နေပြည်တော်အချုပ်ထောင်အတွင်းရှိ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လတ်တလော အခြေအနေ

နေပြည်တော်အချုပ်ထောင်ရှိ အဆောက်အအုံတစ်ခုအတွင်း တစ်ဦးတည်းနေထိုင်နေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လတ်တလောတွင် မျက်စိဝေဒနာကို ခံစားနေရကြောင်း သိရသည်။
“ကျန်းမာရေးကောင်းပါတယ်၊ မျက်စိမှာတော့ နည်းနည်း infection ဝင်တဲ့သဘောရှိတယ်၊ ရေက အထဲကရေက မကောင်းဘူးလို့ သိရတယ်၊ ရေကြောင့်ဖြစ်တာတွေလည်းပါတယ်”ဟု သတင်းရင်းမြစ် တစ်ဦးကပြောသည်။
“ဆိုးတဲ့အနေအထားတော့ မဟုတ်သေးပါဘူး၊ နည်းနည်းတော့ သိသာတယ်၊ နှစ်ဖက်ယှဉ်ကြည့်လိုက်ရင်တော့ သိသာတယ်၊ အဆိုးကြီးလားဆိုတော့လည်း အဆိုးကြီးတော့ မဟုတ်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ဝေဒနာမှာ ဘယ်ဘက်မျက်လုံးတွင် ခံစားနေရခြင်းဖြစ်ပြီး အကျဉ်းထောင်ဆရာဝန်နှင့် ပြသနေရသည်ဟု သိရသည်။ ထို့ကြောင့် လာမည့်အခေါက် ထောင်ဝင်စာပို့သည့်အခါ မျက်စဥ်းဆေးထည့်ပေးရန် စီစဥ်နေကြောင်း နီးစပ်သူများထံက သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်ဆရာဝန်များက နေ့တိုင်းကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပေးရန် ကမ်းလှမ်းသော်လည်း ကျန်းမာရေးကောင်းမွန်မှုကို အကြောင်းပြုကာ ၎င်းက တစ်ပတ်တစ်ခါသာ ကျန်းမာရေးစစ်ဆေးရန် သဘောထားပေးခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ရက်နေ့ကတည်းက သီးသန့်ထိန်းသိမ်းထားသည့်နေရာတစ်ခုမှ နေပြည်တော်အချုပ်ထောင်သို့ တစ်ဦးတည်း ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ၎င်းနေထိုင်သည့် အဆောက်အအုံတွင် မှန်ပြတင်းပေါက်များမှတစ်ဆင့် အပူဒဏ်ကို ခံစားနေခဲ့ရကာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မှန်ပြတင်းပေါက်များတွင် လိုက်ကာများတပ်ဆင်ပေးခဲ့သည်ဟု သိရသည်။
“တော်တော်များများနေရာတွေကိုတော့ လိုက်ကာတွေပြန်လုပ်ပေးတယ်လို့ သိရပါတယ်၊ သူတို့ဘက်က ကြည့်လို့ရမယ့်နေရာတစ်ခုပဲမှန်ကို၊ သူတို့ဆီကနေ တိုက်ရိုက်မြင်မယ့်နေရာက မှန်ကို လိုက်ကာ မကာပေးဘဲ ကျန်တဲ့နေရာ အကုန်ကာပေးထားတယ်လို့ သိရတယ်”ဟုဆိုသည်။
“အရင်တုန်းကတော့နေရောင်က တစ်ဖက်က အုတ်တံတိုင်းကအဖြူ၊ အဖြူကို နေရောင်ထိုးရင် အဲ့ဒီအဖြူကနေပြီး မှန်ထဲကို လာပြန်ဟပ်ပြီး မျက်လုံးက ဘယ်လိုမှကြည့်လို့မရတဲ့ အနေအထားဖြစ်တယ်လို့ သိရတယ်၊ အခုတော့ အဲ့ဒီအခြေအနေတွေကောင်းသွားပြီလို့ သိရတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။
နေထိုင်စားသောက်ရမှုနှင့် ပတ်သက်ပြီး သိပ်ပြီးအဆင်ပြေလှသည့်အနေအထားမဟုတ်သော်လည်း အပြင်က အစားအသောက်များ သွင်းခွင့်ပြုထားကာ အပြင်က ပို့သည့် ပစ္စည်းများနှင့် ပတ်သက်၍ အလွန်စိစစ်မှုရှိကြောင်း သိရသည်။
အမျိုးသမီးထောင်ဝန်ထမ်းသုံးဦးကို ဒေါ်အောင်ဆန်းစုကြည်အတွက် စီစဉ်ပေးထားသော်လည်း ချုပ်နှောင်ထားသည့် အဆောက်အအုံအတွင်း ရုပ်မြင်သံကြား၊ ရေခဲသေတ္တာ၊ အဲယားကွန်းစသည့် အသုံးအဆောင်များထားရှိပေးထားခြင်း မရှိပေ။
“နေရထိုင်ရတာတော့ ပင်ပန်းမှာပေါ့ ထောင်ထဲမှာ၊ သူကိုယ်တိုင်က ဘာမှ မတောင်းဆိုဘူး၊ မတောင်းဆိုတော့ ထောင်ထဲမှာ သူတို့ထားသလို ထောင်သားတွေလိုပဲ သူနေတာ”ဟု နီးစပ်သူတစ်ဦးက ဗုဒ္ဓဟူးနေ့က mizzima ကို ပြောထားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁နှစ်ကျခံနေရပြီး ကျန်ရှိသည့်အမှုတစ်ဒါဇင်ကျော်ကို ဆက်လက်ရင်ဆိုင်နေရသည်။
ဆက်လက်ရင်ဆိုင်နေရသည့်အမှုများထဲမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့် ဆက်စပ်စွဲဆိုထားသည့်အဂတိအမှုလေးမှုမှာ ယခုလ ၁၅ ရက်နေ့တွင် အမိန့်ချရန် စီစဉ်ထားသည်။ mizzima