တီးတိန်တွင် တောတွင်းစီးဖိနပ်ရောင်းသည့်ဆိုင်ပိုင်ရှင် အပါအဝင် ၄ ဦး ဖမ်းဆီးခံရ


ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ရှိ တောတွင်းစီးဖိနပ်ရောင်းသည့် မိဘရိပ် ဆိုင်ပိုင်ရှင်အပါအဝင် ၎င်း၏ကုန်ပစ္စည်းများတင်ဆောင်လာသည့် ရွှေညီအကိုယာဉ်လိုင်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ဂိတ်မှူးတို့ စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံထားရကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က ကလေးမြို့၊ မြို့သာရပ်ကွက်ရှိ ကျေးဇူးရှင် ကားဂိတ်တွင် ရွှေညီအကိုယာဉ်ပေါ်မှကုန်ပစ္စည်းများ ကားပေါ်မှချနေစဉ် စစ်ကောင်စီတပ်ကဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ရွှေညီအကိုကုန်ကားပေါ်မှ ဆာလာအိတ်သုံးလုံးတွင် တောတွင်းစီးဖိနပ်(ပြောက်ကျားဖိနပ်) ၁၄၆ ရံကို တွေ့ရှိ၍ ကျေးဇူးရှင်ဂိတ်မှူး ကိုငိုင်ရှင်းတွောင်အပါအဝင် ရွှေညီအကိုယာဉ်လိုင်းမှ ယာဉ်မောင်း ကိုညီညီ အောင်၊ ယာဉ်နောက်လိုက် ကိုနေလင်းထွန်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖြစ်စဉ်အနီးရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ ဆာလာအိတ်သုံးလုံးပေါ်တွင် မိဘရိပ်၊ တီးတိန်မြို့ဟု ရေးသားထားခြင်းကြောင့် တီးတိန်မြို့နေ မိဘရိပ်ဆိုင်ပိုင်ရှင် ဒေါ်ဇမ်းခေါလ်ကျင်းကိုလည်း တီးတိန်မြို့မရဲစခန်းမှ ရဲများက သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
“သူ့ဆိုင်မှာက အရင်ကတည်းက ကလေးစီးလူကြီးစီး ဖိနပ်တွေ၊ အဝတ်အထည်တွေ ရောင်းတာပါ။ တော တွင်းစီးဖိနပ်ရောင်းတာကို လာဖမ်းတယ်ဆိုတော့ အံ့သြမိပါတယ်” ဟု တီးတိန်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
မိဘရိပ်ဆိုင်ပိုင်ရှင် ဒေါ်ဇမ်းခေါလ်ကျင်းကို လာရောက်ဖမ်းဆီးချိန်တွင် ၎င်း၏ဆိုင်ဂိုဒေါင်ရှိ ဆာလာအိပ် ခုနစ်အိပ်မှ တောတွင်းစီးဖိနပ်များကိုလည်း ရဲများက သိမ်းဆည်းယူဆောင်သွားသည်ဟုဆိုသည်။
ယနေ့ သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းအထိရရှိထားသည့်သတင်းများအရ ကလေးမြို့တွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်သည့်အတွက် တီးတိန်မြို့မရဲစခန်းက အဆိုပါအမှုတွင် ကလေးမြို့ရဲစခန်းမှ ခိုင်းသည့်အတိုင်း ဆောင်ရွက်ရမည်ဟု သတင်းများထွက်ပေါ်ကြောင်း မြို့ခံများထံမှသိရသည်။ မဇ္ဈိမအနေဖြင့် အဆိုပါ သတင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ချင်းပြည်နယ်ရှိ မြို့များတွင် တောင်ယာခုတ်ခြင်း၊ အမဲလိုက်ခြင်း နှင့်တောတွင်းသွားသည့်အခါ အကြမ်းခံ သည့် အဆိုပါတောစီးဖိနပ်များကို ယောကျ်ားမိန်းမ မရွေးဝတ်ဆင်ကြကြောင်းလည်း ဒေသခံများက ပြော ကြားသည်။ mizzima