စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ် ချုပ်ဇော်မင်းထွန်းပြောကြားခဲ့သည့် လွဲမှားနေသော သမိုင်းဆိုင်ရာအချက်အလက်များ

အာဏာသိမ်းစစ်ကောင်စီ၏ (၁၈)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ သမိုင်းဆိုင်ရာ အချက်အလက်များကို လွဲမှားစွာပြောကြားခဲ့သည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ထိုအချက်အလက်အလွဲများကို ဖော်ထုတ်စိစစ်ခဲ့သည်။

ဂဠုန်ဆရာစံ၏ အမှုကိုလိုက်ပေးသူက ဂဠုန်ဦးစော တစ်ယောက်တည်းဆိုသောကိစ္စ

==============

သတင်းစာရှင်းလင်းပွဲတွင် သူရိယနေဝန်းသတင်းဌာန အယ်ဒီတာချုပ်ဦးမိုးဟိန်းမှ “ဂဠုန်ဦးစောသည် သေဒဏ်ချမှတ်ခံပြီးချိန်တွင် သူ၏ရှေ့နေမှ ဦးစောသည် နိုင်ငံ၏ကောင်းကျိုးများဆောင်ရွက်ခဲ့သော ကြောင့် သေဒဏ်မှကင်းလွတ်ခွင့်ရရန် ကြိုးစားကြောင်းနှင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ်သော်အပါအဝင် လေးဦး သေဒဏ်ချမှတ်သည့်အပေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ပြည်ပတွင်ရှိနေသည့် မီဒီယာများ မြန်မာ နိုင်ငံတွင်ရှိသည့် နိုင်ငံခြားသံရုံးများမှ ထုတ်ပြန်ချက်မျိုးစုံဖြင့် ရှုတ်ချဆန့်ကျင်နေမှုများ ရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးအနေဖြင့် လက်ရှိအစိုးရ၏ သဘောထားကို ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဖြေကြားပေး စေလိုကြောင်း” မေးမြန်းခဲ့သည်။

ထိုအမေးကို ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြန်လည်ဖြေဆိုရာတွင် “ဆရာစံရဲ့အမှုမှာ ဘယ်သူမှ ရှေ့နေမလိုက် ရဲဘူး။ ဘယ်သူပဲရှေ့နေလိုက်လဲဆိုတော့ ဦးစောပဲ ရှေ့နေလိုက်တယ်။ ဒါကြောင့်မို့ သူက ဂဠုန်ဦးစောလို့ နာမည်တွင်တာဖြစ်တယ်” ဟုထည့်သွင်းဖြေကြားခဲ့သည်။

၁၃‌၀၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် တောင်သူလယ်သမားအရေးတော်ပုံကြီး၏ တောင်သူလယ်သမား ခေါင်းဆောင်ဖြစ်သည့် ဆရာစံ၏အမှုတွင် ဂဠုန်ဦးစောတစ်ဦးသာ ရှေ့နေလိုက်ပေးခဲ့သည်ဆိုခြင်းဖြစ်သည်။

သို့သော်စာရေးဆရာမြင့်ဆွေ၏ “ဂဠုန်ဆရာစံရန်ပုံငွေ” စာအုပ်တွင် ၁၉၃၁ ခု၊ အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှဖော်ပြချက်အရ “ ဆရာစံဘက်မှလိုက်ပါဆောင်ရွက်ကြကုန်သော ဝတ်လုံ တော်ရ ဦးဘမော်၊ ဦးဘဟန်၊ ဦးထွန်းအောင်ကျော်၊ သာယာဝတီဦးမြ၊ ဥပဒေပြုအမတ်ဦးမောင်ကြီး အစရှိသော ဝတ်လုံတော်ရများနှင့် တိုင်းပြည်လူကြီးများက ဘိလပ်ပရီဗီကောင်စီ နောက်ဆုံးအယူခံ လွှတ် တော်ကြီး၌ အယူခံဝင်ရန် စီမံနေကြပြီဟုသိရှိရကြောင်း၊ ယခုအခါ မြန်မာပြည်မှ ကိုယ်စားလှယ်ကြီး များသည် ဘိလပ်သို့သွားရောက်နေခိုက်ဖြစ်၍ ဆရာစံ၏အယူခံအမှုတွင် ဝတ်လုံတော်ရ ဦးမောင်ကြီး၊ ဦးချစ်လှိုင်၊ ဦးဘစီ၊ သာယာဝတီဦးပု အစရှိသောပုဂ္ဂိုလ်ကြီးတို့က မုချပါဝင်ကူညီဆောင်ရွက်ကြမည်ဖြစ် ကြောင်း” ဆရာစံဘက်မှ ရှေ့နေလိုက်ပါဆောင်ရွက်သည့် ဝတ်လုံတော်ရများ၏အမည်ကို ဖော်ပြထားသည်။

တဖန် စာရေးဆရာရဲသွေးထက်၏ “ပါရဂူဘွဲ့ရနိုင်ငံရေးသမားတစ်ဦး သို့မဟုတ် အဓိပတိဒေါက်တာ ဘမော်” စာအုပ်တွင် “၁၃‌၀၀ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သည့် တောင်သူလယ်သမားအရေးတော်ပုံကြီးနှင့် ကြုံ ကြိုက်ခဲ့ရာ အရေးတော်ပုံအတွင်း တောင်သူလယ်သမားခေါင်းဆောင်ကြီး ဆရာစံဖမ်းခံရသောကြောင့် ဆရာစံဘက်တွင် ဝတ်လုံအဖြစ်ဆောင်ရွက်ရာမှ ဒေါက်တာဘမော်သည် နိုင်ငံရေးလောက၌ ထင်ရှားလာ သည်” ဟု ဖော်ပြသည်။

ထို့အပြင် “ဒေါက်တာဘမော်သည် ၁၉၃၁ ခု နိုဝင်ဘာလ ၁၆ ရက်တွင် ကြိုးမိန့်ပေးခံရသော တောင်သူ လယ်သမားပုန်ကန်မှုခေါင်းဆောင် ဂဠုန်ဆရာစံအမှုတွင် ဆရာစံဘက်မှဦးဆောင်ချေပရာမှ ထင်ရှားလာ သည်” ဟု စာရေးဆရာမောင်ဇေယျာရေးသားသည့် “မြန်မာလူကျော် ၁၀၀” စာအုပ်မှ အဓိပတိဒေါက်တာ ဘမော်အပိုင်းတွင် ဖော်ပြထားသည်။

ဤအချက်များကိုကြည့်လျှင် ဆရာစံဘက်မှအမှုလိုက်ပါဆောင်ရွက်သူများမရှိဘဲ ဦးစောတစ်ဦးသာရှိ သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြော ဆိုချက်သည် မှားယွင်းနေပြီး ဆရာစံဘက်တွင် ဝတ်လုံတော်ရ များစွာလိုက်ပါဆောင်ရွက်ကြောင်း သိနိုင်သည်။

ဦးစောသည် တောင်သူလယ်သမား တော်လှန်ရေးခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏နောက်လိုက် ဂဠုန် တပ်ဖွဲ့ဝင်များကိုသာရှေ့နေလိုက်ပေးခဲ့ခြင်းဖြစ်ပြီး ဥပဒေပြုလွှတ်တော်အစည်းအဝေးတွင် ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံနှင့်ပတ်သက်၍ အင်္ဂလိပ်အစိုးရ၏ အရေးယူဆောင်ရွက်မှုများကို ပြင်း ပြင်းထန်ထန်ဝေဖန်ပြောကြားရာ ထိုစဉ်ကပြည်ထဲရေးအတွင်းဝန် မစ္စတာဘုသ်ဂရေဗလီ (Mr. Booth Gravely)က ဦးစောအား “မောင်မင်း ဂဠုန်ဖြစ်လာပြီ”ဟု ပြောကြားရာမှ ဂဠုန်ဦးစောဟုအမည်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သန်းဝင်းလှိုင်၏ “အထင်ကရမြန်မာ့နိုင်ငံရေးခေါင်းဆောင်များ” စာအုပ်တွင် ဖော်ပြထား သည်။

ဝိုင်အမ်ဘီအေ အသင်းကြီး စတင်ပေါ်ပေါက်သည့် ခုနှစ်

=============

ဦးမိုးဟိန်း၏အမေးကိုဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ၁၉၂၀ လောက်မှာမှစပြီး YMBA တို့လို အသင်းမျိုးတွေပေါ်လာတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာကလျာဏယု၀အသင်း(ဝိုင်အမ်ဘီအေ) အသင်းကြီးအကြောင်းကို “အင်္ဂလိပ်နယ်ချဲ့ အရင်းရှင် စနစ်အောက်သို့ ကျရောက်ခဲ့ရသော မြန်မာတိုင်းရင်းသားတို့သည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့တွင် ဖိနှိပ်ချုပ်ခြယ်မှုများကို တွေ့ကြုံခံစားခဲ့ရသည့်အတွက် ၁၉၀၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေအသင်းကြီး ပေါ် ပေါက်လာခဲ့သည်။ ၁၉၂၀ ခုနှစ် ပြည်မြို့တွင်ကျင်းပသော အဌမအကြိမ် ဝိုင်အမ်ဘီအေ ပြည်လုံးကျွတ် အ စည်း အဝေးကြီးက ဝိုင်အမ်ဘီအေကို မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာအသင်းချုပ်ကြီး(ဂျီစီဘီအေ)ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်” ဟု အဌမတန်း သင်ရိုးဟောင်း၏ သမိုင်းဘာသာရပ် အခန်း (၁) ကိုလိုနီခေတ် အကြောင်းတွင် ဖော်ပြထားသည်။

ဂျူးဒစ်ဘရောင်းနှင့် ဒဘယ်လျူအမ်ရာဂျာလူးဝစ်တို့နှစ်ဦးရေးသားထားသည့် ဗြိတိသျှအင်ပါယာ၏ အောက်စဖို့ဒ်သမိုင်း – အတွဲ (၄) ၂၀ ရာစု အပိုင်းတွင် “ ၁၉၀၆ ခုနှစ်တွင် အနောက်တိုင်းပညာတတ် အထက်တန်းစားတစ်ဦးက မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာတရားကို ပြန်လည်ရှင်သန်စေရန်ရည်ရွယ်၍ YMBA ကို တည်ထောင်ခဲ့သည်” ဟု ရေးသားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားသကဲ့သို့ ဝိုင်အမ်ဘီအေကို (၁၉၂၀)တွင် စတင်ဖွဲ့စည်းခြင်းမဟုတ်ဘဲ ၁၉၀၆ ခုနှစ်ကတည်းကဖွဲ့စည်းခဲ့ပြီး ၁၉၂ ၀ တွင် ဂျီစီဘီအေဟု အမည်ပြောင်းလည်းခြင်းသာ ဖြစ်သည်။ သက်တမ်းအားဖြင့် ၁၁၆ နှစ်ရှိနေပြီ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s