Monthly Archives: Aug 2022

ပေါက်မြို့နယ် ရေထွက်ရွာကို စစ်တပ်က မီးရှို့၊ စစ်ရှောင်ပြည်သူများ အရေးပေါ် အကူအညီ လိုအပ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက သြဂုတ် ၁၀ ရက် ညမှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြပြီး မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ် ကျေးရွာတွေက စစ်ဘေးရှောင်ပြည်တွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇၊ တပ်ရင်း ၇၀၈ ရဲ့ တာဝန်ခံ ကိုတေဇက “မြိုင်မြို့နယ် တွင်းမရွာက စစ်(…) တွေနဲ့ ပျူ(…) တွေ အထိုင်ချထားတဲ့ စခန်းကို PDF တွေက တိုက်ခိုက်ခဲ့လို့ အထိနာပြီးတော့ PDF တွေ ပြန်ဆုတ်သွားမယ်ထင်တဲ့ လမ်းကြောင်းတွေကို စစ် ကြောင်းထိုးပြီး ကျေးရွာတွေကို တရွာဝင်တရွာထွက် လိုက်လံမီးရှို့ ဖျက်ဆီးနေကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တွင်းမရွာဘက်ကနေစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မြိုင်မြို့နယ် သရက်ကန်ရွာက ပျူစောထီးတွေဟာ သြဂုတ် ၁၀ ရက် ည ၁၀ နာရီလောက်မှာ ပေါက်မြို့နယ် ရေထွက်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ၃ နေရာလောက်ခွဲပြီး ရွာလုံးကျွတ် ပြာကျအောင် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ရေထွက်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ပဲ ရှိတာဗျ။ အိမ်တွေက ကပ်နေတော့ တရွာလုံးနီးပါး ကုန်မှာပါ။ ကျနော်တို့ဆီက ရဲဘော်တွေ ရေထွက်ရွာက ထွက်ပြေးလာတဲ့ သက်ကြီးရွယ်အို ၇ ယောက်လောက်ကို ထမ်းပိုးပြီး ကယ်ထုတ်ခဲ့ရသလို ထွက်ပြေးရင်း လှည်းမှောက်လို့ ဒဏ်ရာရသူတွေကိုလည်း ကယ်ထုတ်ခဲ့ရတယ်။ ရွာထဲက မိဘပြည်သူတွေကိုလည်း ညဘက်ကြီးကို သက်စွန့်ဆံဖျား သွားရောက်ကယ်ထုတ်ခဲ့ရတယ်” လို့ ကိုတေဇက ပြောပါတယ်။

ပေါက်မြို့နယ် အရှေ့တောင်ပိုင်းနဲ့ မြိုင်မြို့နယ်အစပ်က ဒေသခံပြည်သူ ၁,၀၀၀ လောက် စစ်ဘေးရှောင်နေကြရပြီး ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ စီစဥ်ပေးထားပေမဲ့ နောက် ၂ ရက်လောက်ဆိုရင် ဆန်ကုန်တော့မှာဖြစ်လို့ ရေရှည်တောင့်ခံနိုင်ဖို့ မလွယ်ကူဘူးလို့လည်း ဆိုပါတယ်။

“ဒေသခံတွေဟာ ကိုယ်ဝတ်ကိုယ်ထည်နဲ့ ပြေးလာကြလို့ အဝတ်အစားနဲ့ စောင်တွေ လိုအပ်တယ်။ မိုးတွင်းကာလဖြစ်လို့ ရာသီဥတုအေးတဲ့အတွက် မိုးကာအင်္ကျီနဲ့ စောင်တွေ အဓိကလိုအပ်တယ်။ ကျန်းမာရေးအတွက်ကတော့ ကျနော်တို့တပ်ရင်းက ဆရာ ဆရာမတွေက စောင့်ရှောက်ပေးထားတယ်။”

အဲဒီ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ သြဂုတ် ၉ ရက်နေ့မှာလည်း သာစည်ရွာက နေအိမ် ၁၁ လုံးနဲ့ သစ်ပုလွေရွာက နေအိမ် ၁၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြသေးတယ်လို့ ကိုတေဇက ပြောပါတယ်။

ရေထွက်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတယောက်က “ကျနော်တို့ရွာကို သြဂုတ်လ ၁၀ ရက် ညမှာ စစ်(…)တွေ စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်။ ပြေးရတာ ဒုက္ခများတာပေါ့။ သက်ကြီးရွယ်ကိုတွေ၊ ကလေးငယ်တွေကို ထမ်းပြေးသူကပြေး၊ လှည်းနဲ့ပြေးတဲ့သူတွေလည်း လှည်းမှောက်လို့ လက်ကျိုးတဲ့သူ၊ ဒဏ်ရာရသူတွေရှိတယ်။ စစ်(…)တွေက မနိုင် နိုင်ရာခဲတဲ့ သဘောပါဗျာ။ တွင်းမရွာကို ဘယ်ကဝင်တိုက်သွားမှန်းမသိ တိုက်သွားလို့ အနီးနားကရွာတွေကို နှိပ်စက်ချင်တိုင်း နှိပ်စက်တော့တာဗျ။ ရေထွက်ရွာက အိမ်ခြေ ၉၀/၁၀၀ ဝန်းကျင်လောက်ပဲရှိပြီး တရွာလုံးကုန်တော့တာ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ တကွဲတပြားစီ ဖြစ်နေသလို စားနပ်ရိက္ခာ၊ အဝတ်အစားနဲ့ ခြုံစောင်တွေ အဓိက လိုအပ်နေပြီး မြိုင်မြို့နယ် သူစည်ရွာဘက်မှာ ပြည်သူ လေးငါးယောက်လောက် ပျောက်နေကာ ရေထွက်ရွာက ဒေသခံ ၆ ယောက်လောက်ကို စစ်တပ်က ဖမ်းမိသွားတယ်လို့ သိရပေမဲ့ အတိအကျ မ‌ပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

“နေရေးထိုင်ရေးကတော့ တောတွေထဲက သစ်ပင်အောက်တွေ၊ ချောက်ကြိုချောက်ကြားတွေမှာ နေထိုင်ကြရသလို တချို့ကတော့ အနီးနားရွာတွေက ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးတွေ၊ အပေါင်းအသင်းတွေဆီမှာ ခိုကပ်ပြီး နေကြရတယ်။ ထမင်းစားရတဲ့သူတွေရှိသလို ထမင်းနပ်မှန်အောင် မစားရသူတွေလည်း ရှိနေတယ်။ အပြစ်မဲ့ပြည်သူတွေကို ဒီလိုမျိုးတော့ မစော်ကားသင့်ဘူး။ သူတို့အတိုက်ခံရရင် တိုက်တဲ့သူကို လိုက်တိုက်ကြပေါ့။ ခုတော့ အဘိုး၊ အဘွား၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်ကအစ ဒုက္ခအကြီးအကျယ် ရောက်တယ်ဗျ။ ရာသီဥတုကလည်း အရမ်းအေးတယ်။ ဘေးက အကူအညီတွေ ရမယ်ဆိုရင်လည်း ဝမ်းသာရပြီး စားနပ်ရိက္ခာနဲ့ ခြုံစောင်တွေ အဓိကလိုအပ်နေတာ” လို့ ရေထွက်ကျေးရွာက စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ အင် အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ မကွေးတိုင်းအတွင်းမှာ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန် ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB

မောင်တောတွင် စစ်ကောင်စီတပ်သားများ စွန့် ခွာထွက်ပြေးသွားသည့် တပ်စခန်း ၇ ခုရှိကြောင်း ရက္ခိုင့်တပ်တော် ပြောကြား

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်များ စစ်ရေး တင်းမာလျက်ရှိပြီး ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားနေချိန်တွင် မောင်တောရှိ တပ်စခန်းငယ် ခုနစ်ခုခန့်ကို စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးခဲ့ခြင်း ဖြစ် သည်ဟု AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောကြားသည်။

ယနေ့ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် AA ၏ သတင်းစာရှင်းလင်းပွဲ တွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဦးခိုင်သုခက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စစ်ရေးတင်းမာပြီး တစ်ဖက်နှင့်တစ်ဖက် ဖြတ်တောက်ပိတ်ဆို့ထားသည့် အခြေအနေတွင် အခက်အခဲအမျိုးမျိုးကြောင့် အဆိုပါ စစ်ကောင်စီ တပ်စခန်းများမှ စွန့်ခွာဆုတ်ပြေးသွားခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ဆိုထားသည်။

“တိုက်ခိုက်သိမ်းပိုက်တာတော့ မဟုတ်ပါဘူး။ စစ်ရေးတင်းမာပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် ဖြတ်တောက် ပိတ်ဆို့ကြတဲ့ အခြေအနေမှာ အ ခက်အခဲတွေကြောင့် ဆုတ်ခွာသွားတဲ့ စခန်းတချို့ကတော့ ရှိပါတယ်။ တိုက်ခိုက်သိမ်းပိုက်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် မောင်တောဘက်မှာ စစ်ကောင်စီဘက်က ဆုတ်ခွာသွားတဲ့ စခန်းက ခုနစ်ခုလောက်ထိ ရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီဘက်က ဆုတ်ခွာထွက်ပြေးသွားသည့် စခန်းအခြေအနေ အသေးစိတ်ကိုမူ ၎င်းက ထည့်သွင်း ပြောဆိုခဲ့ခြင်းမရှိပေ။

မောင်တောမြို့သည် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့်ရှ်နိုင်ငံသို့ စီးပွားရေး၊ ကုန်သွယ်ရေး ကူးသန်းရောင်းဝယ်နေသည့် အဓိက နယ်စပ်မြို့တစ်ခု ဖြစ်သည်။

မောင်တောမြို့နယ်မြောက်ပိုင်းတွင် AA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာလျက်ရှိ သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာကြားတွင် AA နှင့် စစ်ကောင်စီ၏ နယ်ခြားစောင့် ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဦးရေ၂၀ ထက်မနည်း သေဆုံး၍ လက်နက်များအပါအဝင် ၁၄ ဦးကို AA က ဖမ်းဆီးခဲ့သည်။

အဆိုပါတိုက်ပွဲအပြီးတွင် မောင်တောရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် အရပ်သား အချို့ကို စစ်ကောင်စီဘက်မှ ဖမ်းဆီးခေါ်ဆောင်မှုများ ရှိသကဲ့သို့ ကုန်ပစ္စည်းများ သယ်ယူခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားမြစ်ထားသည်။

စစ်ကောင်စီသည် ဩဂုတ်လ ၁ ရက်နေ့က စတင်၍ ပလက်ဝ- ကျောက်တော် ကုန်းလမ်း၊ ရေလမ်းခရီးများနှင့် အမ်းမြို့တွင်စစ်ဆေးရေး ဂိတ်များတိုးချဲ့ဖွင့်လှစ်ကာ ကုန်ပစ္စည်းများ သယ်ယူခွင့်ကိုတားမြစ် ပိတ်ပင်ခဲ့သည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲများ ရင်ဆိုင်နေရသည်။

AA နှင့် စစ်ကောင်စီတပ်တို့သည် မောင်တောမြောက်ပိုင်းတွင် စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများ ဖြစ်ပွားနေသလို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တွင်လည်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ စစ်ရေးသတိကြီးစွာ ထားရန် ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။mizzima

ဆိပ်ဖြူ၊ ပိုင်းရွာတွင် သားသည်မိခင် မနှင်းဝေကို စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ် ပြီး အ လောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ဟု ခင်ပွန်းဖြစ်သူပြော

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ပိုင်း‌ကျေးရွာကို သြဂုတ်လ ၉ ရက်နေ့ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်က ပိုင်းကျေးရွာတွင် နေ ထိုင်သည့် မနှင်းဝေ ကို မုဒိမ်းကျင့် နှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ ကြောင်း မနှင်းဝေ၏ ခင်ပွန်းဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆို သည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်က ကျေးရွာများသို့ ဝင်ရောက် စီးနင်း သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မနှင်းဝေနှင့် အမျိုး သားဖြစ်သူတို့သည် ဩဂုတ်လ ၉ ရက်နေ့တွင် ၎င်းတို့၏ ကျေးရွာဖြစ်သော ပိုင်းကျေးရွာအတွင်း၌ ဝက်စာ ကျွေးရန် ပြန်လာရောက်စဥ် စစ် သား ၅ ဦးနှင့် ရွာထိပ်တွင် တွေ့ဆုံမိ ကြောင်း၊ စစ်သားများက ၎င်းတို့ ၂ ဦးကို လိုက်လံပစ်ခတ်ဖမ်းဆီးသောကြောင့် ထွက်ပြေးရင်း လူစုကွဲကာ မနှင်းဝေကို စစ်တပ်က ဖမ်းဆီး မိခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းနောက်စစ်တပ်က မနှင်းဝေကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“မုဒိမ်းကျင့်သတ်တာ ။ ကျွန်တော့် မိန်းမမှာ ဝတ်ထားတာ အင်္ကျီက လက်ရှည် အလောင်းကို ပြန်တွေ့တော့ အင်္ကျီဝတ်ထားတာ မတွေ့ဘူး။ ဘေးမှာ ချွတ်ထား တာ တွေ့မိတယ်။ သေပြီးမှ လာချထားတဲ့ ပုံစံပဲတွေ့တယ်။ မုဒိမ်းကျင့်ပြီး ကာမှ သတ်။ သတ်ပြီးကာမှ အလောင်းလာချ ထားတယ်။ ဒီနေရာမှာမိ ဒီနေရာ မှာ သတ်ဆိုတဲ့ ပုံစံ မဟုတ်ဘူး။ မိန်းမရဲ့ လက်တစ်ဖက်ကလည်း သူတို့ ခန္ဓာကိုယ် နဲ့ ဖိထားလို့ထင်တယ် ကျိုးနေတယ်။ နောက်ပြီး ဒူး တစ်ချောင်း ကလည်း ထောင်ထားတယ်။ ကျွန်တော့် မိန်းမ ဝတ်ထားတဲ့ အင်္ကျီ လက်ရှည် က ခြေရင်းနားမှာ တွေ့တယ်။ ဖိနပ်ကတော့ တစ်ဖက်ကစီးလို့ တစ်ဖက်က ကျွတ်နေ တယ်။ လက်မောင်းတွေ ခြေသလုံးတွေကို မီးပူ ကပ်ပြီး နှိပ်စက် ထားတယ်။ ရုပ်အလောင်းမှာ မီးပူလောင်ထားတာတွေ တွေ့ရတယ်။ အဲဒီ အတွက် ကို ရင်နာလွန်းလို့။ မိသွားလို့ ပစ်သတ်သွားတာ ခံသာတယ်။ အခုက လူမ ဆန်တဲ့ အလုပ်မျိုးတွေ နွားလုပ်တွေ လုပ်သွားလို့ မခံသာ ဖြစ်နေတာ” ဟု မနှင်းဝေ၏ အမျိုးသား ဖြစ်သူကပြောဆိုသည်။

မနှင်းဝေသည် ပေါက်မြို့နယ်တောင်ပိုင်း သက္ကယ်ကျင်းကျေးရွာသူ ဖြစ်ပြီး ပိုင်းရွာသားနှင့် အိမ်ထောင်ကျကာ အမျိုးသားဖြစ်သူနှင့် လိုက်လံ နေထိုင်သူ ဖြစ်ကြောင်း သား ၁ ဦ၊ သမီး ၁ ဦး၏ မိခင်ဖြစ်ကြောင်း သိရသည်။

စစ်တပ်က မနှင်းဝေကို ဖမ်းမိပြီးနောက် မုဒိမ်းကျင့်ထားသည့်အပြင် သံပြား အပူနှင့် ခြေဖဝါး၊ ခြေသလုံး တွင် ကပ်ပြီး လက်ကိုလည်း လိမ်ချိုးကာ နှိပ်စက် ထားကြောင်း၊ လည်ပင်းတွင်လည်း ထိုးသွင်းဒဏ်ရာများ တွေ့ရှိရ ကြောင်း အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း ၇၀၂ ပြည်သူ့စွမ်းအား တပ်ပေါင်းစု (PPC) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ဆိပ်ဖြူမြို့နယ် ပိုင်းရွာကို သြဂုတ်လ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ စစ် ကြောင်း ထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မနှင်းဝေ ကို မုဒိန်းကျင့် သတ်ဖြတ်သွားတယ်။ သေဆုံးသူ မနှင်းဝေ ရုပ်အလောင်းမှာ တွေ့ရတဲ့ ပုံစံက သံပြားအပူနဲ့ ခြေဖဝါးတွေ ခြေသ လုံးတွေကိုကပ်ထားတဲ့ ပုံစံ တွေလည်း တွေ့ရတယ် ၊ လက်တွေ လိမ်ချိုးထားသလိုမျိုး ပုံစံတွေ ၊ လည်ပင်း မှာ ထိုးသွင်းဒဏ်ရာ အပေါက်နဲ့သေနေတာ ၊ သေတဲ့အချိန် ကျွန်တော် တို့ ဘက်က ဒရုန်းနဲ့ဝဲကြည့်ရင်းတွေ့ရတာက အလောင်းနားမှာ စစ်သား သုံး ယောက် ကိုတွေ့ရတယ်။ ကျန်တဲ့စစ်သားတွေက ဒရုန်းကိုတွေ့တော့ အပင်တွေ အိမ်တွေအောက်ဝင်ပြေးကြတယ်” ဟု ပြည်သူ့စွမ်းအား တပ်ပေါင်းစု (PPC) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

ရေဦးမြို့နယ် ကုန်သာကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်တပ်သား ၃၀ ထက်မနည်း သေ ဆုံးပြီး သေနတ် ၂၅ လက်သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ကုန်းသာကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သြဂုတ်လ ၁၀ ရက် နံနက် ၇ နာရီအချိန်ခန့်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည် ဟု သိရသည်။

အဆိုပါထိတွေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးပြီး သေနတ် ၂၅လက် သိမ်းဆည်းရမိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦး ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကြောင်း ရေဦး ပ.က.ဖ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ကို တမန်တော်က ဆိုသည်။

“တိုက်ပွဲကြာချိန်ကတော့ တစ်နာရီကျော်ကျော် ရှိမယ် ၊ စစ်ကောင်စီတပ်က ကားနှစ်စီး အပြည့်နဲ့ အင်အားလာချသွားတာ အကုန်သေတာပဲ ၊ လူဝတ်(အရပ်ဝတ်)တွေနဲ့ ကျနော်တို့ ကင်းပုန်းနားမှာ ရောက်လာတယ် ၊ တန်းစီပြီး ဖောက်ဆွဲလိုက်တာ ပေါ်လာတဲ့ စစ်သားတော်တော်များ အတုံးအရုံး ဖြစ်သွားတယ် ၊ ခလရ (၃၆၇) က စစ်သားတွေ များမယ်”ဟု ရေဦး ပ.က.ဖ အဖွဲ့အဝင် ကိုတမန်တော်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သည် နံနက် ၈ နာရီ ၁၅တွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီတွင် တစ်ကြိမ် ၊ နေ့လယ်ပိုင်း ၁ နာရီအချိန်ခန့်တွင် တစ်ကြိမ် ၊တစ်ကြိမ်လျှင် ၄၅ မိနစ်ခန့် လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းတိုက်ပွဲတွင် ရေဦးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima

NUG ကာကွယ်ရေးဝန်ကြီးဌာနက ဧရာဝတီ တိုင်းတွင် စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်း

ဧရာဝတီတိုင်းမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ထိရောက်စွာ ခုခံတွန်းလှန်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ဧရာဝတီတိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကို ဇူလိုင်လထဲမှာ ဖွဲ့စည်းခဲ့တယ်လို့ ဧရာဝတီတိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဟုတ်ကဲ့၊ မြို့နယ် ပကဖများ၊ PDF၊ STF၊ LDF များနဲ့ ယခင်တည်းက ချိတ်ဆက် ဆောင်ရွက်နေပြီးသား ဖြစ်ပါတယ်။ အနည်းငယ် ကျန်ရှိနေသေးသော အဖွဲ့များနဲ့လည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ဧရာဝတီတိုင်းအတွင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းတွေနဲ့အညီ လိုက်နာဆောင် ရွက်ပြီး ထိရောက်တဲ့ စစ်ရေးစီမံချက်တွေကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းထဲမှာလည်း ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် စစ်ဆင်ရေး ဆောင်ရွက်တာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ဖွဲ့တာ မှန်ကန်ပြီး အဖွဲ့ထဲမှာပါဝင်တဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ဒေသခွဲကွပ်ကဲရေးအောက် က မစ်ရှင်တွေ လုပ်ဆောင်မှာ ဖြစ်ပြီး သီးသန့်လည်း မစ်ရှင်တွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ DVB

မြိုင်မြို့နယ်၊ ပန်းတိုင်းတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး နေအိမ် ၁၀ လုံးကျော်ပြာကျ

မကွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်း ပန်းတိုင်းတောရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နံနက် အစောပိုင်းတွင် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ်က ပန်းတိုင်းတောရွာကို သြဂုတ်လ ၁၀ ရက်နေ့တွင် ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီးနောက် ယနေ့ နံနက် အစောပိုင်းတွင် ကျေးရွာအ တွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာ သွား ကြောင်း သိရသည်။

” မြိုင်နယ် တောင်ပိုင်း ပန်းတိုင်းတောရွာကို မနေ့က စစ်တပ်က ၀င်ရောက် တပ်စွဲ ပြီး ဒီကနေ့ နံနက်အစောပိုင်းမှာ မီးစရှို့ပါတယ်။ နေအိမ် ၁၀ လုံး ကျော် လောက် ပျက်စီးဆုံးရှုံးခဲ့တယ်။ စစ်တပ်က ရွာထဲက ပြန်ထွက်ချိန်မှာ ပြည်သူ ပိုင် ပစ္စည်း တချို့နဲ့ စျေးဆိုင်တွေဆီက မုန့်တွေကို ယူဆောင်သွားပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ပန်းတိုင်းတောရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီး ခြင်း ဖြစ်ပြီး ဇွန်လပိုင်းကလည်း ကျေးရွာအတွင်းရှိ ကြက်ခြံများကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပန်းတိုင်းတောရွာ အနီး အနားရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းလျက်ရှိပြီး ဒေသခံ ပြည်သူ များလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။ khit thit

တောင်သူများ၏ထောက်ပံ့ငွေဖြင့် လက်နက်များ ထုတ်လုပ်အောင်မြင်ပြီဟု ဗိုလ်မထားအဖွဲ့ပြော

တောင်သူများ၏ထောက်ပံ့ငွေဖြင့် လိုအပ်နေသည့် လက်နက်များကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီဟု မကွေးတိုင်းအခြေစိုက် ဗိုလ်မထားကျေးရွာပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့ဦးဆောင်သူ ဗိုလ်မထားက မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် မောင်းပြန်သေနတ်၊ ခြောက်လုံးပြူး၊ ပစ္စတိုသေနတ်နှင့် စနိုက်ပါသေနတ်တို့ကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီဟု ၎င်းကဆိုသည်။

” အော်တိုသေနတ်၀ယ်ရင် တစ်လက်ကို သိန်းတစ်ရာကျော်ဖြစ်နေတဲ့အချိန်မှာ ငွေကြေးချို့တဲ့လို့ မ၀ယ်နိုင်တဲ့အတွက် အရင်တစ်ချိန်က လယ်လုပ်၊ ယာလုပ်၊ နှမ်းစိုက်၊ စပါးစိုက်၊ မြေပဲစိုက်တောင်သူတွေရဲ့ ဝိုင်းဝန်းကြိုးစားမှုအားကြောင့် ကျွန်တော်တို့သေနတ်မျိုးစုံကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါပြီ၊ ရင်ဘတ်ချင်းတူတဲ့၊ စိတ်ချင်း၊ ရည်ရွယ်ချက်ပန်းတိုင်တူတဲ့ အဖွဲ့အချို့ကိုလည်း နည်းပညာများကို ပြန်လည်မျှဝေပေးသွားမှာဖြစ်တယ် ” ဟု ဗိုလ်မထားက ပြောသည်။

လက်နက်ခဲယမ်းများဝယ်ယူရန် ငွေကြေးအခက်အခဲရှိ၍ လက်လုပ်လက်နက်များကို ကြိုးစားထုတ်လုပ်နေခြင်းဖြစ်ပြီး ပန်းတိုင်တူညီသည့် တော်လှန်ရေးအဖွဲ့များထံ နည်းပညာ မျှဝေပေးသွားမည်ဟုလည်းသိရသည်။

ဗိုလ်မထားအဖွဲ့သည် စစ်ကောင်စီတပ်ကို တော်လှန်နေသကဲ့သို့ အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးများကိုလည်း ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း ဆိုသည်။mizzima

ရန်ကုန်နှင့် နယ်မြို့အချို့တွင် စက်သုံးဆီ ဝယ် ယူရခက်ပြီး ဈေးမြင့်တက်

တရက်အတွင်း စက်သုံးဆီတလီတာကို ကျပ် ၃၀၀ ဝန်းကျင် မြင့်တက်လာပြီး ရန်ကုန် အပါအဝင် နယ်ဒေသတချို့မှာ စက်သုံးဆီ ဝယ်ယူရခက်တဲ့ အခြေအနေတွေ ထပ်မံဖြစ်ပေါ်လာပါတယ်။

အဲဒီလို စျေးနှုန်းကြီးမြင့်တာ၊ အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်ပြီး ဝယ်ယူရခက်တဲ့ ဖြစ်စဉ်တွေဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြာခဏ ဖြစ်ပေါ်နေတာပါ။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် မနေ့က ဈေးကွက်အတွင်း ဆိုင်တချို့ အရောင်းအဝယ် ရပ်နားထားတာ တွေ့ရပြီး ဒီနေ့ ဈေးကွက်ဖွင့်ချိန်မှာတော့ တလီတာကို ကျပ် ၃၀၀ ဝန်းကျင်ထိ စျေးထိုးတက်လာပါတယ်။

မော်လမြိုင်မြို့ခံ ပြည်သူတဦးက “ဒီနေ့ ၃၀၀ ကျော်လောက် ထပ်တက်တယ်။ မရှိမဖြစ် သုံးနေရတော့ ဈေးကြီးလည်း ဝယ်ထည့်ရတာပဲ။ ဆီဈေးလည်း တက်တယ်ဆိုတော့ ဆီပြတ်ပါပြီဆိုပြီး မနေ့ကပိတ်ထားတဲ့ ဆိုင်တွေက အရောင်းပြန်ဖွင့်နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ဒီကနေ့ ရန်ကုန်ဈေးကွက်မှာ အောက်တိန်း 92 Ron တလီတာကို ၂,၁၄၀ ကျပ်၊ အောက်တိန်း 95 Ron တလီတာကို ၂,၂၁၀ ကျပ်၊ ဒီဇယ် တလီတာကို ၂,၄၄၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၅၁၅ ကျပ်နဲ့ အမြင့်ဈေးမှာ ရပ်တည်နေပါတယ်။

ဗဟိုဘဏ်က ဒေါ်လာဈေးမပြောင်းမီ ဩဂုတ် ၇ ရက်က ရန်ကုန်ဈေးကွက်မှာ အောက်တိန်း 92 Ron တလီတာကို ၁,၆၁၅ ကျပ်၊ အောက်တိန်း 95 Ron တလီတာကို ၁,၆၆၅ ကျပ်၊ ဒီဇယ် တလီတာကို ၁,၉၇၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၀၂၅ ကျပ် အသီးသီးရှိခဲ့ပြီး ဒေါ်လာရည် ညွှန်းဈေး ၁,၈၅၀ ကျပ်ကနေ ၂,၁၀၀ ကျပ်ကို ပြောင်းလဲပြီး ၄ ရက်အကြာ ဒီကနေ့မှာတော့ စက်သုံးဆီ အမျိုးအစားအလိုက် တလီတာကို ကျပ် ၅၀၀ ဝန်းကျင်ထိ ဈေးထိုးတက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်က အောက်တိန်း 92 Ron တလီတာကို ကျပ် ၂,၃၀၀ အထက်ထိ စံချိန်တင် အမြင့်ဈေး ‎ရောက်ရှိခဲ့ပြီး အခုအခါ တလီတာ ကျပ် ၂,၀၀၀ အထက်ကို တကျော့ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။

အခုလို စက်သုံးဆီအမြင့်ဈေး ရပ်တည်နေချိန် စစ်ကောင်စီကတော့ ပြည်ပကနေ စက်သုံးဆီပါဝင်တဲ့ ရေနံထွက်ပစ္စည်း တင်သွင်းမှုကို လျှော့ချဖို့ ကြိုးပမ်းနေပြီး ပြည်တွင်းထုတ်လုပ်မှုကို တွန်းအားပေးဖို့ လုပ်ဆောင်နေပါတယ်။ DVB

မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်၏ လုပ် ပိုင်ခွင့်သက်တမ်းကို ၁ နှစ်ထက် ပိုပေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဆိုပြု

အာဆီယံဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးသံတမန်ကို ‘တစ်နှစ်ထက် ပိုသော’ လုပ်ပိုင်ခွင့် သက်တမ်းတစ်ခု ပေးအပ်သင့်ကြောင်းနှင့် ခန့်အပ်ခံရသည့် ပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးတစ်ခု ဖြစ်ရမည်ဟု သေချာပေါက် မသတ်မှတ်သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတူ ဆရီ ဆိုင်ဖူဒင် အဗ္ဗဒူလာက အဆိုပြုပြောကြားလိုက်သည်။

အာဆီယံအထူးသံတမန်အနေဖြင့် စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ပြေလည်အဆုံးသတ်စေရေးအတွက် ထိထိရောက်ရောက် ပံ့ပိုးလုပ်ဆောင်နိုင်စေရန် ယခုကဲ့သို့ အဆိုပြုခြင်း ဖြစ်ကြောင်း မလေးရှားဝန်ကြီးက ပြောသည်။

ထို့ပြင် အထူးသံတမန်သည် အခြားသော သံတမန်ရေး တာဝန်များကိုလည်း တာဝန်ယူထားရသည့် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး သေချာပေါက် ဖြစ်ရမည်ဟု မဆိုလိုသင့်ကြောင်းနှင့် ထိုမှသာလျင် သူ သို့မဟုတ် သူမသည် မြန်မာ့အရေးအပေါ် အမှန်တကယ် အထူးတလည် အာရုံစိုက်သွားနိုင်မည် ဖြစ်ကြောင်း ဆိုင်ဖူဒင်က ဩဂုတ် ၁၀ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ သက်ဆိုင်ပတ်သက်သူအားလုံးနှင့် အပြည့်အဝ တွေ့နိုင်ရန်နှင့် ယုံကြည်မှု တည်ဆောက်ရန် ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ထားသည်။ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်းသည် လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးသံတမန် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ပြန်လည်ရရှိရန် ၂၀၂၁ ခုနှစ် ဧပြီလနှောင်းပိုင်းက အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးတစ်ခု၌ သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်ထဲတွင် အထူးသံတမန်တစ်ဦး ခန့်အပ်ရေးလည်း ပါဝင်ခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်တွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်စဲရေး၊ အဓိကအရေးပါသော သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး၊ ထို ဆွေးနွေးမှုများကို အဆင်ပြေလွယ်ကူစေရေး ကြားဝင်ညှိနှိုင်းရန် အာဆီယံအထူးသံတမန်တစ်ဦး ခန့်အပ်ရေး၊ အာဆီယံအ ထူးသံတမန် မြန်မာနိုင်ငံရှိ သက်ဆိုင်ပတ်သက်သူများနှင့် လာရောက်တွေ့ဆုံစေရေးနှင့် အာဆီယံမှတစ်ဆင့် မြန်မာပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ရေးတို့ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အာဆီယံအနေဖြင့် ဦးဆောင်ကြိုးပမ်းနေသည့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အကူအညီ ရနိုင်ရေး ယင်း၏ ဆွေး နွေးဖက်နိုင်ငံများထံမှ ထောက်ကူပံ့ပိုးမှုကို တောင်းခံရကောင်း ရနိုင်ကြောင်း ဆိုင်ဖူဒင်က ပြောသည်။

“ကျွန်တော်တို့ထဲက အချို့ ထည့်သွင်းဆွေးနွေးခဲ့တာကတော့ တကယ်လို့ အာဆီယံအနေနဲ့ ဒါကို မိမိတို့ချည်းသက်သက် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အာဆီယံ ဆွေးနွေးဖက် နိုင်ငံအချို့နဲ့ ထိတွေ့ဆက်ဆံသွားရကောင်း သွားရပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာ အမေးခံရမယ့် မေးခွန်းကတော့ ဘယ်သူ့ ပြောစကားကို စစ်ကောင်စီက နားထောင်မှာလဲ ဆိုတာပဲဖြစ်တယ်” ဟု ဆိုင်ဖူဒင်က ပြောသည်။ ထိုကိစ္စကို လာမည့် နိုဝင်ဘာလ အာဆီယံခေါင်းဆောင်များ တွေ့ဆုံမှုအတွင်း ဆွေးနွေးရန် တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အာဆီယံအနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ဆိုင်ဖူဒင်က ထပ်လောင်း ပြောဆိုသွားခဲ့သည်။ mizzima

ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးဖရန်စစ္စကို လုပ်ကြံသတ်ဖြတ်ခံရ

ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးဖရန်စစ္စကိုဟာ ဒီကနေ့ သြဂုတ် ၁၁ ရက်မှာ ဖယ်ခုံမြို့က ပြောင်းခြံသွားစဉ် သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ဒီကနေ့မနက် ၁၀ နာရီလောက်က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းက သူ့ပြောင်းခြံကို သွားနေချိန်မှာ ဆိုင်ကယ်စီးလာတဲ့လူနှစ်ဦးက သေနတ်နဲ့ လုပ်ကြံသွားတာလို့ ဆိုပါတယ်။

ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးဖရန်စစ္စကိုဟာ အရင်က ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ ပါတီက အနားယူခဲ့ပြီး ဖယ်ခုံမြို့နယ် ပါတီနာယက အနေနဲ့ပဲ နေထိုင်ခဲ့ပါတယ်။

လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်လာရင်တော့ ကယန်းလူမျိုးအများစုက လေးစားသူဖြစ်ပြီး သူ့ကို ကယန်းစာပေနဲ့ ယဉ်ကျေးမှုဥက္ကဋ္ဌ ရွေးချယ်ထားတာလို့ ကယန်းလူမျိုးတဦးက ပြောပါတယ်။

“သူက ကြံ့ခိုင်ရေးဆိုပေမဲ့ လူမျိုးရေး၊ ဘာသာရေးမှာ အားလုံးက လေးစားကြတယ်။”

ဒါ့အပြင် သူဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရတဲ့သူတွေ ပြန်လွှတ်ပေးရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူ ဖြစ်သလို တော်လှန်ရေး အဖွဲ့အစည်းနဲ့ စစ်ဘေးရှောင်တွေကိုလည်း ကူညီပေးသူဖြစ်တယ်လို့ နောက်ထပ် ကယန်းလူငယ် စစ်ဘေးရှောင်ကူညီသူတဦးက ပြောပါတယ်။

ဦးဖရန်စစ္စကို ကို ဘယ်သူက လုပ်ကြံသတ်ဖြတ်သွားလဲဆိုတာ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကတော့ သူ့ဆရာဖြစ်သူ ကယန်းစာပေနဲ့ ယဉ်ကျေးမှုဥက္ကဋ္ဌ ခွန်းဖရန်စစ္စကို လုပ်ကြံခံရတဲ့အပေါ် တုန်လှုပ်ကြေကွဲရကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ဒီနေ့ မထင်မှတ်ဘဲ သတင်းဆိုးတခုကြားရလို့ အင်မတန် တုန်လှုပ်ကြေကွဲရပါတယ်။ ဒီသတင်းဟာ ကျနော့်ဆရာ ဖရန်းစစ္စကို လုပ်ကြံခံရလို့ ဆုံးသွားပြီဆိုတဲ့ သတင်းပဲ။ ဆရာနဲ့ အရင်နှစ် နောက်ဆုံးပြောခဲ့တဲ့စကားက ဆရာနဲ့ မင်းနဲ့ နိုင်ငံရေးခံယူချက်၊ အတွေးအခေါ်၊ အယူအဆ၊ အ မြင်တွေ ကွဲလွဲရင် ကွဲလွဲလိမ့်မယ်။ ဒါပေမဲ့ ကယန်းအမျိုးသားရေးမှာတော့ အတူလက်တွဲ လုပ်ဆောင်ရအောင်လို့ ဆရာက ပြောခဲ့တယ်။ ဆရာ့ရဲ့စကားကို ကျနော် အမြဲအမှတ်ရနေပါတယ်။ လက်ရှိမှာ ဆရာကို့ဟာ ကျနော်တို့ ကယန်းစာပေနဲ့ ယဉ်ကျေးမှုဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ မထင်မှတ်ဘဲ ဆရာရဲ့ ဒီလို ရုတ်တရက် ကျနော်တို့နဲ့ ထာဝရခွဲခွာသွားတာဟာ ကယန်းတမျိုးသားလုံးရဲ့ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတခု ဖြစ်ပါတယ်။ မိသားစုနှင့်အတူ ကျနော်တို့ ကယန်းတမျိုးသားလုံး ဝမ်းနည်းကြေကွဲရပါတယ်။”

ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီကလည်း ကော်မတီဥက္ကဋ္ဌ ဦးဖရန်စစ္စကို ကို အမည်မသိ လူ ၂ ဦးက ရက်ရက်စက်စက် သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဦးဖရန်စစ္စကိုဟာ ကယန်း လူမျိုးရေး၊ စာပေနဲ့ ယဉ်ကျေးမှုအရေးကို တက်တက်ကြွကြွ ပါဝင် ဦးဆောင်ပေးရုံမက ပညာရေး၊ လူမှုရေး၊ ဘာ သာရေး လုပ်ငန်းတွေကိုလည်း အမြဲပံ့ပိုးကူညီသူ ဖြစ်တယ်ဆိုတာ အားလုံးအသိဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအရှုပ်အထွေးကာလမှာ ကယန်းစာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဖန်းစစ္စကို ကို လုပ်ကြံသတ်ဖြတ်တာဟာ မှန်ကန်တဲ့ ပြဿနာဖြေရှင်းနည်း မဟုတ်တဲ့အပြင် ကယန်းစာပေနဲ့ ယဉ်ကျေးမှု၊ ကယန်းလူမျိုးအတွက် များစွာ ထိခိုက်နစ်နာ ဆုံးရှုံးရတဲ့အတွက် ဒီဖြစ် ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။ DVB

« Older Entries