Monthly Archives: Aug 2022

စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး ကြိုးပမ်းမည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြေညာ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်း၊ ညီညွတ်၊ တန်းတူ တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တရပ် ထူထောင်နိုင်ရေးအတွက် အခရာအကျဆုံးဟာ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးပဲဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)က ၃၄ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကေရစီ လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုလာမယ့်  ၂၀၂၂ ခုနှစ် ဩဂုတ် ၈ ရက်နေ့ဆိုရင်   ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ ၃၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အရေးတော်ပုံကြီးအတွင်း အသက် ခန္ဓာ ဘဝတွေ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အလွှာအသီးသီးမှ လူမျိုးပေါင်းစုံ မြန်မာပြည်သူအားလုံးတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လေးစား တန်ဖိုးထားစွာ ဦးညွှတ် အလေးပြုတယ်လို့ ဆိုပါတယ်။

အရေးတော်ပုံကြီးဟာ မဆလ အရေခြုံ တပါတီအာဏာရှင်အစိုးရကို  အပြီးအပိုင် တိုက်ဖျက်ပစ်နိုင်ခဲ့ကြပေမဲ့ နောက်ကွယ်ရှိ စစ်အာဏာရှင်စ နစ်ကို ဖျက်သိမ်းနိုင်ခြင်း မရှိခဲ့ပါ။ စစ်အုပ်စုက အရေးတော်ပုံကြီးကို အကြမ်းဖက် သတ်ဖြတ် အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်ကို သဏ္ဍာန်အမျိုးမျိုးနဲ့ ကျင့်သုံးလာခဲ့ကြတယ်လို့ လူ့ဘောင်သစ်ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ လူမျိုးပေါင်းစုံ ပြည်သူတွေကို စစ်အာဏာရှင်ရဲ့ ဓလေ့ဆိုးအတိုင်း အကြမ်းဖက် သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး၊ ညှဉ်းပန်းတဲ့ နည်းလမ်းတွေနဲ့ ချေမှုန်းတိုက်ခိုက်လို့ နွေဦးတော်လှန်ရေးကြီးက ပြည်သူ့ခုခံစစ်သဏ္ဌာန် ဆင်နွှဲ ပေါ်ပေါက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပါတီအနေနဲ့ နွေဦးတော်လှန်ရေးကြီးရဲ့  နိုင်ငံရေးတာဝန်တွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် ပုံသဏ္ဌာန်မျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်း သားအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုနဲ့အတူ ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျရာ တာဝန်ကနေ အစွမ်းကုန် ပူးပေါင်းအားထုတ် ကြိုးပမ်းသွားမယ်လို့လည်း ကြေညာထားပါတယ်။ DVB

မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်နေ ၊ ပြည်သူများ အသက်လုထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေကြောင်းဒေသခံများက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်မှစတင်ပြီး မင်းကင်းမြို့နယ်ရှိ ဘင်၊သင်တော၊လောင်းပြည့် ကျေးရွာအပါအဝင် ကျေးရွများအနီးကို ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်တိုက်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ရုတ်တရက်ကြီးလာပြီး ရဟတ်ယာဉ်တွေနဲ့ လာပစ်နေတယ်။ အခုလည်းပစ် နေတုန်း။ ဘာကြောင့် လာပစ်တာလည်းတော့ မသိဘူး။ လက်ရှိအချိန်မှာ အထိအခိုက်လည်း ဘာမှမပြောနိုင်သေးဘူး။ ဒေသခံတွေကတော့ အသက် လု ထွက်ပြေးနေကြရတယ်” ဟု လောင်းပြည့်ကျေးရွာဒေသခံတစ်ဦးက ပြောဆို သည်။

မင်းကင်းမြို့နယ်တွင် ယနေ့ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက် နေ သော ကျေးရွာများသည် စစ်တပ်၏ အကြိမ်ကြိမ်မီးရှို့ခံရသည့် ချင်းတွင်းမြစ် ကမ်း ဘေးမှ ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။ khit thit

လက်နက်ကြီး ထုတ်လုပ်နိုင်ရန်အတွက် နား ကပ်တစ်ရန်ကို မဲစနစ်ဖြင့် ရောင်းချကာ တော် လှန်ရေးရန်ပုံငွေ ရှာဖွေမည်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် အခြေစ်ိုက် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က နားကပ်တစ်ရန်ကို မဲစနစ်ဖြင့် ရောင်းချကာ လက် နက်ကြီး ထုတ်လုပ်န်ိုင်ရန်အတွက် တော်လှန်ရေး ရန်ပုံငွေ ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိလွတ်မြောက်နယ်မြေတွင် တာဝန်ထမ်းဆောင်နေသည့် တော်လှန်ရေးအမျိုးသမီးရဲဘော်တစ်ဦးက ၎င်းဝတ်ဆင်ထားသည့် နားကပ်ကို ပြောက်ကျားတပ်ဖွဲ့ထံ လိုအပ်သည့် ရန်ပုံငွေကို ဖြည့်တင်းပေးနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“အရင်ကတည်းက တော်လှန်ရေးကို အတူတူ လက်တွဲလုပ်လာခဲ့တဲ့ အမျိုးသမီးရဲဘော်တစ်ဦးက ကျွန်တော်တို့ ပြောက်ကျားတပ်ဖွဲ့ရဲ့ ရန်ပုံငွေ လိုအပ်ချက်ကို သိတယ်။ ပိုက်ဆံလည်း အများကြီး မလှူနိုင်လို့ နားကပ်ကို လာလှူဒါန်းခဲ့တာပါ။ အခုတော့ ဒီနားကပ်ကို လှူဒါန်းခဲ့တဲ့ တော်လှန် ရေးရဲမေက သင်တန်းဆင်းပြီးတဲ့နောက် MOD မှာ တာဝန်ထမ်းဆောင်နေပါပြီ” ဟု TBK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ နားကပ်ကို TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က မဲစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး မဲတစ်စောင်လျှင် ၅,၀၀၀ ကျပ်ဖြင့် အစောင်ရေ တစ်ထောင်ကျော်ကို တစ်လအချိန်ယူ ရောင်းချသွားမည် ဖြစ်သည်။

“အရင်ကတော့ ဒီနားကပ်ကို လေလံတင်ရောင်းချမလို့ စဉ်းစားသေးတယ်၊ ငွေအမောင့်(ပမာဏ)များရင် ပြည်သူတွေ အခက်အခဲဖြစ်မှာ စိုးလို့ မဲစနစ်နဲ့ ပြန်လည်ရောင်းချမှာ ဖြစ်ပါတယ်၊ မဲလက်မှတ်တွေ အားလုံးကုန်မယ်လို့လည်း ယုံကြည်ထားပါတယ်” ဟု TBK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

မဲစနစ်ဖြင့် ရောင်းချရာမှ ရရှိလာသည့် တော်လှန်ရေးရန်ပုံငွေ အားလုံးကို TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့၏ လက်နက်ကြီးထုတ်လုပ်ရာတွင် ပြန်လည်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့သည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အခြေစိုက် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဖြစ်ပြီး ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်မှုများ၊ ဒရုန်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

သပိတ်ကျင်းမြို့နယ်အတွင်းနှင့် ဆက်စပ်နယ်မြေများရှိ စစ်ကောင်စီတပ်ကို အရှိန်မြှင့်တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်မည်ဖြစ်ကာ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးရာတွင် နေထိုင်ကြပြီး ကာကွယ်ရေးတပ်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။

စစ်အာဏာရှင် တော်လှန်ရေးအတွက် ပါဝင်ကူညီလှူဒါန်းပေးကြသည့် ပြည်သူများကို ကျေးဇူးတင်ရှိကြောင်းနှင့် တော်လှန်ရေးကို အဟန့်အ တားဖြစ်အောင် လုပ်ဆောင်သူများကို တ်ိုက်ခိုက်မှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။mizzima

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီသ တင်းပေးဟု နာမည်ထွက်နေသူ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊သရက်ချောင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီ သတင်းပေးဟု နာမည် ထွက်နေသည့် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံ၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ပစ်ခတ်ခံရသည့် အမျိုးသားနှစ်ဦးမှာ စစ်ကောင်စီ သတင်းပေး ဒလန်ဟုနာမည်ထွက်နေသူများဖြစ်ပြီး သရက်ချောင်းမြို့နယ် ကြာအင်းရွာနှင့် ကင်းရှေ့ရွာတို့တွင် နေထိုင်သူများ ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

သရက်ချောင်းမြို့ခံ တစ်ဦးက”ပစ်ခံရတဲ့ လူနှစ်ဦး စလုံးက ဒလန်တွေ ဖြစ်ပါတယ်။ အရင်က PDF တွေ စာပစ်ပြီး သတိပေး ဖူးတယ် ။ လိုက်နာခြင်း မရှိလို့ ရှင်းလင်းခံရတာ ဖြစ်နိုင်တယ်”ဟု ပြောသည်။

ဦးကုလားဆိုသူအား ကင်းရှေ့ရွာလမ်းပိုင်းတွင် အမည်မသိ အဖွဲ့က သြဂုတ် ၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ခါးကြားတွင် ထိုးထားသည့် လက်လုပ် သေနတ် တစ်လက်ကိုလည်း သိမ်းဆည်း သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် သြဂုတ် ၅ ရက် ညနေ ၄ နာရီခွဲခန့် အချိန်တွင်လည်း ကြာအင်းရွာရှိ ဦးကျော်အောင် ဆိုသူသည်လည်း သင်းကျွန်းရွာ လမ်းပိုင်းတွင် ပစ်ခတ် ရှင်းလင်းခံခဲ့ရသည်ဟု သိရသည်။

ယင်းလုပ်ဆောင်ချက်ကို မည်သည့် အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ပြန်လာခြင်း မရှိသေးပေ။

အဆိုပါ သရက်ချောင်းမြို့နယ်တွင် နှစ်ပတ် အတွင်း ဒလန်ဟုနာမည်ထွက်နေသူ လေးဦးခန့် အထိ ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လာမည့် အန္တရာယ်ရှိဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံမှာ နိုင်ငံတွင်းစည်းလုံးညီညွတ်ရေး ပြန်လည်ဖော်ဆောင်ဖို့ စစ်ကောင်စီက ဘယ်လို တိုးတက်မှုကိုမှ မစွမ်းဆောင်နိုင်သေးတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်မယ့်အန္တရာယ်နဲ့ အလွန်နီးကပ်နေပြီလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အပေါ် အလွန်စိတ်ပျက်ရကြောင်း အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးကနေ ထုတ်ပြန်ပြီးနောက် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ  စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြား လိုက်တာလို့  စထရိတ်တိုင်းမ်းသတင်းစာမှာ ဖော်ပြပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဗီဗီယန်က “ကျတော်ပွင့်ပွင့်လင်းလင်းပြောပါမယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်မယ့်ဘက်ကို ဦးတည်နေပါတယ်။ အာဆီယံနဲ့ သဘောတူညီထားတဲ့ အချက် ၅ ချက်ကိုလည်း စစ်ကောင်စီက ဆောင်ရွက်နေတာ မတွေ့ရပါဘူး”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် ပေါ်ပေါက်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အချက် ၅ ချက်ပါ သဘောတူညီချက်ကို စစ်ကောင်စီ ခေါင်းဆောင်အပါအဝင် အာဆီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက  သဘောတူညီခဲ့ကြပါတယ်။

ဒါပေမဲ့ အခုချိန်ထိ အဲဒီသဘောတူညီချက်တွေကို စစ်ကောင်စီက ဖော်ဆောင်လိုက်နာခြင်း မရှိသေးဘဲ ဆန့်ကျင်သူတွေကို ညှဉ်းပန်းသတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့တဲ့ ပြည်သူ ၂၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါ့ပြင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပေါ် ချမှတ်ထားတဲ့ သေဒဏ်တွေအပေါ်မှာ ပြန်လည်သုံးသပ်ဖို့ အာဆီယံဥက္ကဋ္ဌ အလှည့်ကျ ကမ္ဘောဒီယားဝန်ကြီးချုပ်ရဲ့ ပန်ကြားချက်၊ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား ပရတ်ဆာခွန်းတို့ရဲ့ ပန်ကြားချက်တို့ကို မသိကျိုးကျွံပြုကာ သေဒဏ်စီရင်ခဲ့တဲ့ကိစ္စ၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်တို့ မြန်မာနိုင်ငံကို သွားရောက်ချိန်မှာ စစ်ကောင်စီက ဗုံးခွဲတာတွေဟာ အာဆီယံကို သူတို့က လုံးဝ အသိအမှတ် မပြုတဲ့ သဘော၊ အလေးမထားဂရုမစိုက်တဲ့ သဘောပဲဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံဘုံသဘောတူညီချက် အချက် ၅ ချက်အပေါ် စစ်ကောင်စီရဲ့ တုံ့ ပြန်ဆောင်ရွက်မှုပေါ်မူတည်ပြီး မြန်မာ့အရေးရှေ့ဆက် ဘယ်လို ကိုင်တွယ်မယ်ဆိုတာကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ကြစေဖို့ ဩဂုတ် ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ သဘောတူညီခဲ့ကြပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက “ကျနော်တို့က ဝင်ပါဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပြည်တွင်းစည်းလုံးရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဘယ်လောက်လိုအပ်တယ်၊ တန်ဖိုးရှိတယ်ဆိုတာကို စစ်ကောင်စီက နားမလည်ရင်၊ အာဆီယံအဖွဲ့ဝင်အနေနဲ့ အာဆီယံရဲ့ အကူအညီကို ကောင်း ကောင်းအသုံးမချနိုင်ရင် အခြေအနေက တော်တော်ကို ဆိုးသွားမှာပါ” လို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံက ပြဿနာတွေပြေလည်ဖို့ အချိန်ဘယ်လောက်ကြာဦးမယ်ထင်သလဲလို့ မေးရာမှာတော့ ၄ နှစ်ကနေ နှစ် ၂၀ လို့ တခြားသူတွေက ခန့်မှန်းကြကြောင်းနဲ့ သူကိုယ်တိုင်ကတော့ နှစ်တွေ အများကြီးကြာဦးမယ်လို့ ယူဆကြောင်းပြောပါတယ်။ 

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက “လက်နက်ကိုင်တိုက်ပွဲတွေအကြောင်း အသာထား၊ နိုဝင်ဘာ အစည်းအဝေးမတိုင်မီမှာ စစ်ကောင်စီက အ ကြမ်းဖက်မှုတွေကို တကယ်ရပ်လိုက်မယ်၊ နိုင်ငံရေးပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ အမှန်တကယ်ဆွေးနွေးမယ်၊ အာဆီယံအထူးကိုယ်စားလှယ်ကို အားလုံးနဲ့တွေ့ဆုံခွင့်ပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမယ်ဆိုရင်တော့ ကောင်းတဲ့အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာစစ်ကောင်စီ အခုသွားနေတဲ့လမ်းစဉ်အတိုင်းဆိုရင် နောက်ထပ်ဖိအားတွေ အဆိုးဆုံးကို ရင်ဆိုင်ရတော့မယ်လို့ ဆိုပါတယ်။ 

“မကြာခင်မှာပဲ ဒီလမ်းကို ရှေ့ဆက်လို့မရတော့ဘူးဆိုတာ သိလာမှာပါ။ နိုင်ငံတွင်းစည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံတနိုင်ငံဟာ ဘယ်လိုမှ ရှေ့မဆက်နိုင်ပါဘူး” လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တိုးတက်အောင်ဆောင်ရက်မှု မပြသနိုင်မချင်း မြန်မာ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကို အာဆီယံရဲ့ ဘယ်အစည်းအဝေးမှ တက်ခွင့်မပြုဘဲ ဆက်လက်ထားရှိဖို့  အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်လိုက်တဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး ပရတ်ဆာခွန်းက ပြောကြားထားပါတယ်။ DVB

အကြမ်းဖက်စစ်တပ်ကို KNDF တပ်ရင်း ၉ က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားများ ထိခိုက်သေဆုံးမှုများစွာဖြင့် ထွက်ပြေး

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်တပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုများစွာဖြင့် ထွက်ပြေးသွားကြသည့် ဗီဒီယိုကို တပ်ရင်း ၉ က ယနေ့ ထုတ်ပြန်သည်။

KNDF တပ်ရင်း ၉ နှင့် အကြမ်းဖက်စစ်တပ်ကြား ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၈ ရက်ကျော် ကြာမြင့်နေပြီဖြစ် ကြောင်း တပ်ရင်း ၉ သတင်းနှင့်ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်များတွင် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာ၊ ဒေါပိုးစီကျေးရွာ၊ ဒေါဘူးငံရယ် (၅) မိုင်ကျေးရွာနှင့် စံပြ (၆) မိုင်ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်နှင့် KNDF တပ်ရင်း ၉ ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

“ကျနော်တို့ မမများ (လက်နက်ကြီး) များနဲ့ ဧည့်ခံတာ အတုံးအရုံး၊ ထမ်းစင်နဲ့ပါ ထမ်းပြေးနေရပြီ။ မမရဲ့ အရေးပါပုံ၊ အသုံးဝင်ပုံကို နားလည်ပါပြီ” ဟု KNDF တပ်ရင်း ၉ က ယခုဗီဒီယိုနှင့်တကွ ထုတ်ပြန်ထားပြီး အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းပေးကြရန် တိုက်တွန်းနှိုးဆော်ထား သည်။ khit thit

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရဲ ပစ် ခတ်မှုဖြစ်ပွား

ရေး-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဏ္ဏဝါရပ်ကွက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင် တဆိုင်ရှေ့မှာ  PDF တွေထင်ပြီး စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု သြဂုတ် ၅ ရက်  မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

လက်ဖက်ရည်ဆိုင်ရှေ့ ရပ်ထားတဲ့ ကားပေါ်မှာ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်နဲ့ ရှိနေစဉ် ရဲသတင်းပေးက PDF တွေဆိုပြီး သတင်း ပေး လာခဲ့တာကြောင့် ရဲတွေက လာရောက်ပစ်ခတ်ခဲ့ရာမှာ ကားထိမှန်ပျက်စီးခဲ့ပြီး ရဲတွေက ဝိုင်းထားစဉ်  လူတဦးက စစ်တပ်ကပါဆိုပြီး ပြန် ပြောပြမှ စစ်တပ်ကမှန်း သိရှိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ အနီးပတ်ဝန်းကျင်မှာနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်သံတွေကြားတဲ့အတွက် ရေးမြို့ပေါ်က ကျောင်းသားမိဘတွေက  ကျောင်းမှာ လက်မှတ်ရေးထိုးပြီး သားသမီးတွေကို ကျောင်းကနေ ပြန်လည်ခေါ်ယူသွားခဲ့ရသလို စာသင်ကျောင်းအများစုမှာ ကျောင်းသားတွေ ကျောင်းဆက်မတက်ရဲကြလို့ စာသင်ကျောင်းတချို့ ယာယီ ပိတ်ထားရပါတယ်။

ရေးမြို့နယ်မှာ မကြသေးခင်ကလည်း လ.၀.က ရုံးဝန်ထမ်းတွေ ၀င်ရောက်ပစ်ခတ်ခံရအပြီးမှာ စစ်ကောင်စီ တပ်တွေက မြို့တွင်း  မြို့ပြင်တွေမှာ လှည့်ကင်းဝပ်ကင်းတွေကို ဌာနဆိုင်ရာရုံးနဲ့ PDFတွေ ဝင်လာနိုင်ခြေရှိတဲ့ လမ်းကြောင်းနေရာမှာ အရပ်ဝတ်နဲ့ပါ လုံခြုံရေးပိုမိုယူထားပြီး ဖမ်းဆီး စစ်ဆေးခံရတဲ့ သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

လ.၀.က ရုံး တိုက်ခိုက်ခံရမှုအပြီး ဌာနဆိုင်ရာ ရုံးတချို့ပိတ်ထားခဲ့သလို စာသင်ကျောင်းက ကျောင်းသားမိဘတွေက စိတ်ပူပန်ပြီး ကျောင်းမပေးတက်ရဲကြလို့ စာသင်ကျောင်းတချို့လည်း ပိတ်ထားလိုက်ပါတယ်။

ရေး PDF တွေက စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှကို အရှိန်မြှင့် ရှင်းလင်းသွားဖို့အတွက် စစ်ကောင်စီတပ်နဲ့ ဆက်နွှယ်နေတဲ့ ရုံးတွေနားကို အသွားလာတွေ သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။ DVB

ဒီပဲယင်း၊ ကိုင်းကံရွာကို စစ်တပ်က မီးတင်ရှို့နေ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကိုင်းကံရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က စတင်ကာ မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်း ဝင်ရောက် စီးနင်း ထားသောကြောင့် ပျက်စီး ဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ဖမ်းဆီးသတ် ဖြတ် ခံရမှု ရှိမရှိကိုလည်း အတည် မပြုနိုင်သေးကြောင်း သိရသည်။

” ကိုင်းကံရွာ မီးလောင်မှုက ဆုံးရှုံးမှု များနိုင်တယ်။ လောလောဆယ် လမ်းကြောင်း မရှင်းသေးတဲ့အတွက် ရွာထဲ မဝင်နိုင်သေးတော့ အတိအ ကျ မသိရသေးဘူး။ စစ်ခွေးတွေ ပြည်သူတွေကို သတ်ဖြတ် ဖမ်းဆီးမှု ရှိမရှိကိုလည်း အတည် မပြုနိုင်သေးဘူး” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ကံကုန်းရွာ အနီးအနားရှိ လျှော်ဖြူ၊ မကျည်းအုပ် ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံကုန်းရွာအတွင်း၌သာ ရှိနေသေးကြောင်း သိရသည်။ khit thit

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအ ဝေးထုတ်ပြန်ချက် စစ်ကောင်စီ လက်မခံပယ်ချ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့  ကြေညာချက်ပါ မြန်မာနိုင်ငံအရေးကိစ္စနဲ့ ပတ်သက်တဲ့  စာပိုဒ်အပေါ် လက်မခံပယ်ချကြောင်း အာဆီယံ အစည်းအဝေး တက်ခွင့်မရတဲ့  အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးက ထုတ်ပြန် ကြေညာပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ကြေညာချက်မှာ မြန်မာနဲ့ ပတ်သက်လို့ စာတပုဒ်သီးခြားဖော်ပြထားတာမှာ မြန်မာစစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အချိန်နဲ့တပြေးညီ ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမရှိတဲ့အပေါ်မှာ အလွန်အမင်းစိတ်ပျက်မိကြောင်း၊ ဒီမိုကရေစီရေးလှုပ်ရှားသူအတိုက်အခံ ၄ ဦးကို ကွက်မျက်ခဲ့တာ အပါအဝင် မြန်မာ့နိုင်ငံရေးအကျပ်အတည်း ရှည်ကြာနေတဲ့ အပေါ် စိုးရိမ်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဌာနက လက်မခံပယ်ချကြောင်း    ဩဂုတ် ၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စကို ပြင်ပမှ မစွက်ဖက်ရေး၊ မနှောင့်ယှက်ရေး၊ အဖွဲ့ဝင်နိုင်ငံတွေအကြား နိုင့်ထက်စီးနင်းမှုမရှိရေးရေး “မူ”တွေကို အာဆီယံအနေနဲ့ လေးစားသင့်ပြီး  မြန်မာနိုင်ငံဟာ မိမိရဲ့ ပြည်တွင်းရေးကိစ္စကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နေမှုကို လေးစားဖို့ လိုတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိကြောင်း ဖော်ပြချက်ဟာ မြန်မာနိုင်ငံရဲ့ အမှန်တကယ်ကြိုးပမ်းဆောင်ရွက်နေမှုတွေပို မျက်ကွယ်ပြုပြီး လျစ်လျူရှုရာ ရောက်လို့ ကန့်ကွက်တယ်လို့ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပြင်ပနိုင်ငံတွေဟာ မြန်မာနိုင်ငံကို ပုံမှန် အနေအထားသို့ ပြန်လည်ရောက်ရှိရေးကူညီဖို့  အမှန်တကယ် ဆန္ဒရှိတယ်ဆိုပါက  NUG နဲ့ PDF အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ပြောဆိုမှုတွေ အားပေးတဲ့လုပ်ရပ်တွေကို ရှောင်ရှားသွားရမယ်လို့ စစ်ကောင်စီ နိုင်ငံ ခြားရေးဌာနက ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူ ၄ ယောက်အပေါ် ပြစ်ဒဏ်ချမှတ် အရေးယူခဲ့တဲ့ကိစ္စ အာဆီယံဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နိုင်ငံတွေထံ သက်သေအထောက် အထားတွေနဲ့တကွ ရှင်းလင်းတဲ့စာတွေ မြန်မာနိုင်ငံက ပေးပို့ထားခဲ့ပေမဲ့ “နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ” အဖြစ် ပူးတွဲထုတ်ပြန်ချက်တွင် သုံး နှုန်းဖော်ပြခြင်းသည် လျော်ကန်မှုမရှိပါကန့်ကွက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ 

(၅၅)ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို  ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့မှာ ဇူလိုင် ၃၁ ရက်မှ ဩဂုတ်  ၆ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုတော့ အစည်းအဝေးတက်ခွင့် မပြုခဲ့ပါဘူး။ DVB

« Older Entries