Monthly Archives: Aug 2022

စစ်ခေါင်းဆောင်၏ ရန်ကုန် ၆ မိုင်ခွဲ Inya View ရောင်းချမှု ၂ ရက်အတွင်း ဒေါ်လာ ၂ သိန်းခွဲကျော် ရရှိ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ်ရောင်းချနိုင်ခဲ့အပြီးမှာ NUG အစိုးရက ၆ မိုင်ခွဲမှ Inya View နေရာကို ဒုတိယ ပရောဂျက်အနေနဲ့ ဩဂုတ် ၅ ရက်က စတင်ရောင်းချနေရာမှာ ၂ ရက်အတွင်း အစုရှယ်ယာ ၂၅၈၁ (ဒေါ်လာ ၂၅၈,၁၀၀ ဖိုး) ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ရဲ့ ဒုတိယ အစီအစဉ်အဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၆ မိုင်ခွဲမှာ တည်ရှိတဲ့ နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိတယ်လို့ ဆိုပါတယ်။

အခုရောင်းချမှုမှာတော့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၇ သန်းသာ တန်ဖိုးဖြတ်ပြီး အစုရှယ်ယာ ၇၀,၀၀၀ ကို ရောင်းချသွားမှာဖြစ်ကာ ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီကနေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ၈၈ တုန်းက အမြစ်မပြတ်ခဲ့လို့ ၂၀၂၁ မှာ တခါ ခေါင်းထောင်လာတဲ့ အာဏာရှင်စနစ်ကို၊ သူတို့ခေတ်မှာ အမြစ်ဖြတ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ စင်ကာပူနိုင်ငံကနေ 8888 အမည်နဲ့ ရှယ်ယာ ၈၈ စောင် ဝယ်ယူသူတဦးလည်း ပေါ်ထွက်လာခဲ့တယ်လို့ EOD က ဆိုပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်ပြီး EOD ရဲ့ ပထမ အစီအစဉ် “၁၄ အင်းလျား” ကို ရောင်းချပေးခဲ့တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေဆီ ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရား ပိုင်ဆိုင် ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။ DVB

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၃၄ နှစ်တိုင်သော်လည်း စစ်အာဏာ ရှင် စနစ်နှင့် စစ် တပ်၏ ရက်စက်သတ်ဖြတ်မှုများက မပြောင်းမလဲရှိနေဆဲ

၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ စစ်အာဏာရှင် ဦးနေဝင်း၊ မဆလ တစ် ပါတီ အာဏာရှင် တော်လှန်ရေးအတွက် ရှစ်လေးလုံး လူထု လှုပ်ရှားမှု အရေး တော် ပုံကြီး ပေါ်ထွန်းခဲ့ပါတယ်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ် နိုင် ငံလုံး အုံကြွပြီး စစ်အာဏာရှင်နဲ့ တစ်ပါတီ အာဏာရှင်စနစ် ချုပ်ငြိမ်း ရေး ၊ ဒီမိုကရေစီအရေး တောင်းဆိုခဲ့ကြတာပါ။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှု အရေးတော် ပုံကြီး ၃၄ နှစ်ပြည့်လာပြီဖြစ်ပေမယ့်လည်း စစ်တပ်က ပြည်သူတွေကို သတ် ဖြတ်၊ ရွာတွေမီးရှို့၊ ပြည်သူပိုင်ပစ္စည်းတွေ လုယက်၊ အမျိုးသမီးတွေကို မုဒိမ်း ကျင့် စတဲ့ ဖက်ဆစ် လုပ်ရပ်တွေကို ဆက်လက်ကျူးလွန်နေပြီး နိုင်ငံတော် အာဏာ ကိုလည်း လူမိုက်ဆန်ဆန် ဆက်လက်သိမ်းယူထားဆဲဖြစ်ပါတယ်။

လွန်ခဲ့သော ၃၄ နှစ်ကာလ ရှစ်လေးလုံးလူထုလှုပ်ရှားမှု အရေးတော်ပုံကြီးရဲ့ အမှတ် ရစရာ ဓာတ်ပုံတွေကို ပြန်လည် မျှဝေလိုက်ပါတယ်။khit thit

ဦးမင်းကိုနိုင်၊ NUG ဝန်ကြီး ဦးရည်မွန်တို့ပါ ဝင်သည့် ရှစ်လေးလုံးစကားဝိုင်း ထုတ်လွှင့်မည်

ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရည်မွန်တို့ ပါဝင်ကြမယ့် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားနဲ့ စကားဝိုင်းကို အခုည ၈ နာရီမှာ ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

မြန်မာ့သမိုင်းမှာ မေ့ဖျောက်ထားလို့မရတဲ့ ရှစ်လေးလုံးအရေးအခင်းဟာ အခုနှစ်မှာတော့ ၃၄ နှစ်မြောက် ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒီစကားဝိုင်းမှာတော့ ဦးမင်းကိုနိုင်၊ ဦးရည်မွန်တို့နဲ့အတူ ပဒို စောကလယ်စေး၊ ရဲဘော်သံခဲ၊ ဒေါ်အိသဉ္ဇာမောင်တို့က ဆွေးနွေးသွားကြမှာဖြစ်ကာ Moderator အနေနဲ့ NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နော်စူစန်နာလှလှစိုးက ပါဝင် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားနဲ့ စကားဝိုင်းကိုတော့ NUG, PVTV နဲ့ Radio NUG တို့ရဲ့ အင်တာနက်ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအရေး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပေါင်း ၃၀ ကျော်အကြာမှာ တကျော့ပြန် အာဏာသိမ်းမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာ့အရေးအပေါ် ဘာတွေဆွေးနွေးကြမလဲဆိုတာကိုတော့ ဒီစကားဝိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ကာလဟာ ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာဖြစ်ပြီး နိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေကြရတာ ဖြစ်ပါတယ်။ DVB

၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်တွင် စစ်မိစ္ဆာများကို သံပုံးတီး မောင်းထုတ်ရန် သပိတ်အဖွဲ့များတိုက်တွန်း

ရှစ်လေးလုံး နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် ယနေ့ ဩဂုတ်လ ည ၈ နာရီတိတိတွင် စစ်မိစ္ဆာများကို သံပုံးတီးကာ မောင်းထုတ်ကြရန် သပိတ်အဖွဲ့များက တိုက်တွန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိစစ်အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေသည့် မြေပြင်သပိတ် အင်အားစုတစ်ချို့နှင့် တော်လှန်ရေးအဖွဲ့များ ပူးပေါင်းကာ ယခုကဲ့သို့ စစ်အာဏာရှင်ကို သံပုံးတီး မောင်းထုတ်ရန် တိုက်တွန်းထားခြင်းဖြစ်ည်။ mizzima

ဒေါ်လာငွေလဲနှုန်း တိုးမြှင့်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်

အသစ်တိုးမြှင့်သတ်မှတ်လိုက်တဲ့ ဒေါ်လာငွေလဲနှုန်း ၂၁၀၀ ကျပ်နဲ့ ဒီနေ့ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းတွေကို စတင်တွက်ချက်တာဖြစ်လို့ တလီတာကို ကျပ် ၂၀၀ကျော်  မြင့်တက်လာပါတယ်။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက “ ဒီနေ့က ဒေါ်လာဈေး ၂၁၀၀ နဲ့ ဈေးစတွက်တယ်။ တလီတာကို ကျပ် ၂၀၀ ကျော် တက်တယ်။ တပေပါဆိုရင် ၄၅၀၀၀ ဝန်းကျင်တက်လာတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ပြည်တွင်းအမေရိကန်ဒေါ်လာငွေလဲနှုန်း သတ်မှတ်ချက်ကို  အရင် ၁၈၅၀ ကျပ် ပုံသေသတ်မှတ်ထားရာကနေ ၂၁ ၀၀ ကျပ်ကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ အဲဒီနှုန်းထားက ဒီနေ့ ဩဂုတ် ၈ ရက်နေ့မှာ စတင်အကျုံး၀င်မှာ ဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ အဲဒီနိုင်ငံခြားငွေကြေးမူဝါဒ အပြောင်းအလဲက ပို့ကုန်လုပ်ငန်းတွေအတွက် ဖြေလျှော့မှုတရပ် ဖြစ်နိုင်ပေမဲ့ အထွေထွေကုန်ဈေးနှုန်းတွေကိုတော့ ထပ်မံမြင့်တက်လာစေနိုင်တယ်လို့ စီးပွားရေး အကဲခတ်သူတွေက သုံးသပ်ကြပါတယ်။

“ဒေါ်လာဈေးမြှင့်လိုက်တာက ပို့ကုန်သမားတွေအတွက် အဆင်ပြေနိုင်တယ်။ ပို့ကုန်ကုန်စည်အတွက် တောင်သူကို ဈေးပိုပြီး ဝယ်လာနိုင်မယ်။ ဒါပေမဲ့  ကျန်တဲ့ကုန်ဈေးနှုန်းတွေကတော့ တက်လာမှာပဲ” လို့ စီးပွားရေး လုပ်ငန်းရှင်တဦးက မှတ်ချက်ပြုပါတယ်။

ဒီနေ့မှာပဲ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ စတင်မြင့်တက်လာခဲ့တာကြောင့် နောက်ဆက်တွဲ အနေနဲ့  သယ်ယူပို့ဆောင်ခနှုန်းထားတွေ၊ ကုန် ထုတ်လုပ်မှုစရိတ်တွေကို မြင့်တက်လာစေပြီးတော့ အထွေထွေ ကုန်ဈေးနှုန်းတွေကိုလည်း လိုက်ပါမြင့်တက်လာစေမှာ ဖြစ်ပါတယ်။

မနေ့က ရန်ကုန်ဈေးကွက်မှာ အောက်တိန်း 92Ron တလီတာကို ၁၆၁၅ ကျပ်၊ အောက်တိန်း ၉၅ Ron တလီတာကို ၁၆၆၅ ကျပ်၊ ဒီဇယ်တလီ တာကို ၁၉၇၀ ကျပ်၊ ပရီမီယမ် ဒီဇယ် တလီတာကို ၂၀၂၅ ကျပ် အသီးသီးရှိခဲ့ပြီး၊ ဒီကနေ့မှာ အောက်တိန်း 92 Ron တလီတာကို ၁၈၂၀ကျပ်၊ အောက်တိန်း 95Ron တလီတာကို ၁၈၈၀ ကျပ်၊ ဒီဇယ် တလီတာကို ၂၂၂၅ ကျပ်နဲ့ ပရီမီယမ် ဒီဇယ် တလီတာကို ၂၂၉၀ ထိ မြင့်တက်လာပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်၀ါရီက စတင်ကာ မြန်မာကျပ်ငွေ တန်ဖိုးထိုးကျပြီး နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွင်းနေရတဲ့ စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်ခဲ့တာပါ။

ပြည်တွင်းဈေးကွက်မှာ  ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်က အောက်တိန်း 92Ron တလီတာကို ၂၃၀၀ အထက်ထိ မြင့်တက်ခဲ့ပါတယ်။ 

အလားတူ အထွေထွေကုန်ဈေးနှုန်းတွေလည်း စစ်တပ်အာဏာသိမ်းမှု ဖြစ်စဥ်နောက်ပိုင်း တောက်လျှောက် မြင့်တက်နေတာပါ။ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့ဒဏ်ကို လူထုက ခါးဆီးခံစားလာရတာ အချိန်ကာလအားဖြင့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ DVB

တနင်္သာရီမြို့ ကိုးအင်းရွာတွင် တိုက်ပွဲ ဖြစ်ပွား စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု ကိုးအင်းကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် စစ် ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက် ထိတွေ့မှုနှင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း PDF ရဲဘော်များထံမှ သိရသည်။

အဆိုပါ တိုက်ပွဲကို ဩဂုတ်လ ၇ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် မိနစ်သုံးဆယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက ဒေသခံရွာ သား အချို့ကိုလည်း ဖမ်းဆီးခဲ့သည်ဟုလည်း ဒေသခံများထံမှ သိရသည်။

ကိုးအင်းရွာ ဒေသခံ တစ်ဦးက“စစ်တပ်က အင်အား ၇၀ နီးပါးလောက် ရှိပါတယ်၊ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်မှုတွေ စလုပ်ပါတယ်၊ ရွာသားတွေကတော့ ညက ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်”ဟု ပြောသည်။

ယင်း တိုက်ပွဲတွင် ဒေသကာကွယ်ရေးအဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်မှာ မြိတ်မြို့ အခြေစိုက် (၁၇) နှင့် (၁၀၁) တပ် ရင်းတို့ ဖြစ်ပြီး ရွာသားအချို့ကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုကာ သမီးလှရွာဖက်သို့ ဆုတ်ခွာခဲ့ကြောင်း သိရသည်။ mizzima

သာကေတမြို့နယ် ၁၁ ရပ်ကွက်တွင် ဗုံးပေါက်၊ အမျိုးသားတဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၁၀/တောင် ၁၁ ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သာကေတမြို့နယ် ၁၀ / တောင် ၁၁ ရပ်ကွက် အမက ၃၂ အနီး ရတနာလမ်းဘေးမှာ ဒီကနေ့ မနက်ရှစ်နာရီက ဗုံးပေါက်ကွဲခဲ့ရာ လမ်းသွားလမ်းလာအမျိုးသားတဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦး ဒီဗွီဘီကို ပြောပါတယ်။

“သူလမ်းလျှောက်လာတုန်း ဗုံးပေါက်တာ၊ ဒဏ်ရာတော့ရတယ် အရမ်းမများဘူး။ နောက်ထပ်ဗုံးတလုံးလည်း ကားမှတ်တိုင်မှာ တွေ့သေးတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ထပ်မံရှာဖွေခဲ့ရာ ရတနာလမ်းဆောက်လုပ်ရေးကားမှတ်တိုင်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးကိုတွေ့ပြီး ဖျက်ဆီးပစ်လိုက်တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

အလားတူ မနေ့ညကလည်း မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် (င) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၄ နှစ်ပြည့်ဖြစ်ပြီး ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်နိုင်တာကြောင့် စစ်ကောင်စီတပ်တွေဟာ ရန်ကုန်တိုင်း မြို့ နယ်အချို့ရဲ့ လူစည်းကားရာနေရာတွေမှာ လုံခြုံရေးချထားတယ်လို့ ရန်ကုန်မြို့နေသူတွေက ပြောပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ ၃၄ နှစ်မြောက်အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက လုံခြုံရေးအထပ်ထပ်ချထားတဲ့ ရန်ကုန်မြို့​ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ဆူးလေ လူကူးကုန်းတံတား၊ ဗိုလ်ချုပ်ဈေး၊ အင်းလျားကန်ဘောင်နဲ့ လှည်းတန်းနေရာအနှံ့အပြားမှာ ‘၈’ လေးလုံး ရေးဆွဲထားတဲ့ ထီး တွေနဲ့ ရန်ကုန်လူထုသပိတ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ DVB

ပခုက္ကူ၊ ဆားကျင်းရွာကို အကြမ်းဖက် စစ် တပ်မှ ဝင်ရောက် စီးနင်း မီးရှို့နေပြီး ရွာလုံး ကျွတ် ထွက်ပြေးနေရ

မကွေးတိုင်း ပခုက္ကူမြို့နယ် စဘေအုပ်စု ဆားကျင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားကျင်းရွာကို သြဂုတ်လ ၇ ရက်နေ့ ည ၆ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ စတင်ကာ မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ဆားကျင်းရွာကို စစ်ခွေးတွေ မီးတင်ရှို့နေတယ်။ ရွာရဲ့တောင်ဘက်ထိပ်နဲ့ မြောက်ဘက်ထိပ်ကနေ နှစ်ဖက်ညှပ်ပြီး မီးရှို့နေ​တာ စစ်ခွေးတွေရော ပျူစောထီးတွေရောပါတယ်။ နေအိမ်အတော်များများတော့ မီးလောင် ပျက်စီးနိုင်တယ် အတိအကျတော့ မသိရသေးဘူး။ ပြည်သူတွေကတော့ ကြိုပြီး ရှောင်နိုင်ခဲ့တယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ဆားကျင်းရွာ အနီးအနားရှိ ရွာများမှ ပြည်သူများပါ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။ khit thit

မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လူ့အ ခွင့်အရေးကို လေးစားရန် အမေရိကန်တိုက်တွန်း

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက မြန် မာစစ်အာဏာရှင်ကို   တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ သြဂုတ် ၈ ရက်မှာ ကျရောက်တဲ့  ရှစ်လေးလုံးလူထုအရေးတော်ပုံ  ၃၄ နှစ်မြောက် အထိမ်းအမှတ် တောင်းဆိုလိုက်တာပါ။

လွန်ခဲ့တဲ့ ၃၄ နှစ်က ၁၉၈၈ သြဂုတ် ၈ ရက်မှာ သန်းနဲချီတဲ့ ပြည်သူတွေဟာ  လူ့အခွင့်အရေးနဲ့ နှစ်ပေါင်းများစွာကြာမြင့်တဲ့  စစ်အုပ်ချုပ်ရေးအဆုံးသတ်ဖို့အတွက် ဆန္ဒပြခဲ့ကြတယ်။ အခု ဒီ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ ဝမ်းနည်းဖွယ်ရာ နှစ်ပတ်လည်နေ့မှာ ကိုဂျင်မီနှင့်တကွ ဒီမိုကရေစီရေးအတွက် လှုပ်ရှားရင်း အသက်ဆုံးပါးခဲ့ရသူတွေ အားလုံးကို   အမှတ်ရဂုဏ်ပြုတယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။

လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ ရပ်တည်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုနဲ့ လူအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ စစ်အာဏာရှင်ကို တောင်းဆိုလိုက်ပါတယ်။ DVB

« Older Entries