သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီသ တင်းပေးဟု နာမည်ထွက်နေသူ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊သရက်ချောင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီ သတင်းပေးဟု နာမည် ထွက်နေသည့် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံ၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
ပစ်ခတ်ခံရသည့် အမျိုးသားနှစ်ဦးမှာ စစ်ကောင်စီ သတင်းပေး ဒလန်ဟုနာမည်ထွက်နေသူများဖြစ်ပြီး သရက်ချောင်းမြို့နယ် ကြာအင်းရွာနှင့် ကင်းရှေ့ရွာတို့တွင် နေထိုင်သူများ ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
သရက်ချောင်းမြို့ခံ တစ်ဦးက”ပစ်ခံရတဲ့ လူနှစ်ဦး စလုံးက ဒလန်တွေ ဖြစ်ပါတယ်။ အရင်က PDF တွေ စာပစ်ပြီး သတိပေး ဖူးတယ် ။ လိုက်နာခြင်း မရှိလို့ ရှင်းလင်းခံရတာ ဖြစ်နိုင်တယ်”ဟု ပြောသည်။
ဦးကုလားဆိုသူအား ကင်းရှေ့ရွာလမ်းပိုင်းတွင် အမည်မသိ အဖွဲ့က သြဂုတ် ၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ခါးကြားတွင် ထိုးထားသည့် လက်လုပ် သေနတ် တစ်လက်ကိုလည်း သိမ်းဆည်း သွားခဲ့ကြောင်း သိရသည်။
ထို့အပြင် သြဂုတ် ၅ ရက် ညနေ ၄ နာရီခွဲခန့် အချိန်တွင်လည်း ကြာအင်းရွာရှိ ဦးကျော်အောင် ဆိုသူသည်လည်း သင်းကျွန်းရွာ လမ်းပိုင်းတွင် ပစ်ခတ် ရှင်းလင်းခံခဲ့ရသည်ဟု သိရသည်။
ယင်းလုပ်ဆောင်ချက်ကို မည်သည့် အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ပြန်လာခြင်း မရှိသေးပေ။
အဆိုပါ သရက်ချောင်းမြို့နယ်တွင် နှစ်ပတ် အတွင်း ဒလန်ဟုနာမည်ထွက်နေသူ လေးဦးခန့် အထိ ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ mizzima