မြောက်ဒဂုံ လျှပ်စစ်မီတာရုံးရှေ့နှင့် စစ်ကောင် စီကင်းတဲအား အဝေးထိန်းဖြင့် ဖောက်ခွဲတိုက် ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၇ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လျှပ်စစ်မီတာရုံးရှေ့နှင့် စစ်ကောင်စီကင်းတဲအား ယမန်နေ့ သြ ဂုတ် ၄ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်တွင် မြို့ပြပြောက်ကျားအဖွဲ့များမှ ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖောက်ခွဲရာတွင် ထိခိုက်ကျဆုံးမှုများ ရှိနိုင်ကြောင်း တိုက်ခိုက်သည့် မြို့ပြပြောက်ကျားအဖွဲ့တွင်ပါဝင်သည့် အဖွဲ့ကဆိုသည်။
“ကျွန်တော်တို့မစ်ရှင်ကို သုံးလုံး ခွဲဖို့ စီစဉ်ခဲ့တာ၊ ဒါပေမယ့် ရာသီဥတုအခြေအနေမှာ မိုးတအားရွာနေတော့ ထင်သလောက်အလုပ်မဖြစ်ခဲ့ဘူး၊ တစ်လုံးပဲကွဲခဲ့တယ်ဗျ၊ နောက်ဆက်တွဲ သတင်းကတော့ ထပ်မတက်လာဘူး၊ ခွေး(စစ်ကောင်စီတပ်သား) ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်၊ မိုးက တအားရွာနေတော့ အတိအကျ မသိရသေးဘူးဗျ” ဟု Human Rights Defenders(HDR) အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။
ထိုသို့ တိုက်ခိုက်မှု မပြုလုပ်ခင် ကင်းတဲတွင် စစ်ကောင်စီတပ်သားများ ရှိနေသည်ကို မြင်တွေ့ခဲ့ရသဖြင့် ၎င်းတို့နှင့်အနီးဆုံးတွင် ဖောက်ခွဲရန် နေရာချထားသော်လည်း လက်လုပ် အဝေးထိန်း ဗုံးတစ်လုံးသာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Human Rights Defenders(HDR) နှင့် မဟာမိတ် ညီနောင်အဖွဲ့ဖြစ်သော Generation Z Defence Force(GZDF) & Supply Army ပူးပေါင်းအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မစ်ရှင် ပြုလုပ်မှုအပြီးတွင် မြို့ပြပြောက်ကျားများ အန္တရာယ်ကင်းစွာ ပြန်လည် ရောက်ရှိ ခဲ့ကြောင်း သိရသည်။ mizzima