Monthly Archives: Aug 2022

မွန်ပြည်နယ်တွင် လူငယ် ၄ ဦးကို စစ်ကောင်စီက အကြောင်းမဲ့သတ်ခဲ့ဟု MSRO အဖွဲ့ ထုတ်ပြန်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ခံ ပရဟိတသမား မင်းလင်းအောင်ကို စစ်ကောင်စီက ဇူလိုင် ၃၁ ရက်ညက အကြောင်းမဲ့ သတ်ဖြတ်ခဲ့တဲ့အပေါ် မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း (MSRO) က မိသားစုနဲ့အတူ ဝမ်းနည်းကြောင်း သြဂုတ် ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ကူညီ လှုပ်ရှားနေကြတဲ့သူတွေ အပါအဝင် မွန်လူငယ် ၄ ဦးလောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်တာ ခံထားရတယ်လို့ ဆိုပါတယ်။

ရေးချောင်းဖျားဒေသ ပစ်ခတ်မှုဖြစ်စဉ်မှာ ရေးမြို့နယ် ပရဟိတသမား မွန်လူငယ် ကိုအောင်ခန့်ဟိန်း အပါအဝင် ခေါဇာမြို့က မွန်လူငယ် ၁ ဦး၊ မုဒုံမြို့က မွန်လူငယ် ၁ ဦး၊ ချောင်းတောင်ကျေးရွာက စိတ်ကျန်းမာ‌ရေးမကောင်းသူ မွန်လူငယ် ၁ ဦး၊ စုစုပေါင်း ၄ ဦး စစ်ကောင်စီသတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီက မွန်လူငယ်တွေ အပါအဝင် တိုင်းရင်းသား ညီအစ်ကိုတွေကို သတ်ဖြတ်တဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိဘဲ ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်အကျိုး၊ မွန်လူထုအကျိုးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြတ်သားစွာ တော်လှန်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။DVB

စစ်ကိုင်းမြို့မျက်နှာဖုံး ဆီစက်ပိုင်ရှင်ကို စစ် တပ်က ပစ်ခတ်ဖမ်းဆီး

စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ မြသီတာဆီစက်ပိုင်ရှင် အသက် ၅၀ နှစ်အရွယ်ရှိ ဦးမြင့်ဆန်းဆိုသူကို ယမန်နေ့ (ဩဂုတ် ၄) ညပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိကာ ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ည ၁၁ ဝန်းကျင်ခန့်က မုံရွာ-မန္တလေးကားလမ်းဘေး ရွာထောင်ရပ်ကွက်သို့ စစ်ကား ၇ စီး၊ လူနာတင်ယာဉ် ၁ စင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီးနောက် သေနတ်ပစ်ခတ်သံ ၂ ချက်ကြားခဲ့ရသည်ဟု ရွာထောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ကား ၇ စင်း လူနာတင်ယာဉ် ၁ စင်းနဲ့ ရဲနဲ့ စစ်သားတွေက စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ဝင်ပြီးစစ်တာ။ သေနတ်ပစ်သံ ကြားရတယ်။ လူနာတင်ယာဉ်ပါ တစ်ခါတည်း ပါလာတာပေါ့” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုကြောင့် ဦးမြင့်ဆန်း၏ နောက်ကျောတွင် သေနတ်ကျည် ၂ ချက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းမြို့၊ ခုတင် ၂၀၀ ဆေးရုံ၌ ကုသမှုခံယူနေရ သေဆုံးခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်သေးပေ။

စစ်တပ်က အာဏာသိမ်းပြီနောက် ဩဂုတ် ၄ အထိ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ၂၁၅၇ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၁၁၈၉၄ ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားသည်။myanmar now

ကျိုက်ထိုတွင် ဒေသခံ နေအိမ် ၃ လုံး ချိတ်ပိတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဒေသခံပြည်သူ့နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သြဂုတ် ၄ ရက်မှာ  လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်က ကိုစံလင်းနေအိမ်နဲ့ ကံ့ကော်ရပ်ကွက်က ကိုအေးမင်းထွန်း နေအိမ်၊ သိမ်ဇရပ်မြို့က ကိုဝင်းကို နေအိမ်တွေကို လာရောက် ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ သူတို့ ၃ ဦးဟာ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ဆက်စပ်နေတာကြောင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာ ဖြစ်တဲ့အတွက် နေအိမ်တွေကို ချိတ်ပိတ်ရတာလို့ ဆိုပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီက နေအိမ်ချိတ်ပိတ်သွားပေမဲ့ နိုင်ငံသားတယောက်ဖြစ်တဲ့အတွက် သူ့အိမ် သူပိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကိုအေးမင်းထွန်းကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ ၅၀(ည) အပြင် အမှုပေါင်း ၇ မှုနဲ့ အမှုဖွင့်ထားသလို ကိုဝင်းကိုနဲ့ ကိုစံလင်းတို့ကိုလည်း ပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက်ပုဒ်မတွေနဲ့ပါ အမှုဖွင့်ထားပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေ အဆိုအရ လာမယ့်ရက်ပိုင်းအတွင်း ကျိုက်ထိုမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နေအိမ်ကိုလည်း ထပ် မံ ချိတ်ပိတ်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီကိုယ်စားလှယ်တွေ၊ NLD ပါတီ ထောက်ခံသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ ဝင်တွေရဲ့ နေအိမ် ၁၀ လုံးထက်မနည်း ချိတ်ပိတ်ခံထားရပါတယ်။ DVB

ရုရှားသံရုံးကို နေပြည်တော်ရွှေ့ရန် မင်းအောင် လှိုင် အဆိုပြု

ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်ရှိ ရုရှားသံရုံးကို နေပြည်တော်ရွှေ့ပြောင်းရန် အကြံပြုခဲ့သည်ဟု ရုရှားသတင်းဌာန TASS က ရေးသားသည်။

ရှေးမြန်မာဘုရင်များ၏ မြို့တော်ဖြစ်ခဲ့ရာ မန္တလေးတိုင်းအတွင်းရှိ နေပြည်တော်သို့ ရုရှားသံရုံး ပြောင်းရွှေ့စေလိုကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်ဟု သိရသည်။

ရန်ကုန်မြို့မှ မိုင်ပေါင်း ၂၀၀ ကျော် အကွာရှိ နေပြည်တော်သို့ အာဏာရှင်ဟေင်း ဦးသန်းရွှေလက်ထက် ၂၀၀၅ ခုနှစ်တွင် အစိုးရရုံးများ စတင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

စစ်ဗိုလ်ချုပ်များ အကောင်အထည်ဖော်တည်ဆောက်ခဲ့သော နေပြည်တော်သို့ နိုင်ငံတကာ သံရုံးများ ပြောင်းရွှေ့စေရန် အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့သော်လည်း ယနေ့အချိန်ထိ တရုတ်သံရုံးတစ်ခုသာ ရုံးခွဲဖွင့်လှစ်ထားသည်။

ရုရှားနိုင်ငံသည် စစ်ကောင်စီကို ထိတွေ့ဆက်ဆံနေသော အဓိက မဟာမိတ်နိုင်ငံတစ်ခုပြီးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင် ရုရှားသို့နှစ်ကြိမ်တိုင် သွားရောက်ခဲ့သည့်နည်းတူ ရုရှားနှင့် စစ်ကောင်စီအကြား အပြန်အလှန် ထိတွေ့မှုများလာသည်။

စစ်ကောင်စီက ရုရှားနိုင်ငံတွင် ကောင်စီဝန်ရုံးနှစ်ခု တိုးချဲ့ဖွင့်မည်ဟုလည်း နေပြည်တော်သို့ ပထမဆုံး လာရောက်သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုသည်။myanmar now

ရွှေကူတွင် စစ်တပ်ဗိုလ်ကြီးနှင့်တပ်ကြပ်ကြီးတို့ကို KIA၊ PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီး

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ သြဂုတ် ၄ ရက် မနက်ပိုင်းက ရွှေကူနဲ့ ဗန်းမော် ပြေးဆွဲနေတဲ့ မော်တော်ကို ဒေသခံကာကွယ်ရေးတပ်က ရှောင်တခင်စစ်ဆေးရာ စစ်တပ်က ဗိုလ်ကြီးတဦးနဲ့ တပ်ကြပ်တဦးတို့ကို ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူကနေ ဗန်းမော်ကိုလာတဲ့ လိုင်းမော်တော်ကို ဧရာဝတီမြစ် ရေကြောင်းလမ်းပိုင်း တနေရာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

မော်တော်နဲ့ခရီးသွားခဲ့တဲ့ ဒေသခံပြည်သူတဦးက “ရွှေကူကနေ ဗန်းမော်တက်လာတဲ့ လိုင်းသင်္ဘောပေါ်မှာ ဖမ်းမိတာ။ စစ်ဗိုလ်နဲ့ တပ်ကြပ်က အရပ်ဝတ်တွေနဲ့ ရွှေကူမြို့ကအထွက် ဧရာဝတီ ဒုတိယမြစ်ကျဉ်းနေရာမှာ KIA နဲ့ PDF က ရှောင်တခင်ဝင်စစ်တာ။ သူတို့နှစ်ယောက် ဖမ်းခံရတယ်” လို့ ပြောပါတယ်။

ရွှေကူနဲ့ ဗန်းမော် ပြေးဆွဲတဲ့ မော်တော်တွေဟာ ပုံမှန်အတိုင်း ပြေးဆွဲနေတဲ့ လိုင်းမော်တော်တွေဖြစ်ပြီး စစ်ကောင်စီက အဲဒီသင်္ဘောတွေကို အသုံးချကာ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ပို့တာ၊ ခရီးသွားလာတာတွေ ပြုလုပ်နေပါတယ်။

ရွှေကူမြို့နယ်မှာ ဇူလိုင်လက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်တစီးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က တိုက် ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါသေးတယ်။

ဗိုလ်ကြီးတဦးနဲ့ တပ်ကြပ်တဦးတို့ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။DVB

ဥဇဘက်ကစ္စတန်မှ ငွေစက္ကူကုန်ကြမ်းတန်ချိန်များစွာ တင်ဆောင်လာသော အီရန် SAHA လေကြောင်းလိုင်းမှ B742 ကုန်တင်လေယာဉ် နေပြည်တော်သို့ မကြာမီဆိုက်ရောက်မည်

အကြမ်းဖက်စစ်ကောင်စီက မြန်မာကျပ်ငွေစက္ကူများကို အကန့်အသတ်မဲ့ ရိုက် နှိပ် ထုတ်ဝေလျက်ရှိရာ ယနေ့တွင် ဥဇဘက်ကစ္စတန်မှ ငွေ စက္ကူကုန်ကြမ်းတန်ချိန် များစွာတင်ဆောင်လာသော အီရန် SAHA လေကြောင်းလိုင်းမှ ကုန်တင် B742 (Boeing 747-2J9F) လေယာဉ်သည် နေပြည်တော်သို့ ပျံသန်းလာနေပြီး မကြာမီ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်း ဥဇဘက်ကစ္စတန် နိုင်ငံ၊ Islam Karimov Tashkent အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာသော အီရန် SAHA လေကြောင်းလိုင်းပိုင် B742(Boeing 747-2J9F) ကုန်တင်လေယာဉ်သည် လေယာဉ်ခရီးအမှတ် IRZ8235 အဖြစ် UTTT-VYNT(ဥဇဘက်ကစ္စတန်-နေပြည်တော်) သို့ ပျံသန်း လာနေခြင်းဖြစ်ကြောင်း၊ ယနေ့ ညနေတွင် ဆိုက် ရောက်မည်ဖြစ်ပြီး ငွေစက္ကူ ကုန်ကြမ်းတန်ချိန် ၁၀၀ ကျော်ချထားပေးပြီးနောက် ပြန်လည် ထွက်ခွာ မည်ဖြစ်ကြောင်း သိရှိရသည်။

အီရန် SAHA လေကြောင်းလိုင်းပိုင် B742 (Boeing 747-2J9F) ကုန်တင်လေယာဉ်သည် အီရန်နိုင်ငံ တီဟီရန်မြို့ရှိ Mehrabad အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဥဇဘက်ကစ္စတန်သို့ ဩဂုတ်လ ၄ ရက်နေ့တွင် ရောက်ရှိပြီး နေ ပြည်တော်သို့ ပို့ဆောင်မည့် ငွေစက္ကူကုန်ကြမ်းများ ကို တင်ဆောင်ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၅ ရက်နေ့ ဥဇဘက်ကစ္စတန်စံတော်ချိန် နံနက် ၀၀ နာရီ ၃၀ မိနစ် ငွေစက္ကူကုန်ကြမ်းများ တင် ဆောင်ကာ နေပြည်တော်သို့ ပျံသန်းလာခြင်းဖြစ်သည်ဟု သိရှိရသည်။

မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန် အီရန် SAHA လေကြောင်းလိုင်းပိုင် B742 (Boeing 747-2J9F) ကုန်တင်လေယာဉ်၊ လေယာဉ်ခရီးအမှတ် IRZ8235သည် အမြင့်ပေ ၃၄၉၅၀ ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်ကို ဖြတ်သန်းနေပြီး များမကြာမီ နေပြည် တော်သို့ ဆိုက်ရောက်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဂျာမနီကုမ္ပဏီ Giesecke Devrient က မြန်မာငွေစက္ကူ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်း တင်သွင်းမှု အားလုံးကို စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

ယင်းနောက်ပိုင်း စစ်တပ်က ငွေစက္ကူ ကုန်ကြမ်းများနှင့် ငွေစက္ကူမင်များကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့စတင်ပြီး လက် လှမ်းမီရာ နီးစပ်ရာနိုင်ငံများမှ တောက်လျှောက်ဆိုသလို တင်သွင်းနေခြင်းဖြစ်ပြီး ဥဇဘက်ကစ္စတန်မှ ငွေ စက္ကူကုန်ကြမ်းများကို ဆက်တိုက်ဆိုသလို တန်ချိန် ပေါင်းများစွာ တင်သွင်းနေခြင်းဖြစ်သည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ငွေစက္ကူကုန်ကြမ်းတင်သွင်းမှုပေါင်း အကြိမ် ၂၀ နီးပါးရှိနေပြီဖြစ်ပြီး တန်ချိန်အားဖြင့်လည်း ထောင်ချီ တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။khit thit

သံဖြူဇရပ်-ရေးကားလမ်း၌ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ အနည်းဆုံး ၆ ဦး သေဆုံး

မွန်ပြည်နယ် သံဖြူဇရပ်-ရေးကားလမ်းမှာ စစ်ကောင်စီကား ၃ စီးပါ ယာဉ်တန်းကို သြဂုတ် ၄ ရက် မနက် ၁၁ နာရီက မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့နဲ့ ရေး YGF ပြောက်ကျားတပ်ဖွဲ့တို့ ကြားဖြတ် ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။

သံဖြူဇရပ်မြို့ကနေ ရေးဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်ကား Faw ကား ၂ စီးနဲ့ အိမ်စီးကား ၁ စီးကို အောင်သာယာရွာနဲ့ ကနင်ကမော့ရွာကြားမှာ ချုံခို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရေး YGF ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး လက်ထိဒဏ်ရာ ရရှိခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကားနဲ့ အတူ မသွားလာကြဖို့ မွန်ပြည်နယ် တောင်ညို ပြည် သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

အဆိုပါကားလမ်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ရှိတာကြောင့် နှစ်ဖက်ပစ်ခတ်မှုတွေ ထပ်မံဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။

ရေး PDF တွေက ရေး-မော်လမြိုင် ကားလမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေကို မကြာခဏ ချုံခိုတိုက်ခိုက်ခံနေရတာကြောင့် အထိအခိုက် အကျအဆုံး များပြားနေပြီး အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့အထိ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ DVB

တန့်ဆည်တွင် ပျူစောထီးနှင့်စစ်တပ် ရှိနေသည့် ရွာကို PDF ဝင်စီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဗျက်ကြီးကျေးရွာတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးများကို ယမန်နေ့ (ဩဂုတ် ၃) ညတွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မြို့အရှေ့မြောက်ဘက် သုံးမိုင်အကွာရှိ ထိုရွာအတွင်း စုစုပေါင်း အင်အား ၅၀ ကျော် တပ်စွဲထားရာ ယမန်နေ့ ည သန်းခေါင်အချိန်ခန့်တွင် ရုတ်တရက် စီးနင်းစဉ် တိုက်ပွဲ တစ်နာရီခန့် ဖြစ်ခဲ့သည်ဟု တန့်ဆည် PDF ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဩဂုတ် ၁ ရက်နေ့က စတင် စခန်းချနေသူတို့က ပျူစောထီးသင်တန်း တက်ရောက်ရန် ဒေသခံတို့ကို ဖိအားပေး စေခိုင်းနေသဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ရွာကိုလာပြီးတော့ ပြည်သူတွေရဲ့ဖုန်းတွေကို သိမ်းထားတယ်၊ ဆက်သွယ်ရေး ဖြတ်တောက်ထားတာပေါ့။ အထဲမှာ ဝါဒဖြန့်ပြီးတော့ သူတို့ထဲဝင်ဖို့ စည်းရုံးနေတာ။ သုံးရက်မြောက်နေ့ ညပိုင်းမှာ ဝင်တိုက်လိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။

Myanmar Defense Force (MDF) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုတိုက်ဂါးက ပျူစောထီးနှင့် စစ်သားများ ကင်းပုန်းဝပ်နေသည့်နေရာကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရွာအတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။

“သူတို့ ညတွင်းချင်းပဲ ပြန်ဆုတ်သွားတာ။ အခြားပျူစောထီးတွေ အင်အားကြီးတဲ့ရွာကို၊ ညတွင်းချင်းပဲ ဒဏ်ရာရတဲ့ သူတွေကို ကဲ့ထုတ်သွားတာ” ဟု သူက ပြောသည်။

တိုက်ပွဲအတွင်း ရန်သူဘက်မှ ၁၀ ဦးခန့် သေဆုံးကြောင်း၊ အထိနာသဖြင့် ဆုတ်ခွာ ထွက်ပြေးသွားကြကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။ 

ထို့နောက် ကျေးရွာတွင်းနယ်မြေရှင်းလင်းရေး ပြုလုပ်ရာ ၅.၅၆ ကျည် ၁၀၀ ကျော်နှင့် အီနာဂါဗုံးသီးတစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံများ ထိခိုက်မှုမရှိကြောင်း အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

နယ်ပယ်စုံစစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းကို တန်ပြန် ဖြိုခွင်းရန် ထိုဒေသရှိ ကြံ့ ခိုင်ရေးပါတီဝင်များ၊ အစွန်းရောက်မဘသများ၊ စစ်မှုထမ်းဟောင်းများကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ထားသည်။

မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသော စစ်ကိုင်းတိုင်းတွင် ပြည်သူလူထုက ပျူစောထီးဟု ခေါ်ဝေါ်သည့် ပြည်သူ့စစ်အဖွဲ့ပေါင်း ၈၀ နီးပါးအထိ ဖွဲ့ စည်းထားကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလက ပေါက်ကြားလာသည့် စစ်ကောင်စီအစည်းအဝေးမှတ်တမ်းတစ်ခုအရ သိရသည်။

အလားတူ ယခုရက်ပိုင်း မန္တလေးမြို့တွင်လည်း စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူ အများစုရှိသည့် မဟာအောင်မြေနှင့် အောင်မြေသာစံမြို့နယ်များတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ကာ လက်နက်တပ်ဆင်ပေးနေသည်။ ဒေသခံတို့က ထိုအဖွဲ့ကိုလည်း ပျူစောထီးဟု ခေါ်ကြသည်။myanmar now

တီးတိန်တွင် တောတွင်းစီးဖိနပ်ရောင်းသည့်ဆိုင်ပိုင်ရှင် အပါအဝင် ၄ ဦး ဖမ်းဆီးခံရ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ရှိ တောတွင်းစီးဖိနပ်ရောင်းသည့် မိဘရိပ် ဆိုင်ပိုင်ရှင်အပါအဝင် ၎င်း၏ကုန်ပစ္စည်းများတင်ဆောင်လာသည့် ရွှေညီအကိုယာဉ်လိုင်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ဂိတ်မှူးတို့ စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံထားရကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က ကလေးမြို့၊ မြို့သာရပ်ကွက်ရှိ ကျေးဇူးရှင် ကားဂိတ်တွင် ရွှေညီအကိုယာဉ်ပေါ်မှကုန်ပစ္စည်းများ ကားပေါ်မှချနေစဉ် စစ်ကောင်စီတပ်ကဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရွှေညီအကိုကုန်ကားပေါ်မှ ဆာလာအိတ်သုံးလုံးတွင် တောတွင်းစီးဖိနပ်(ပြောက်ကျားဖိနပ်) ၁၄၆ ရံကို တွေ့ရှိ၍ ကျေးဇူးရှင်ဂိတ်မှူး ကိုငိုင်ရှင်းတွောင်အပါအဝင် ရွှေညီအကိုယာဉ်လိုင်းမှ ယာဉ်မောင်း ကိုညီညီ အောင်၊ ယာဉ်နောက်လိုက် ကိုနေလင်းထွန်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖြစ်စဉ်အနီးရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ဆာလာအိတ်သုံးလုံးပေါ်တွင် မိဘရိပ်၊ တီးတိန်မြို့ဟု ရေးသားထားခြင်းကြောင့် တီးတိန်မြို့နေ မိဘရိပ်ဆိုင်ပိုင်ရှင် ဒေါ်ဇမ်းခေါလ်ကျင်းကိုလည်း တီးတိန်မြို့မရဲစခန်းမှ ရဲများက သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

“သူ့ဆိုင်မှာက အရင်ကတည်းက ကလေးစီးလူကြီးစီး ဖိနပ်တွေ၊ အဝတ်အထည်တွေ ရောင်းတာပါ။ တော တွင်းစီးဖိနပ်ရောင်းတာကို လာဖမ်းတယ်ဆိုတော့ အံ့သြမိပါတယ်” ဟု တီးတိန်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

မိဘရိပ်ဆိုင်ပိုင်ရှင် ဒေါ်ဇမ်းခေါလ်ကျင်းကို လာရောက်ဖမ်းဆီးချိန်တွင် ၎င်း၏ဆိုင်ဂိုဒေါင်ရှိ ဆာလာအိပ် ခုနစ်အိပ်မှ တောတွင်းစီးဖိနပ်များကိုလည်း ရဲများက သိမ်းဆည်းယူဆောင်သွားသည်ဟုဆိုသည်။

ယနေ့ သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းအထိရရှိထားသည့်သတင်းများအရ ကလေးမြို့တွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်သည့်အတွက် တီးတိန်မြို့မရဲစခန်းက အဆိုပါအမှုတွင် ကလေးမြို့ရဲစခန်းမှ ခိုင်းသည့်အတိုင်း ဆောင်ရွက်ရမည်ဟု သတင်းများထွက်ပေါ်ကြောင်း မြို့ခံများထံမှသိရသည်။ မဇ္ဈိမအနေဖြင့် အဆိုပါ သတင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ချင်းပြည်နယ်ရှိ မြို့များတွင် တောင်ယာခုတ်ခြင်း၊ အမဲလိုက်ခြင်း နှင့်တောတွင်းသွားသည့်အခါ အကြမ်းခံ သည့် အဆိုပါတောစီးဖိနပ်များကို ယောကျ်ားမိန်းမ မရွေးဝတ်ဆင်ကြကြောင်းလည်း ဒေသခံများက ပြော ကြားသည်။ mizzima

နောင်ချိုတွင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ် MPDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရတနာသင်္ဂီရွာမှာ  မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MPDF ) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ သြဂုတ် ၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်က ပြင်ဦးလွင်- မိုးကုတ်လမ်းပိုင်းဝန်းကျင် တလျှောက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး နှစ်ဖက်ထိခိုက် ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

ဒေသခံတယောက်က “တိုက်ပွဲဖြစ်တာ မှန်တယ်။ ရွာသူရွာသားတွေလည်း တိမ်းရှောင်လို့မရဖြစ်နေတယ်။ စစ်တပ်က ပိတ်ထားတယ်။ ရှောင်ခဲ့ရင်လည်း ပြင်ဦးလွင်ဘက်ပဲ ရှောင်ဖို့များတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်ပိုင်းက နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်မဌာနချုပ် အမှတ်- ၁၀၁ လက်အောက်ခံစစ်ကြောင်းနဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MPDF)တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ MPDF ကထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၂ ကနေ ၂၄ ထိ တစ်ကြိမ် ၂၈ ရက်နေ့မှာ တစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့တယ်လို့ MPDF က ထုတ်ပြန်ပါတယ်။၏

MPDFနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲအတွင်း MPDFရဲ့ သိုလှောင်ရုံနေရာတစ်ခုကို စစ်တပ်က သိမ်းဆည်းနိုင်ခဲ့ပြီး ဆန်အိတ်တချို့နဲ့ ခဲယမ်းတ ချို့ဆုံးရှုံးပျက်ဆီးခဲ့ပါတယ်။

“ဆန်အိတ်တွေနဲ့ ကျည်တောင့် တချို့တော့ စစ်တပ်က ရှာတွေ့လို့ ပါသွားတယ်။ အများကြီးတော့ မဟုတ်ပါဘူး” MPDFနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

နောင်ချိုမြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)တို့ လှုပ်ရှားနေပြီး စစ်အာဏာသိမ်းပြီး နောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေလည်း အခြေချကာ စစ်ရေးလှုပ်ရှားလာပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကြောင့် နောင်ချိုမြို့မှာရှိတဲ့ မြို့မိမြို့ဖ၊ CDMဝန်ထမ်း၊ လုပ်ငန်းရှင်အပါအဝင်  ၁၄ ယောက်ကို  PDFနဲ့ ပတ်သက်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး  အခုရက်ပိုင်းမှာ အမ္မဖမ်းဆီးခဲ့ပါတယ်။

မသင်္ကာတဲ့ ပြည်သူတွေကို ဆက်လက်ဖမ်းဆီးဖို့လည်း စစ်အုပ်စုက လူမှုကွန်ရက်မှာ ရေးသားဖြန့်ဝေတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ DVB

« Older Entries Recent Entries »