ရန်ကုန်မြို့ အောင်ဆန်းကွင်းကားဂိတ်များ ရက်အကန့်အသတ်မရှိ ပိတ်မည်

ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်း အပြင်ဘက်ရှိ ကားဂိတ်များကို ယနေ့ သြဂုတ် ၄ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားရန် ညွှန်ကြားလာကြောင်း ဂိတ်တာဝန်ခံအချို့က မဇ္စျိမ ကိုပြောသည်။
အောင်ဆန်းကွင်းရှိ ကားဂိတ်များသည် အနယ်နယ်အရပ်ရပ်သို့ ကုန်စည်ပစ္စည်းများပို့ဆောင်ရန် လက်ခံပေးနေသည့် ကားဂိတ်များဖြစ်သည်။
“ဂိတ်အားလုံးပိတ်ဖို့ ပြောလာလို့ ဒီနေ့ပိတ်ထားရပါတယ်၊ ဘယ်နေ့ဘယ်ရက်ပြန်ဖွင့်ရမယ်မှန်းလည်းမပြောပါဘူး၊ နယ်ပို့မယ့်ပစ္စည်းတွေရှိတာကြောင့် နေရာပြောင်းပြီးတော့ လက်ခံနေရတယ်၊ ရန်ကုန်ကသူတွေ ပစ္စည်းပို့ရင် အောင်ဆန်းကွင်းက အလွယ်ကူဆုံးလေ၊ အောင်မင်္ဂလာအ ဝေးပြေးဆိုရင် သွားရတဲ့ခရီးနဲ့ အချိန်ကြန့်ကြာတာပေါ့”ဟု ဂိတ်တာဝန်ခံတစ်ဦးက ဆိုသည်။
ထို့အပြင် ကုန်ပစ္စည်းတင်ဆောင်သော ကုန်တင်ကားများအားလုံး အမြန်လမ်းပေါ်မှ မောင်းနှင်ခွင့်ပိတ်ထားသည့်အတွက် ယခင်လမ်းဟောင်းအတိုင်းသွားလာနေရကြောင်း ဆိုသည်။
“လမ်းဟောင်းအတိုင်းပဲ မောင်းရတော့ ဆီပိုကုန်တယ်၊ ဒါ့ကြောင့် အခုရက်ပိုင်း ကုန်စည်လာအပ်တဲ့သူတွေလည်း စျေးနှုန်းအပြောင်းအလဲရှိပါတယ်၊ အရင်ထက် တန်ဆာခထက် ကျပ် ငါးရာလောက်တော့ တက်သွားတာပေါ့။”ဟု ထပ်မံရှင်းပြသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်က အောင်ဆန်းကွင်းအနီးနှင့် ဘေးပတ်လည်ရှိ ကားဂိတ်ဆိုင်ခန်းများကို ငါးရက်ကြာပိတ်သိမ်းခိုင်းမှုများ ရှိခဲ့သည်။
“ဘယ်နေ့အထိ ပိတ်မလဲတော့ မသိရသေးဘူး၊ အခု လက်ရှိ အောင်ဆန်းကွင်းမှာ ဖွင့်ထားတဲ့ ဂိတ်တွေကတော့ သူ့နည်း သူ့ဟန်နဲ့ တခြားနေရာမှာ ဖွင့်ဖို့ လုပ်နေကြတယ်” ဟု အောင်ဆန်းကွင်း ကားဂိတ်နှင့် နီးစပ်သူတစ်ဦးက မဇ္စျ်ိမကို ပြောသည်။
ရက်အကန့်အသတ်မရှိ ပိတ်မည်ဖြစ်သည့် အောင်ဆန်းကွင်းရှိ ကားဂိတ်များတွင် ကုန်ပစ္စည်းပို့ဆောင်ခြင်းနှင့် ထုတ်ယူခြင်းများ ပြုလုပ်နိုင်တော့မည် မဟုတ်သည့်အတွက် ကုန်ပစ္စည်းပို့ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း လမ်းမတော်မြို့နယ်တွင် နေထိုင်သူပြည်သူတစ်ဦးက ပြောသည်။
ကုန်ပစ္စည်းပို့ဆောင်လိုသူများ အနေဖြင့် အောင်မင်္ဂအဝေးပြေးဝင်းနှင့် မြို့နယ်အချို့တွင် ဖွင့်လှစ်ထားသည့် ကားဂိတ်ခွဲများတွင်သာ ပစ္စည်းပို့ဆောင်ထုတ်ယူခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည့်အတွက် အချိန့်ကြန့်ကြာမှုများနှင့် ကုန်ကျစရိတ်ပိုမိုရှိလာနိုင်ကြောင်းလည်း ကုန်ပစ္စည်းပို့ဆောင်နေသူများထံမှ သိရသည်။
ထို့အပြင် ယနေ့ သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မြန်မာန်ိုင်ငံနေရာအနှံ့အပြားကို ထွက်ခွာပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ်များပေါ်တွင် လူမဲ့ ကုန်ပစ္စည်း သယ်ဆောင်ခြင်းကို စစ်ကောင်စီတပ်က ခွင့်မပြုတော့ကြောင်း သတင်းများပျံ့နှံ့နေပြီး မဇ္စျိမအနေဖြင့် အသေးစိတ် သိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
လက်ရှိတွင် ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှတစ်ဆင့် Express ယာဥ်များဖြင့် ခရီးသွားလာကြမည့် ခရီးသည်အားလုံးကိုလည်း မိမိသယ်ဆောင်မည့် အဝတ်အစားအိတ်များမှအပ ကျန်ကုန်ပစ္စည်းများကို တင်ဆောင်ခွင့်မပြုထားကြောင်း သိရသည်။ mizzima