PDF Zoland က တိုက်ခိုက်ရေး ဒရုန်းတီထွင်အောင်မြင်
ချင်းပြည်နယ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် Zomi Federal Union (PDF Zoland) က တိုက်ခိုက်ရေးဒရုန်းကို တီထွင်အောင်မြင်ကြောင်း သြဂုတ်လ ၉ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ကြေညာသည်။
” အခုထုတ်ပြထားတဲ့ဒရုန်းက ကျွန်တော်တို့နည်းပညာအသင်းက ကိုယ်ပိုင်တီထွင်ထားတဲ့ တိုက်ခိုက်ရေးဒရုန်းပါ။ အလေးချိန် ၁၂ ကီလိုဂရမ်ကနေ ၁၅ ကီလိုဂရမ်သယ်နိုင်ပါတယ်။ ဘတ်ဂျက်အရရယ်၊ ဘက်ထရီပိုင်း အားနည်းချက်တစ်ခုကြောင့် ခုဒရုန်းက ကိုးမိုင်အထိ ထိန်းချုပ်လို့ရပါတယ်။ ကိုယ်ပစ်ချချင်တဲ့ ပစ်မှတ်နေရာကို Google ကနေ Target ရွေးပြီး အော်တိုပစ်ချရင်လည်းရတယ်။ ပြီးတော့ ကျွန်တော်တို့ Manual အနေနဲ့ ဒီအတိုင်းဒရုန်းကိုပျံခိုင်းပြီး ကိုယ်ပစ်ချချင်တဲ့နေရာကို ပစ်ချလို့လည်းရတယ်ဆိုတော့ နှစ်မျိုးသုံးလို့ရတယ် ” ဟု PDF Zoland မှ ပြန် ကြားရေးတာဝန်ခံက မဇ္ဈိမသို့ပြောသည်။
ကုန်ကျစရိတ်မှာ တီထွင်သည့်ဒရုန်းအမျိုးအစားအလိုက် ကွာခြားချက်ရှိပြီး 15 Kg သယ်ယူနိုင်သည့် ဒရုန်းမှာ ပုံမှန်အားဖြင့် ငွေကျပ် ၉,၀၀ ၀,၀၀၀ (သိန်း ၉၀) မှ ကျပ် ၁၀,၀၀၀,၀၀၀ (သိန်း၁၀၀ )ကြားကုန်ကျနိုင်သော်လည်း ကိုယ်ပိုင်နည်းပညာအသုံးပြုတီထွင်ထား၍ ပုံမှန်ဈေးနှုန်းထက် ငွေကျပ် ၂,၀၀၀,၀၀၀(ကျပ်သိန်း ၂၀ )ဝန်းကျင်သက်သာကြောင်း PDF Zoland မှ ရဲဘော်များကဆိုသည်။
ZFU/ PDF Zoland ၏ ဒရုန်းတပ်ရင်း Engineering & Innovation ဌာနမှ ကင်းထောက် Drone၊ တိုက်ခိုက်ရေး Drone နှင့် သယ်ယူပိုဆောင်းရေး Drone ဟူ၍ ဒရုန်းကို အမျိုးအစားသုံးမျိုးခွဲကာ တီထွင်ထားနိုင်ပြီး အခြားကာကွယ်ရေးတပ်ဖွဲ့များအတွက်ကိုပါ ကူညီတပ်ဆင်ထားပေးခြင်းမျိုး ရှိကြောင်းလည်း သိရသည်။
” အဓိက ဘတ်ဂျတ်ပေါ့။ ဘတ်ဂျက်လိုက်နိုင်ရင် လိုက်နိုင်သလို မိုင် ၁၀၀၊ မိုင် ၄၀၀၊ မိုင် ၅၀၀ အထိ ပျံသန်းနိုင်ပြီး ပြန်လှည့်လာနိုင်တဲ့ ဒရုန်းတွေတီထွင်ဖို့ နည်းပညာတွေ ကျွန်တော်တို့မှာရှိတယ်။ နည်းပညာရှိပေမယ့် ငွေကြေးမရှိသေးတော့ ခုလောလောဆယ်တော့ ကိုယ့်အခြေအနေနဲ့ ကိုက်ညီမယ့် တိုက်ခိုက်ရေးဒရုန်းအဆင့်လောက်ပဲ လုပ်နိုင်သေးတာပေါ့ ” ဟု PDF Zoland မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
PDF Zoland ၏ လက်ရှိ ရေးဆွဲထားသော ပရောဂျက်မှာ မိုင်ပေါင်းများစွာပျံသန်းနိုင်သော ဒရုန်းများတီထွင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်အား တိုက်စစ်ဆင် တိုက်ခိုက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။
” အရေးကြီး စစ်ဆင်ရေးမျိုးဖြစ်တဲ့ ဥပမာ- နေပြည်တော်လိုနေရာမျိုး၊ စခန်းအကြီးကြီးတွေ တိုက်ခိုက်မယ့်နေရာမျိုးမှာ မိုင်အများကြီးပျံသန်းနိုင်တဲ့ Suicide Bomb တွေ၊ Suicide Drones လို့ခေါ်တဲ့ ဒရုန်းတွေအများကြီးကို ပစ်မှတ်နေရာတွေမှာ တစ်ခါတည်းပစ်လွတ်မယ်။ ဒါက ဘတ် ဂျက်ရှိတဲ့အခါ လုပ်မယ့် ပရောဂျက်ပါ ”ဟု အဆိုပါ PDF Zoland မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
ထို့အပြင် အနာဂတ်တွင် ငွေကြေးအင်အားတောင့်တင်းခိုင်မာလျှင် ဒရုန်းနှင့်သက်ဆိုင်သည့် Frequency နှင့် Rader ဖြတ်သန်းနိုင်မည့် ဒရုန်းများကို နိုင်ငံတကာရှိကောလိပ်၊ တက္ကသိုလ်များမှ ကျောင်းသားများနှင့် ပညာရှင်များပူးပေါင်းကာ နည်းပညာများတိုးတက်စေရန်ပြုလုပ်ပြီး မိမိတို့နေရာဒေသနှင့် ကိုက်ညီမည့်ဒရုန်းများ ဆက်လက်တီထွင်သွားမည်ဖြစ်ကြောင်းလည်း ZFU/ PDF Zoland ၏ ဒရုန်းတပ်ရင်း Engineering & Innovation ဌာနထံက သိရသည်။ mizzima