Monthly Archives: Aug 2022

စစ်တပ်ကို မုန်းတီးနေမည့်အစား တွန်းလှန်နိုင်မည့်နည်းလမ်းများသာ စဉ်းစားရန်အချိန်ရောက်ပြီဟု NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းဆို

အကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီကိုမုန်းတီးနေမည့်အစား တွန်းလှန်နိုင်မည့်နည်းလမ်းများကို စဉ်းစားရန်အချိန်ရောက်ပြီဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုး မင်းက ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် လူ့အခွင့်ရေးချိုးဖောက်မှုများကျူးလွန်နေသည့် အဆင့်ထက်ကျော် လွန်ပြီး နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသည့်အတွက် တွန်းလှန်နိုင်မည့်နည်းလမ်းများကို စဉ်းစား ရန်အချိန်ရောက်ပြီဟု ဝန်ကြီးက မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ လူ့ အခွင့်ရေးချိုးဖောက်တဲ့ စစ်တပ်ကို မုန်းတီးနေမယ့်အစား သူတို့ကိုဘယ်လိုမျိုးနည်းနဲ့ တွန်းလှန်နိုင် မယ့်နည်းလမ်းတွေကို လုပ်ဆောင်ဖို့ အချိန်ရောက်ပါပြီ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်ခွင့်စွာ အသက်ရှင်သန်ပိုင်ခွင့် စသည့် အခြေခံလူ့အခွင့်ရေးများကို ချိုးဖောက်မှုများ ဆက်တိုက် ကျူးလွန်လျက်ရှိနေသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန် ထားသော သတင်းများအရ ဩဂတ်လ ၇ ရက်နေ့အထိ စစ်ကောင်စီမှ သတ်ဖြတ်ထားသည့် ပြည်သူ စုစုပေါင်း၂၁၅၈ ဦး ရှိနေပြီဖြစ်သည်။

ထိုသို့ သတ်ဖြတ်မှုများပြုလုပ်သည့် စစ်ကောင်စီသည် ၎င်းကိုခုခံတိုက်ခိုက်နေသည့် ဒေသများတွင် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်း၊ နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိနေသည်။

ISP (Institute For Strategy and Policy- Myanmar) မှ ထုတ်ပြန်ထားသည့်စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့အထိ နေအိမ် မီးရှို့ခံရမှု ၂၈၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး ၎င်းတို့ထဲတွင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့မှာ မီးရှို့ခံရမှုအများဆုံးဖြစ်သည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီတပ်က အငြိုးထားတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

စစ်ကောင်စီ၏လုပ်ရပ်များသည် အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာတွင် စစ်ရာဇဝတ်မှုများကို ဆက် တိုက်ကျူးလွန်နေသည့်အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦးကို လက်တွေ့ကြိုပေးသတ်ဖြတ်ပြီး တရားဝင်လူသတ်မှုများကို စတင်ကျူးလွန်ခဲ့သည်။

“အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုမျိုးစုံကို ဆိုးဆိုးရွားရွားချိုးဖောက်နေတဲ့ ရာဇဝတ်ကောင်တွေဖြစ်နေပြီ ဆိုတာပြောလို့ရတယ်။ အရင်တုန်းက လူသတ်တယ် သေဆုံးမှုက ဒီလောက်မများဘူး။ အခုက တစ်နိုင်ငံ လုံး တွေ့သမျှမဲမဲမြင်ပစ်နေတာမျိုး တစ်နိုင်ငံလုံးမီးရှို့နေတာမျိုး” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။ mizzima

ပလက်ဝကို စစ်ကောင်စီက ရေကြောင်းပိတ်ထားသဖြင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကျောက်တော်-ပလက်ဝ ရေကြောင်းလမ်းကို ဩဂုတ်လ ၁ ရက်နေ့ကတည်း ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်မှုရပ်တန့်နေပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့ ပလက်ဝမြို့ခံတွေက ပြောပါတယ်။

ကျောက်တော်- ပလက်ဝ ရေကြောင်းပိတ်ထားတာကြောင့် ကုန်စည်ပို့ဆောင်နေကြတဲ့ စက်လှေတွေ သွားခွင့်မရကြသလို တပတ်တကြိမ်ပြေးဆွဲနေတဲ့ စစ်ကောင်စီပိုင် ဇက်ရေယာဉ်လည်း ပြေးဆွဲခြင်းမရှိတာကြောင့် စက်သုံးဆီပြတ်တောက်ကာ တခြား ကုန်ပစ္စည်းဈေးနှုန်းတွေလည်း ၃ ဆ နီးပါးအထိမြင့်တက်သွားတယ်လို့ ပလက်ဝမြို့ခံ တဦးက ပြောပါတယ်။

“ပလက်ဝက ကျောက်တော်မြို့ကိုပဲ အဓိက မှီခိုပြီး ကုန်စည်တွေ တင်သွင်းနေရတာဆိုတော့ အခုလို လမ်းကြောင်းတွေ ပိတ်လိုက်တာကြောင့် တော်တော်လေးကို အခက်အခဲတွေဖြစ်နေကြတယ်။ စက်သုံးဆီတွေဆိုရင် လုံးဝကို ဝယ်လို့ မရတော့ဘူး။ တခြား စားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေကလည်း ၂ ဆ ကျော် ၃ဆ နီးပါးအထိ မြင့်တက်သွားပြီ။”

ပလက်ဝမြို့နယ်မှာ ဩဂုတ်လဆန်းကတည်းက စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ) တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ ၂၈၉ တပ်ရင်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို လက်နက်ကြီး ပစ်ခတ်ပြီး အင်အားတိုးချဲ့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ကျောက်တော်- ပလက်ဝ ရေကြောင်းလမ်းတွေကို ပိတ်လိုက်တော့ ပလက်ဝ ဒေသခံတွေအတွက် ကျန်မာရေး၊ လူမှုရေးနဲ့ စားဝတ်နေရေးက အစတော်တော်လည်းကို အခက်အခဲတွေဖြစ်သွားပြီး။ ပလက်ဝက ဝန်ထမ်းတွေပဲ အဓိက နေထိုင်ကြတဲ့မြို့ဆိုတော့ ဝင်ငွေထက် ကုန်ဈေးနှုန်းက ကြီးနေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဒီက ထုတ်တဲ့ သီးနှံတွေကိုလည်း ပို့ဆောင်လို့ မရတာကြောင့် တောင်သူတွေမှာလည်း တော်တော်လည်းကို အခက်အခဲတွေဖြစ်နေကြတယ်” လို့ ပလက်ဝမြို့ခံ နောက်တဦးက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ဩဂုတ် ၂ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးကာ ကျောင်းသားအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ) စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ DVB

တောင်ကိုရီးယားနိုင်ငံရှိ မြို့ ၅ မြို့တွင် ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့် အခမ်းအနားများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားများပြုလုပ်

khit thit

ဝရမ်းထုတ်ခံရသူ ရေးဘီးလူးအဖွဲ့ခေါင်း ဆောင် နေအိမ် ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်က  နေအိမ်ကို သြဂုတ် ၆ ရက်မှာ စစ်ကောင်စီက ချိပ်ပိတ်လိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“မိသားစုအလိုက် အရင်တည်းက ဒီနေ့အထိ ရှောင်ပြေးနေရတယ်။ အခုက အိမ်ကိုပဲ ချိပ်ပိတ် လိုက်တယ်။”

ရေးမြို့နယ်မှာ NLD ပါတီ ထောက်ခံသူတွေရဲ့ နေအိမ်တွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့သူတွေရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံနေရတာ ၁၀ လုံးလောက် ရှိပြီလို့ သိရပါတယ်။

လ၀ကရုံးတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီးမှာ PDF တွေနဲ့ ပါဝင်ပက်သက် ဆက်နွှယ်တယ်ဆိုပြီး ဖမ်းဆီးခံရထားရသူက ၁၀ ယောက်ထက်မနည်း ရှိနေပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးတဲ့ အတွက် မိသားစုတွေ စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြန်ပြီးတဲ့နောက် လုံခြုံရေး ပိုမိုတင်းကျပ်ကာ အသွားလာ ကန့်သတ်ထားပြီး လမ်းတွေပိတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်ကြပြီး ဆန်၊ ဆီ၊ ဆေး၊ ဆားတွေ ဝယ်ယူမှု မြင့်တက်လာနေတယ်လို သိရပါတယ်။ DVB

မြန်မာ့အရေး အာဆီယံကြိုးပမ်းချက်များကို ပံ့ပိုးကူညီမည်ဟု ဂျပန် ကတိပြု

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၏ အခြေအနေကို တိုးတက်ကောင်းမွန်စေရေး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ကြိုးပမ်းအားထုတ်မှုများကို ဂျပန်နိုင်ငံဘက်က ထောက်ခံပြီး အားပေးကူညီသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှိက စနေနေ့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ကတိပြုပြောဆိုလိုက်သည်။

ဖနွမ်းပင်မြို့တွင် ဟွန်ဆန်နှင့် တွေ့ဆုံစဉ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာက မကြာသေးခင်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူနှစ်ဦး အပါအဝင် လူလေးဦးကို ကွပ်မျက်ခဲ့မှုများအပေါ် “အလွန်တရာ စိုးရိမ်ပူပန်” ကြောင်း ထုတ်ဖော်ခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ မဆုတ်သာမတိုးသာ အခြေအနေကို ချိုးဖျက်ကျော်လွှားနိုင်ရေး ကမ္ဘောဒီးယားအနေဖြင့် ဂျပန်နိုင်ငံနှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟွန်ဆန်က ပြောခဲ့သလို တိုကျို၏ မမှတ်မသုန် ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ခဲ့သည်ဟု ဝန်ကြီးဌာနက ပြောသည်။

ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူနေသည့် ကမ္ဘောဒီးယားသည် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရန် တက်ကြွသော ဒစ်ပလိုမေစီဖြင့် ပါဝင်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုသည် ဒီမိုကရေစီ တောင်းဆိုသော ပြည်သူများအပေါ် အကြမ်းဖက် ဖိနှိပ်မှုများ ဆက်လုပ်နေသည်။ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် ပရက်ခ် ဆော့ခွန်းသည် အာဆီယံအထူးသံတမန်အဖြစ် မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရန် ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ထားခဲ့သည်။

သို့သော် ၎င်း၏ ခရီးစဉ်များအတွင်း ပရက်ခ် ဆော့ခွန်းအနေဖြင့် ရွေးကောက်ခံ မြန်မာအရပ်သားအစိုးရကို ဦးဆောင်ခဲ့ပြီး အာဏာသိမ်းမှု၌ ဖြုတ်ချခံရကာ လက်ရှိ အကျဉ်းချခံထားသည့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပေ။mizzima

မင်းကင်းမြို့နယ်၌ ရွာသား ၅၀ ခန့်ကို စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးပြီး အစာမ‌ကျွေးဘဲ နှိပ်စက်ထား

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာမှာ စစ်ကောင်စီတပ်က ရွာသားတွေကို  ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၆ ရက်က လောင်းပြည့်ကျေးရွာကို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ရွာသား ၅၀ ထက်မနည်းကို ဖမ်းဆီးကာ ဒေသခံ ၃ ယောက်ကိုလည်း ရဟတ်ယာဥ်နဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို လောင်းပြည့်ကျေးရွာဘုန်းကြီးကျောင်းမှာ ခေါ်ဆောင်ထားပြီး  သြဂုတ် ၆ ရက် နေ့လယ်ပိုင်းကနေ အခုချိန်ထိ အစာမကျွေးဘဲ ရေသာသောက်ခိုင်းထားကာ တောတွေထဲမှာ ရှိတဲ့ PDF အဖွဲ့တွေကို လက်နက်ချဖို့ စစ်ကောင်စီတပ်ဖွဲ့က ပြောဆိုကြောင်းနဲ့ လက် နက်ချရင် လက်ရှိ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီတပ်ဖွဲ့က ပြောကြောင်း ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သြဂုတ် ၇ ရက် မနက်ပိုင်းကစပြီး တောနင်းရှာဖွေနေတာကြောင့် တောတောင်တွေထဲမှာ စစ်ရှောင်သူတွေလည်း ဦးတည်ရာမဲ့ ထပ်မံထွက်ပြေးနေကြရပါတယ်။

သြဂုတ် ၆ ရက်က လောင်းပြည့်ကျေးရွာကို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာခဲ့ရာမှာ ဒေသခံတွေထဲက ထိခိုက်သေဆုံးဒဏ်ရာရသူ ရှိ၊မရှိ မသိသေးသလို  လောင်းပြည့်ကျေးရွာက ထွက်မပြေးနိုင်သူတွေကို ဖမ်းဆီးကာ တပ်စွဲနေထိုင်နေပြီး တခြားနေရာတွေကိုပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးနေကြရပါတယ်။DVB

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံများတွင် ၅/ နှင့် ၈/ မှတ်ပုံတင်ကိုင်ဆောင်သူများ အလုပ်လျှောက်ထားမှု လက်မခံ

ရန်ကုန်မြို့စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများတွင် စစ်ကိုင်းတိုင်းကိုယ်စားပြု မှတ်ပုံတင်အမှတ် ၅/ နှင့် မကွေးတိုင်းကိုယ်စားပြု မှတ်ပုံတင်အမှတ် ၈/ ကိုင်ဆောင်ထားသူများအား အလုပ်လျှောက်ထားမှု(လုံးဝ) လက်မခံတော့ကြောင်း အထည်ချုပ်စက်ရုံတစ်ရုံရှိ လုပ်သားသတင်းအရင်း အမြစ်တစ်ဦးက ယနေ့ သြဂုတ် ၇ ရက်တွင် မဇ္စျိမကိုပြောသည်။

လက်ရှိတွင် မင်္ဂလာဒုံမြို့နယ်အတွင်းဖွင့်လှစ်ထားသော အထည်ချုပ်ရုံများတွင် လုပ်ကိုင်နေသော ၅/ နှင့် ၈/ အလုပ်သမားများကို အလုပ်မှထုတ်ပယ်ခြင်းမျိုး မပြုလုပ်သော်လည်း အလုပ်ထပ်မံလျှောက်ထားမှုကို လက်မခံတော့ကြောင်း ဆိုသည်။

“ စက်ရုံမှာ ၅/ နဲ့ ၈/ တွေရှိပါတယ်။ အခုထိတော့ အလုပ်ထုတ်ပယ်တာမျိုးတွေ မလုပ်သေးပါဘူး။ ဒါပေမယ့် အသစ်လာလျှောက်တာကိုတော့ လက်မခံတော့ဘူးလို့ ကြားရတယ်။ စက်ရုံမှာတော့ တရားဝင် စာထုတ်ပြန်တာ မလုပ်သေးပါဘူး။ စက်ရုံအတော်များများမှာ လက်မခံတဲ့အ ကြောင်းတော့ အလုပ်သမား အချင်းချင်း ချိတ်ဆက်မေးမြန်းမှုနဲ့ သိထားပါတယ်။ တကယ်ဆိုရင် အလုပ်မထုတ်သင့်ဘူးလို့ မြင်တယ်။ ရှိနေတဲ့သူတွေ မထုတ်ပစ်ပေမယ့်လည်း ထပ်မခေါ်ဘူးဆိုတဲ့အပေါ် လက်မခံဘူး။ အားလုံးက ဒီအချိန်မှာ အလုပ်ရှိမှ အဆင်ပြေမယ့်အချိန်လေ။ အချို့က အလုပ်လုပ်ပြီး မိသားစု၀မ်းရေးဖြေရှင်းတာမျိုးပဲရှိတာ လေ” ဟု သတင်းအရင်းအမြစ်က ရှင်းပြသည်။

မဇ္စျိမအနေဖြင့်အတည်ပြု၍မရသေးသောသတင်းအရ ရန်ကုန်မြို့၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မင်္ဂလာဒုံ မြို့များအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် ၅/ နှင့် ၈/ကိုင်ဆောင်သူများ အလုပ်လာရောက် လျှောက် ထားပါကလက်မခံရန် စစ်ကော်စီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ ညွှန်ကြားစာပေးပို့ထားသည်ဟု ကြားသိရသည်။

ပြီးခဲ့သော ဇူလိုင်လအတွင်း လှိုင်သာယာမြို့နယ်ရှိ Myanmar Bestex Garment အထည်ချုပ်စက်ရုံရှိ ၅/ နှင့် ၈/ မှတ်ပုံတင်ကိုင်ဆောင်ထားသူ လုပ်သားအချို့ကို အကြောင်းပြချက်မရှိ နစ်နာမှု လျှော်ကြေးပေး ခြင်း မျိုးမရှိဘဲ လုပ်အားခကိုသာထုတ်ပေးပြီး အလုပ်မှထုတ်ပယ်ခဲ့သည်။

ထို့ကြောင့် ရန်ကုန်မြို့အတွင်း နေထိုင်ကြသော ၅/ နှင့် ၈/ မှတ်ပုံတင် ကိုင်ဆောင်သူများအနေဖြင့် ဧည့် စာရင်းတိုင်ကြားရန်ပင် ခက်ခဲလျှက်ရှိကြောင်း သိရသည်။

“ အခု ဧည့်စာရင်းတိုင်ဖို့တောင် ဥက္ကဋ္ဌခွင့်ပြုမှ တိုင်လို့ရမယ့် အခြေအနေဖြစ်နေတယ်။ စစ်ဆေးတာ ပေါ့ဗျာ။ ဘယ်တုန်းကရောက်တာလဲ။ ဘာ ကိစ္စလဲတို့ပေါ့ဗျာ။ ၅/ မှတ်ပုံတင် ကိုင်ဆောင်ထားတိုင်းသာ စစ်ဆေးမယ်။ အလုပ်မခန့်ဘူးဆိုရင် ကျွန်တော်တို့ ကိုယ့်နယ်ကိုယ်ပြန်ပြီး PDF လုပ်ရတော့မှာလား။ နိုင်ငံခြားထွက်ဖို့လုပ်တော့လည်း ပတ်စပို့စ်သိမ်းခံရတာမျိုးကလည်းရှိနေတယ်” ဟု အမည်မဖော်လိုသည့် ၅/ ကိုင်ဆောင်သူ လုပ်သားတစ်ဦးက ဆိုသည်။

စစ်ကောင်စီက နွေဦးတော်လှန်ရေး အောင်မြေဖြစ်သည့် စစ်ကိုင်းတိုင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့အပါ အဝင် အခြားတိုင်းနှင့် ပြည်နယ်များတွင်ရောက်ရှိနေသော ၅/နှင့် ၈/ ကိုင်ဆောင်သူများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများနှင့် အလုပ်လာရောက် လျှောက်ထားပါက ခွင့်မပြုရန် ဖိအားပေးခြင်းများရှိနေသည်။

“ စစ်ကောင်စီထဲက ဗိုလ်ချုပ်အသိုင်းအဝိုင်းထဲမှာတောင် ၅/ နဲ့ ၈/ ကိုင်ဆောင်သူတွေ အညာသားတွေ အများကြီး။ ဗိုလ်ချုပ်အဆင့်တင်မဟုတ်ဘူး အောက်ခြေရဲဘော်တွေမှာတောင် အညာသား စစ်သားတွေ အများကြီး။ ပြောချင်တာက အလုပ်မဟုတ်တာကို အရေးလုပ်နေတယ်လို့ပဲ ပြောချင်တယ်” ဟု စစ်မှု ထမ်းဟောင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်mizzima

မိုင်းဖုန်းဆရာတော် စစ်ကောင်စီတပ်များ ပြင် ဆင်ထားသည့်နေရာသို့ မကြွချီဘဲ အခြားဒေသသို့ ကြွချီ

မိုင်းကျက်အထက်ဂူမှာ ၃ နှစ်ကျော်ကြာ ဂူအောင်း အဓိဋ္ဌာန်ကျင့်ကြံအားထုတ်ပြီး ပြန်ထွက်လာတဲ့ မိုင်းဖုန်းဆရာတော်ကို ဖူးမျှော်နိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တာချီလိတ်မြို့မှာ ခမ်းခမ်းနားနား ပြင်ဆင်ခဲ့ပေမဲ့ ဆရာတော်ဟာတာချီလိတ်မြို့ကို မကြွချီပဲ မိုင်းတုံမြို့ကို ကြွချီသွားပါတယ်။

ဆရာတော် သီတင်းသုံးတော်မယ့် ကျောင်းတော်ဟာ  တာချီလိတ်မြို့နယ် မိုင်းဖုန်ကျောင်းတိုက်ဖြစ်ပေမယ့် ဩဂုတ် ၆ ရက်မနက် အစောပိုင်းမှာ မိုင်းတုံမြို့ကို ကြချီတော်မူခဲ့တာပါ။ 

မိုင်းတုံ နားကောင်းမှုဒေသ ထိုင်းနယ်စပ်မှာရှိတဲ့ နရစွမ်ဘုရင်အုတ်ဂူစေတီ ထီးတော်တင်ခဲ့ပြီး မိုင်းပန်ကို ဆက်လက် ကြွချီကာ  ညပိုင်း တရား ဟောကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာတော်ကို ဒေသခံတွေက ခမ်းခမ်းနားနား ဖူးမျှော်ကြိုဆိုခဲ့ကြပြီး ဒီကနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်းမှာ မိုးနဲနဲ့ နမ့်စမ်ဘက်ကို ထပ်မံ ထွက်ခွာသွားပါတယ်။

ဆရာတော်ဟာ ပင်လုံဘက်ကိုလည်းထပ်မံ ကြွချီတော်မူမယ်လို့လည်း သိရပါတယ်။ ပင်လုံခရီးစဉ်ပြီးရင်တော့ ဆရာတော်ဟာ လွိုင်လင်၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ မိုင်းဖုန်းဘက်ကို ပြန်လည်ကြွချီမယ်လို့  အသိပေးထားပါတယ်။

မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်၊ ဖန်ဖုကျေးရွာအုပ်စု မိုင်းကျက်ဂူထဲမှာ အချိန်  ၃ နှစ် ၃ လ ၃ ရက်တာ တရားအား ထုတ်နေခဲ့ရာမှာ အဓိဋ္ဌာန်အောင်မြင်ပြီဖြစ်လို့ ဩဂုတ် ၁ ရက် မနက် ၇ နာရီမှာ ဂူထဲကနေ ထွက်ခဲ့ရာမှာ ရဟန်းရှင်လူပြည်သူသောင်းချီ ကြိုဆိုခဲ့ကြပါတယ်။DVB

စစ်ကောင်စီထံက ဒေါ်လာမဝယ်ယူကြောင်း ဝန်ခံကတိဖြင့် ကုမ္ပဏီများ သွင်းကုန်ပါမစ်ရရှိရန် ကြိုးပမ်းနေရ

သွင်းကုန်လိုင်စင်အတွက် တန်ဖိုးငွေများ ပေးချေလွှဲပြောင်းခြင်းကို စစ်ကောင်စီထံက ဒေါ်လာဝယ်ယူမည်မဟုတ်ဘဲ ကုမ္ပဏီ၏ အစီအစဉ်ဖြင့်သာ တာဝန်ယူဆောင်ရွက်သွားမည်ဆိုသည့် ဝန်ခံကတိဖြင့် သွင်းကုန်ပါမစ်ရရှိရန် ကြိုးပမ်းနေရကြောင်း သွင်းကုန်လိုင်စင်လျှောက်သူများထံက သိရသည်။

“အဓိကက သူတို့ဆီက ဒေါ်လာမထုတ်ပေးတာတော့ မဟုတ်ဘူး။ ကိုယ့်ဘာသာ လုပ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။ တကယ်တော့ လိုင်စင်မကျလို့ အဲ့ဒီဖောင်နဲ့ ရိုက်ပြီးတင်ရတာ”ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် သွင်းကုန် လိုင်စင်လျှောက်ထားသူ တစ်ဦးကပြောသည်။

သွင်းကုန်လိုင်စင်မကျခင် ဆိပ်ကမ်းရောက်နေသည့် ကုန်ပစ္စည်းများအား သွင်းကုန်လိုင်စင်ခွင့်ပြုပေးရန်နှင့် လိုင်စင်ရရှိပြီးပါက တန်ဖိုးငွေများပေးချေလွှဲပြောင်းခြင်းကို ကုမ္ပဏီ၏ အစီအစဉ်ဖြင့်သာ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိဖြင့် လျှောက်ထားရသည်ဟု သိရသည်။

“ဆိပ်ကမ်းမှာ ပစ္စည်းမရောက်ဘူးဆိုရင် အဆင့်ဆင့်သွားပေါ့။ ကော်မတီတင်ရင် ကော်မတီ ကလည်း ဟိုတင် ဒီတင်နဲ့။ သူတို့အနေနဲ့ မချပေးဘူးလို့တော့ တစ်ခွန်းမှ မပြောဘူး။ ဒါပေမဲ့ ကျွန်မတင်ထားတဲ့ လေးလပိုင်းကတည်းက လိုင်စင်က အခုထိမကျဘူး။ လျှပ်စစ်ပစ္စည်းရော ပိုက်တွေရော အစုံပဲပေါ့။ တစ်စောင်မှ မကျဘူး။ ခုနစ်လပိုင်းတင်တဲ့လိုင်စင်တွေက D/O ပြပြီး ပစ္စည်းရောက်နေလို့ဆိုပြီးကျသွားပြီ”ဟု သွင်းကုန် လိုင်စင်လျှောက်ထားသူ တစ်ဦးက ပြောသည်။

သွင်းကုန်များအတွက်လိုအပ်သည့် နိုင်ငံခြားသုံးငွေကို စစ်ကောင်စီ၏ နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီက စိစစ်ခွင့်ပြုပေးနေခြင်းဖြစ်ပြီး နိုင်ငံခြားသုံးငွေအတွက် ဦးစားပေးခွင့်ပြုရန် (၁)လယ်ယာနှင့် မွေးမြူရေး၊ (၂) စက်သုံးဆီ၊ စားသုံးဆီ၊ (၃) ဆေးဝါး၊ ပညာရေး၊ (၄) စက်မှုကုန်ကြမ်း၊ စက်အပိုပစ္စည်း၊ (၅) လူသုံးကုန်၊ စားသောက်ကုန်၊ လျှပ်စစ် စသည်ဖြင့် အဓိက အုပ်စု ငါးခုခွဲထားသည်။

စားသုံးဆီများနှင့် ပတ်သတ်၍ စားသုံးဆီ Consumer Pack (Container)ဖြင့် တင်သွင်းလာသည့် စားသုံးဆီများကို သွင်းကုန်လိုင်စင်သာခွင့်ပြုသွားမည်ဖြစ်ပြီး နိုင်ငံခြားငွေဝယ်ယူခွင့်ကို ခွင့်ပြုမည်မဟုတ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားထားသည်။

စားသုံးဆီများကို သင်္ဘောဖြင့်တင်သွင်းခြင်းအတွက် လက်ရှိအချိန်ထိ ဒေါ်လာ ဝယ်ယူ ခွင့် ပြုထားသော်လည်း ဝယ်ယူခွင့်ရရန် တစ်ပတ်ခန့် စောင့်ဆိုင်းရသည်ဟု ရန်ကုန်တိုင်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆေးဝါးများနှင့် ပတ်သတ်၍ လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရန်နှင့် ကုန်ပစ္စည်း ပြတ်လပ်မှု မရှိစေရေးတို့အတွက် နိုင်ငံခြားငွေဝယ်ယူခြင်းမပြုဘဲ ကုမ္ပဏီအစီအစဉ်ဖြင့် တစ်ဖက်ကုန်ရောင်းသူထံသို့ ငွေလွှဲမည်ဆိုပါက ကုမ္ပဏီဒါရိုက်တာ ကိုယ်တိုင်လက်မှတ် ရေးထိုးထားသော ဝန်ခံကတိပြုစာဖြင့် အသင်းသို့ တင်ပြရန် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းကပြီးခဲ့သည့် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နယ်စပ်ဒေသများမှ ဒေါ်လာငွေကြေးဖြင့် တင်သွင်းရန် သွင်းကုန်လိုင်စင် ခွင့်ပြုထုတ်ပေးမှုအပေါ် နိုင်ငံခြားငွေဝယ်ယူတောင်းခံခွင့်မရှိကြောင်းနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီသို့ ငွေဝယ်ယူခွင့်တင်ပြတောင်းခံခြင်းမပြုရန် ကုန်သွယ်ရေး ဦးစီးဌာနက အသိပေးထားသည်။

“ကိုယ့်အစီအစဉ်နဲ့ကိုယ်လွှဲဆိုပေမယ့် ဒီကုမ္ပဏီကလွှဲလိုက်တယ်ဆိုရင် ဒီကုမ္ပဏီမှာ ဒေါ်လာရရာရကြောင်း ငွေလမ်းကြောင်းရှိတယ်ဆိုတာက ကုမ္ပဏီတွေမှာလည်း နည်းနည်းတော့ အန္တရာယ်ရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ကြောင်းတွေ လိုက်မှာကိုး။ ဒေါ်လာတွေကို ဘယ်သူကလွှဲပေးတယ်။ ဘယ်ကနေ ဝယ်ပေးတယ် ဆိုတာကနေ ပြဿနာတွေက တက်လာဦးမယ်”ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ကပြောသည်။

“အဓိကအကြောင်းအရာကတော့ ကျွန်တော့်အထင်သွင်းကုန်ကဏ္ဍကို အဓိက တားမြစ်ချင်တာပေါ့နော်။ ဒေါ်လာမထွက်ချင်တော့တာ။ ဒေါ် လာ အတွက်ကို ဒီဘက်မှာ သူတို့ ဒေါ်လာလိုအပ်နေတယ်။ သူတို့အတွက်လိုအပ်နေတဲ့အတွက် ပြည်ပကိုဒေါ်လာ မထွက်ချင်တော့တာ။ အဲ့ဒီလိုသဘောမျိုးအနေနဲ့ ပိတ်ပင်တားမြစ် လိုက်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက သုံသပ်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် သွင်းကုန်များအတွက်လိုအပ်သည့် အမေရိကန်ဒေါ်လာကို အလုံအလောက် ထုတ်ပေးခြင်းမရှိသော်လည်း ပို့ကုန်ရငွေမှ နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရယူလျက်ရှိသည်။

စစ်ကောင်စီက ဩဂုတ်လ ၅ရက်နေ့တွင် ငွေလဲလှယ်နှုန်းကို တစ်ဒေါ်လာလျှင် ယခင် ၁၈၅၀ကျပ် သတ်မှတ်ထားသော်လည်း ၂၁၀၀ကျပ်သို့ ပြောင်း လဲသတ်မှတ်ခဲ့ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ မြန်မာငွေလဲလှယ်ရန် ညွှန်ကြားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီကဖွဲ့စည်းထားသည့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြတ်မတ်ရေးလုပ်ငန်းကော်မတီက နိုင်ငံ ခြား ငွေကြေးများ တရားမဝင် ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့ အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်းပြုလုပ်သူများကို တိုင်ကြားရန် စစ်ကောင်စီ၏ဝါဒဖြန့် သတင်းစာ ဩဂုတ်လ ၆ ရက်နေ့ထုတ် ကြေးမုံတွင် ထည့်သွင်း ကြေညာထားသည်။ mizzima

အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေး ဆွေးနွေးဝေဖန်ခဲ့ကြသော်လည်း ထိရောက်သည့် လုပ်ဆောင်ချက်များမရှိဟု အကဲခတ်များသုံးသပ်

ကျင်းပပြီးစီးသွားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီကို ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ကြားခဲ့ရပေမဲ့ ထိရောက်တဲ့ ကြီးကြီးမားမားလုပ်ဆောင်ချက်တွေကိုတော့ မျှော်လင့်လို့မရဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေအတွင်း မြန်မာ့အရေးဟာ ဦးစားပေး ကိစ္စတွေထဲမှာ ပါဝင် ပြောဆို ခဲ့ကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်ခင်ရက်ပိုင်းမှာပဲ မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို သေဒဏ်ပေးကွပ်မျက်ခဲ့တဲ့ ကိစ္စဟာ အာဆီယံ ခေါင်းဆောင်တွေ ကိုယ်တိုင်က သူတို့ကို စစ်ကောင်စီက မထီမဲ့မြင့်ပြုတယ်လို့ ရှုမြင်ခဲ့ကြပါတယ်။ 

မြန်မာ့အရေးနဲ့ ပတ်သက်လာရင် စစ်ကောင်စီဘက်ကို တဖက်သတ် ဘက်လိုက်တယ်ဆိုပြီး အမြဲတမ်း ဝေဖန်ခံရတဲ့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ဒီကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်မှာပဲ မကျေမနပ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အကျဉ်းသားတွေကို နောက်ထပ်ကွပ်မျက်နေဦး မယ်ဆိုရင်၊ အာဆီယံ ဘုံသဘောတူညီချက်ထဲက အာဆီယံရဲ့ အခန်းကဏ္ဍတွေကို ပြန်ပြီး သုံးသပ်သွားမယ်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က အစည်းအဝေး အဖွင့် မိန့်ခွန်းမှာ ပြောသွားခဲ့တာပါ။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက စိုးရိမ်ပြီး အလွန်စိတ်ပျက်တဲ့ အကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုနောက်ပိုင်း မြန်မာ့အရေးနဲ့ ပတ်သက်လာရင် စစ်ကောင်စီကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မရှိတဲ့ စစ်ကောင်စီကို အဖွဲ့ဝင် နိုင်ငံအားလုံးက စိတ်ပျက်နေတယ်လို့ ပြောပါတယ်။

ဒါအပြင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ အာဆီယံ နိုင်ငံတွေနဲ့ တခြား ဆွေးနွေးဖက်  နိုင်ငံတွေကို အကြံပေး တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က “အာဆီယံ သဘောတူညီချက်မှာ စစ်မှန်တဲ့ တိုးတက်မှုကို မတွေ့ရတဲ့အတွက် အကုန်လုံးက စိတ်ပျက်လာကြတယ်။ အထူးသံတမန် နှစ်ယောက်က ကြိုးစားခဲ့တာကိုတော့ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ကျနော်တို့ဘက်ကတော့ လူ့စည်းလူ့ဘောင်ထဲကနေ လုပ်နိုင်တာ အကုန်လုပ်ခဲ့ကြပါတယ်။ စစ်အုပ်စုဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတာကတော့ စိတ်မကောင်းစရာပေါ့”လို့ ပြောပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ တဆက်တည်း ကျင်းပတဲ့ အစည်းအဝေးတွေကို တက်ရောက်ကြမယ့် အာဆီယံရဲ့ ဆွေးနွေးဖက် နိုင်ငံတွေထဲမှာ အမေရိကန်၊ အီးယူလို မြန်မာ့ဒီမိုကရေစီရေး ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့ နိုင်ငံတွေ ပါဝင်သလို၊ တရုတ်၊ ရုရှားနဲ့ အိန္ဒိယလို နိုင်ငံမျိုးတွေလည်း ပါဝင်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံစဉ်မှာ မြန်မာ့အရေးကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး ဘလင်ကန်က သတင်းထောက်တွေကို ပြောပါတယ်။ ဘာတွေ ဆွေးနွေးခဲ့သလို ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။ 

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်တာ၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာ၊ အခုနောက်ဆုံး အာဆီယံက မေတ္တာရပ်ခံနေတဲ့ကြားထဲက နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို သေဒဏ်ပေးခဲ့တာတွေကြောင့် အာဆီယံ ကိုယ်တိုင်က ရပ်တည်ချက် ပြောင်းလဲလာဖို့ မျှော်လင့်တယ်လို့  NUG အစိုးရရဲ့ သြစတြေးလျ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။ 

“အာဆီယံထဲမှာ ဝန်ကြီးချုပ်ဟွန်ဆန်က ကိုဂျင်မီတို့၊ ကိုဇေယျာသော်တို့ကို သေဒဏ်ကွပ်မျက်ခဲ့တဲ့ အပေါ်မှာ အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်တဲ့စာက သူတို့ သမိုင်းမှာ သူ့ပြည်သူတောင် သူ့ကို ပြန်အံ့သြတယ်၊ အခု တွေ့ဆုံဆွေးနွေးနေတဲ့အခါမှာလည်း ၊ မြန်မာ့အရေးမှာ အာဆီယံရဲ့ ပြောင်းလဲလာတဲ့အမြင် ပိုပြီး ထိရောက်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။”

ဒါပေမဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးမှာ တက်ရောက်နေတဲ့ တရုတ်နဲ့ ရုရှားတို့ဆီတော့ မြန်မာနဲ့ ပတ်သက်လို့ ပြောဆိုသံတွေကို မကြားရပါဘူး။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဆိုရင် အာဆီယံအစည်းအဝေးကို မလာခင်မှာ နေပြည်တော်ကို သွားရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့  စစ်ကောင်စီခန်ံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုင်းကြည်ဇင်စိုးကတော့ အာဆီယံဘုံသဘောတူညီချက်ကို စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ဖို့မရှိဘူးဆိုတာ နိုင်ငံတကာအနေနဲ့ နားလည်သွားပြီလို့ ပြောပါတယ်။

မြန်မာစစ်တပ်အပေါ် ဖိအားတွေရှိလာနိုင်ပေမဲ့  အာဆီယံရဲ့ ဆောင်ရွက်ပိုင်ခွင့်အရတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြီးကြီးမားမားလုပ်ဆောင်ချက်တွေကိုတော့ မျှော်လင့်လို့မရဘူးလို့ ဆိုပါတယ်။

နိုင်ငံလေရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်ကလည်း စစ်ကောင်စီနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖိအားတချို့ရှိလာမှာ မှန်ပေမဲ့ ပြည်တွင်းအင်အားစုတွေရဲ့ စုစည်းတော်လှန်မှုကသာ အခရာဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆန်းသစ်တဲ့နည်းလမ်းနဲ့ အဖြေရှာကြဖို့ လိုနေပြီလို့ ပြောပါတယ်။ 

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်ဖို့ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို  မနှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင် တက်ရောက်တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ သဘောတူညီခဲ့တာ ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာနိုင်တဲ့ လမ်းစအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားခဲ့ကြတာပါ၊  ဒါပေမဲ့ အချိန်တနှစ်ကျော်ကြာတဲ့အထိ အာဆီယံ သဘောတူညီချက်တွေကို မြန်မာစစ်အာဏာရှင်ြ တခုမှာ  အကောင်အထည်ဖော်လုပ်ဆောင်တာ မရှိတဲ့အတွက် အာဆီယံအတွက် သိက္ခာကျစရာ ဖြစ်လာရပါတယ်။

လက်ရှိ မြန်မာပြည် အခြေအနေဟာ အလျင်အမြန် ဆုတ်ယုတ်နေတာ အာဆီယံ ဘုံ သဘောတူညီချက် မယူခဲ့တုန်းက အခြေအနေထက်တောင် ပိုဆိုးလာနေတယ်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က  ပြောပါတယ်။

အထူးသဖြင့် မြန်မာပြည်မှာ ဒီမိုကရေစီအရေး ဆောင်ရွက်နေသူတွေကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တဲ့အတိုင်း ဆက်လုပ်နေဦးမယ်ဆိုရင် အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကိုလည်း မဖြစ်မနေ ပြန်စဉ်းစားဖို့ လိုအပ်လာလိမ့်မယ်လို့ ပြောသွားပါတယ်။  

“နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီးတော့ သေဒဏ်ကိစ္စကို ပြန်စဉ်းစားဖို့ ကျနော်ကိုယ်တိုင်နဲ့ တခြားအာဆီယံ ခေါင်းဆောင်တွေက မေတ္တာရပ်ခံနေတဲ့ ကြားထဲက အတိုက်အခံပါတီက တက်ကြွလှုပ်ရှားသူတွေကို ကြိုးပေးကွပ်မျက်လိုက်တဲ့အတွ၊က် ကမ္ဘောဒီးယားနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ထိတ်လန့် စိတ်ပျက်ကြတယ်။”လို့  ဟွန်ဆန်က ပြောပါတယ်။

၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာက လွဲလို့ တခြား အာဆီယံ နိုင်ငံ ၉ နိုင်ငံက နိုင်ငံခြားရေး ဝန် ကြီးတွေ တက်ရောက်ခဲ့ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးကိုလည်း အစည်းအဝေး တက်ခွင့်မပြုပါဘူး။DVB

« Older Entries