NUG နှင့် NUCC တို့နှင့် ထိတွေ့ဆက်ဆံရန် မလေးရှားတိုက်တွန်း၊ ဓားစားခံအဖြစ်မခံနိုင်ဟု စင်္ကာပူပြော

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က လူမှုကွန်ယက် စာမျက်နှာတွင်ရေးသားသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နှင့်လည်း ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်ဟု Saifuddin Abdullah ရေးသားသည်။
အလားတူ လာမည့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးများတွင်လည်း မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်သူများကို ခွင့်မပြုရန်နှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာတွင် အချိန်အကန့်အသတ်ထားရှိရန်လည်း ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အဆိုပြုခဲ့သည်ဟုဆိုသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့အရေးနှင့် ပတ်သက်၍ အတက်ကြွဆုံး နိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်ပြီး စစ်ကောင်စီကို ပြတ် ပြတ်သားသား အရေးယူရန်လည်း တိုက်တွန်းထားသူဖြစ်သည်။
ယခုကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေးလွှမ်းမိုးထားပြီး၊ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးအသီး သီးကလည်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
အာဆီယံဘုံသဘောတူညီချက်များကို စစ်ကောင်စီက လျစ်လျူရှုထားခြင်းအတွက် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မြန်မာစစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံနေခြင်းမှာ တန်ဖိုးလုံးဝမရှိဟု ဝေဖန်ကာ “ကျွန်တော်တို့အလုပ် ကျွန်တော်တို့ ဆက်လုပ်ရပါမယ် ဓားစာခံတော့ အဖြစ်မခံနိုင်ဘူး” ဟုလည်း လူမှုကွန်ယက်တွင် ရေးသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကမူ စစ်ကောင်စီသည် အကြိမ်ကြိမ် ကတိဖျက်သည်ဟုဆိုကာ မည်သို့ကိုင်တွယ်သင့်သည်ကို အကြံပေးကြရန် တိုက်တွန်းသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကလည်း မြန်မာစစ်ကောင်စီကို အကြီးအကျယ် စိတ် ပျက်ရသည်ဆိုကာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်သုံးသပ်ရမည်ဟု အစည်းအဝေးအဖွင့်တွင် ပြောခဲ့သည်။ myanmar now