောသည်။
နှစ်ဖက်ပစ်ခတ်မှုအကွာအဝေးသည် ကိုက် ၃၀၀ လောက်သာရှိကြောင်းလည်း ၎င်းကဆိုသည်။
ထို့ကြောင့် စစ်ကောင်စီတပ်၏ ကျေးရွာအတွင်းပြေးလွှားလှုပ်ရှားမှုများကို မြင်တွေ့နေရ၍ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ စနိုက်ပါများ၊ မောင်း ပြန်များဖြင့် အသေအချာချိန်ရွယ် ပစ်ခတ်နိုင်သည့်အတွက် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ကျဆုံးခြင်းဖြစ်သည်ဟု ရဲဘော်ဇီက အတည်ပြုသည်။
ထိုသို့တိုက်ပွဲပြင်းထန်နေချိန်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် PDF (Kalay) တပ်ရင်း (၁) ၊ (၂) ၊ (၃)၊ (၅) ၊ (၆) ၊ (၇)၊ (၈) ၊ (၁၂) တို့နှင့်အတူ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF – KKG ၊ RKDF ပူးပေါင်းတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ်၏ဘန်ကာရှိရာအနီးထိ ချီတက် ထိုးစစ်ဆင်ခဲ့ကြကြောင်းဆိုသည်။
အဆိုပါ အနီးကပ်ပစ်ခတ်မှုများအတွင်း PDF (Kalay) တပ်ဖွဲ့ဝင် တစ်ဦး၊ ပ.က.ဖ တပ်ဖွဲ့ဝင် နှစ်ဦး စုစုပေါင်း သုံးဦး ကျဆုံးခဲ့ရသည်။
ထို့အပြင် PDF (Kalay) တပ်ဖွဲ့ဝင် ၁၀ ဦး၊ CNDF – Vakok တပ်ဖွဲ့ဝင် နှစ်ဦး ၊ ပ.က.ဖ တပ်ဖွဲ့ဝင် လေးဦး၊ RKDF တပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။
သာယာကုန်းကျေးရွာရှိ စစ်ကောင်စီတပ်များအား PDF များမှ အနီးကပ်ဝင်ရောက် စီးနင်းချိန်တွင် ကလေးနည်းပညာတက္ကသိုလ်ရှိ စစ်ကောင် စီတပ်ကူများ ထပ်မံရောက်ရှိလာခဲ့ကြောင်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ -ကလေး) ဘက်မှလည်း ၁၂၀ မမ လက်နက်ကြီးပစ်ကူများ အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ရဲဘော်ဇီကဆိုသည်။
ထို့ကဲ့သို့ စစ်ကူများရောက်ရှိလာခြင်းနှင့် လက်နက်ကြီးများပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းလည်း သိရသည်။
“ မီးရှို့တော့ ပြန်ဆုတ်လာရတယ်။ ညဘက်တော့ပြန်ကပ်ပြီး အတွဲလိုက်တွေ၊ စက်လက်တွေနဲ့ ဝင်ဗျင်း( တိုက်ခိုက်) သေးတယ် ” ဟု ယမန်နေ့က မွန်းလွဲ ၄ နာရီအချိန်တွင် တိုက်ပွဲအဆုံးသတ်ပုံကို ရဲဘော်ဇီကပြောပြသည်။
စစ်ကောင်စီတပ်သည် သာယာကုန်းကျေးရွာအား အကျမခံဘဲ အနီးရှိ ထောက်ကြံ့ကျေးရွာဘက်ကိုပါ ဆက်လက်သိမ်းယူလိုသည့်အခြေအနေရှိနေကြောင်းလည်း ၎င်းကသုံးသပ်သည်။
” ဒီရွာတွေကကျွန်တော်တို့ရဲဘော်တွေ ကူးသန်းနေကြတဲ့နေရာဆိုတာ သူတို့သိသွားလို့ ဒီနေရာတွေကို လေကြောင်းပစ်ကူတွေ လက်နက်ကြီးပစ်ကူတွေနဲ့ မရရအောင်လုပ်ကြမယ့် သဘောရှိတယ်” ဟု ရဲဘော်ဇီကဆိုသည်။
ယနေ့ ဩဂုတ်လ ၅ ရက် မနက်ပိုင်းတွင်လည်း ထောက်ကြံ့ကျေးရွာဘက်သို့ မိနစ်ခြားကာ လက်နက်ကြီးများဆက်လက်ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း Ranger Kalay Defend Force ထံမှသိရသည်။
လက်ရှိတိုက်ပွဲပြင်းထန်ရာ သာယာကုန်း၊ ထောက်ကြံ့ကျေးရွာများသည် ကလေးမြို့နှင့် ရှစ်မိုင်ခန့် အကွာတွင်တည်ရှိသည်။ mizzima