Monthly Archives: Aug 2022

စစ်တပ် တပ်စွဲခဲ့သည့် ကလေးတောင်ပိုင်းကျေးရွာ မီးရှို့ခံရ၊ အရပ်သား ၂ ဦးသေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲခဲ့သည့် ရက်သတ္တပတ် တစ်ပတ်အတွင်း နေအိမ် ၅၆ လုံး မီးရှို့ခံရကြောင်း၊ ရွာသား ၂ ဦး ပစ်သတ်ခံရကာ ၁၀ ဦးမှာ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဩဂုတ်လဆန်းမှစ၍ တောင်ပိုင်းဒေသအတွင်း နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ဟန့်တားရန် ကြိုးပမ်းခဲ့သည်။

ဩဂုတ် ၂ တွင် ကလေးမြို့မှ ၇ မိုင်အကွာ ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ သာယာကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုရွာအတွင်း စစ်ကောင်စီတပ်က တပ်စွဲလိုက်ခြင်း ဖြစ်သည်။ 

“၂ ရက်နေ့ ရွာကို စဝင်ကတည်းက စစ်ဘေးမရှောင်နိုင်တဲ့ ရွာသားတွေ အဖမ်းခံရတယ်။ ၁၀ ယောက် အဖမ်းခံရတယ်။ နှစ်ယောက်ကို သတ်လိုက်တယ်။ အဲဒါကိုတော့ အတည်ပြုချက်ရထားတယ်ဗျ” ဟု PDF ကလေး တပ်ရင်း (၁) တာဝန်ခံ ကိုနေ့သစ်က ပြောသည်။

အိမ်ခြေ ၃၀၀၊ လူဦးရေ ၁၆၀၀  ခန့်ရှိသည့် သာယာကုန်းရွာတွင် ချင်းလူမျိုးအများစု နေထိုင်ကြသည်။

ရွာကို စတင်ဝင်ရောက်သည့်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များကို ထွင်းဖောက်ကာ တန်ဖိုးရှိပစ္စည်းများကို ယူပြီးနောက် နေအိမ်များကို မီးရှို့ကြောင်း၊ ၎င်းတို့ပြန်ထွက်သွားသည့် ဩဂုတ် ၉ ရက်အထိ နေအိမ် ၅၆ လုံး မီးလောင်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကြောင်းဝင်တာနဲ့ အဲဒီရွာက တန်ဖိုးရှိတဲ့ပစ္စည်းမှန်သမျှ အကုန်သိမ်းပြီး ယူသွားရောပဲ” ဟု သူက ဆိုသည်။

ယမန်နှစ် အောက်တိုဘာလကလည်း အဆိုပါကျေးရွာအနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး နောက်တစ်နေ့တွင် အင်အားအများအပြားဖြင့် ထိုကျေးရွာအတွင်း ဝင်ရောက်ရှာဖွေကာ နေအိမ်တစ်လုံးကို မီးရှို့ကြသေးသည်။ 

ရွာများကို မီးရှို့ဖျက်ဆီးခြင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ကြောင်း အမြဲတစေ ငြင်းဆန်လေ့ရှိသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ကလေးတောင်ပိုင်းဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးများသလို ဒေသခံကာကွယ်ရေးအဖွဲ့ဘက်မှ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ 

ပြန်ထွက်သွားသည့် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းက မြေမြှုပ်မိုင်းများထောင်ခဲ့ခြင်းကြောင့် ရွာအတွင်း မိုင်းရှင်းနေရကြောင်း PDF ကလေး တပ်ရင်း (၁) တာဝန်ခံ ကိုနေ့သစ်က ပြောသည်။

“နင်းမိုင်းတွေ ထောင်ထားတယ်လေ။ မိုင်းရှင်းလင်းမှုတွေ အကုန်ပြီးမှ စိတ်ချရမှ ရွာသားတွေကို ဝင်ခွင့်ပေးမယ်ဗျ” ဟု ၎င်းက ဆိုသည်။

ထွက်ခွာလာသည့် အဆိုပါစစ်ကြောင်းသည် ကလေးတောင်ဘက်ပိုင်းရှိ နတ်မြောင်း၊ နတ်ချောင်း စသည့် ကျေးရွာများဘက် ဦးတည်နေသည်ဟု ကိုနေ့သစ်က ပြောသည်။

“တိုက်ပွဲက အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်တဲ့အတွက် ကလေး-ဂန့်ဂေါ ကားလမ်းကို အသုံးမပြုသေးဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တယ်” ဟု သူက ပြောသည်။

ကလေးတောင်ပိုင်းတွင် ဩဂုတ်လဆန်းမှစတင်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခြင်းကြောင့် ဒေသခံ ရွာသူရွာသား ၅၀၀၀၀ ခန့် စစ်ရှောင်နေရပြီး အကူအညီအထောက်အပံ့များ လိုအပ်နေသည်ဟု သိရသည်။ 

အာဏာသိမ်းစစ်တပ်ကို အစောဆုံး လက်နက်ကိုင် ပြန်လည်ခုခံခဲ့သည့်ဒေသများအနက် ကလေးမြို့သည် တော်လှန်ရေး တစ်နှစ်ကျော်သည်အထိ ခုခံတိုက်ခိုက်မှုများ အားကောင်းနေဆဲဖြစ်သလို မြေပေါ်လှုပ်ရှားမှုအဖြစ် သပိတ်စစ်ကြောင်းများလည်း နေ့စဉ်မပြတ် ရှိနေသည်။ myanmar now

မြင်းခြံတွင် ဆိုင်ကယ်များဖြင့် တာဝါတိုင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ၆ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဆိုင်ကယ်များဖြင့် တာဝါတိုင်ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခြောက်ဦးသေဆုံးခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ – NYSGF ထံမှ သိရသည်။

မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ရှိ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ ဆီမီးခုံ-နဘူးအိုင်ကားလမ်းဘေးတွင် တည် ရှိသည့် တာဝါတိုင်ကို ဆိုင်ကယ်များဖြင့် ကင်းပတ်ထွက်လာစဉ် ယမန်နေ့ သြဂုတ်လ ၁၁ ရက် ည ၉ နာရီအချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။

“ စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေ ဒီတာဝါတ်ိုင်ကို ကင်းပတ်နေတာ လချီကြာနေပြီ၊ ကပ်လို့မရလို့ အခုမှ ကပ်တာ၊ ဆိုင်ကယ်တစ်စီးမှာ နှစ်ယောက်စီးပြီး စုစုပေါင်း လေးစီးနဲ့ ကင်းပတ်တာဖြစ်ပါတယ်။ ပဒေသာမိုင်း ငါးလုံးတွဲနဲ့ တိုက်ခိုက်လိုက်တာမှာ ဆိုင်ကယ်သုံးစီး လေပေါ်ပျံတက်သွားပါတယ်။” ဟု NYSGF တပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကို ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ဆိုင်ကယ်များဖြင့် တာဝါတိုင်ကို ကင်းပတ်နေကြောင်း စုံစမ်းသိရသည့်အတွက် အဆိုပါ လမ်းပေါ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းများအသင့် ပြင်ဆင်ထားကာ တိုက်ခိုက်နိုင်ရန် အချိန်တစ်ပတ်ကျော်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

ယမန်နေ့ည မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ဆိုင်ကယ်များအနက် သုံးစီး ထိမှန်ကာ လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သည့် ဆိုင်ကယ်တစ်စီးပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးမှာလည်း တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကြောက်လန့်တကြားအော်ဟစ်ကာ အနီးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

သို့သော် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ -NYSGF တာဝန် ရှိ သူက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆) တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM နှင့် မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း-M2W အစရှိသည့် မဟာမိတ်ညီနောင် သုံးဖွဲ့ ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် နေရာအနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စစ်ဆေးမှုများ နှင့် တောနင်းရှာ ဖွေမှုများ ပြုလုပ်နေပြီး ဆီမီးခုံကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာသူများကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ mizzima

ဝန်ကြီး ဦးမင်းသူကို စွဲထားသည့် ရွေး ကောက်ပွဲအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက် လဲချက်ပေးမည်

ရွေးကာက်ပွဲနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့အမှုအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို နေပြည် တော် အချုပ်ထောင်ရှိ အထူးတရားရုံးမှာ သြဂုတ် ၁၂ ရက်က ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ဦးမင်းသူရဲ့ တရားခံပြသက်သေအဖြစ် ဆင့်ခေါ်ထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးရုံးက သုံးဦး အလုပ်မအားတဲ့အတွက် မလာနိုင်ကြောင်း၊ လာဖို့ဆန္ဒမရှိကြောင်း အကြောင်းပြန်တာကို တရားရုံးက လက်ခံလိုက်ပြီး နောက်ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုထားတာပါ။

ရှေ့လာမယ့် သြဂုတ် ၂၆ ရက်မှာ အမှုတခုလုံးအတွက် အပြီးသတ် လျှောက်လဲချက်ပေးရမယ်၊ နောက်အချိန်းမှာ အမိန့်ချမယ်လို့ အဆိုပါနီးစပ်သူက ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း သူတို့မှာ မပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။ DVB

မြန်မာ့အရေး အထူးအာရုံစိုက် အလုပ်လုပ်နိုင်သူ လိုနေကြောင်း မလေးရှားပြော

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ကျော် သတ်မှတ်ရန်နှင့် မြန်မာ့အရေး အထူးအာရုံစိုက် လုပ်ဆောင်နိုင်မည့်သူဖြစ်ရန်လိုသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် စစ်ကောင်စီအုပ်ချုပ်နေသည့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ အဆုံးသတ်ရေးအတွက် ထိရောက်စွာ အကူအညီပေးနိုင်ရန် လိုအပ်သည်ဟု Saifuddin Abdullah က ပြောဆိုကြောင်း မလေးရှားအခြေစိုက် sinardaily သတင်းတစ်ရပ်တွင် ဖော် ပြသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့ ဆွေးနွေးရန်လည်း Saifuddin Abdullah က တိုက်တွန်းထားသည်။

လက်ရှိတွင် အထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသည် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Prak Sokhonn က တာဝန်ယူထားသည်။ သို့သော် အထူးကိုယ်စားလှယ်သည် သံတမန်ရေးရာများနှင့် တာဝန်များရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ရန်မလိုဟု Saifuddin Abdullah က ဆိုသည်။

“မြန်မာ့ပဋိပက္ခ ဖြေရှင်းဖို့ အာဆီယံတစ်ခုနည်းနဲ့ မလုပ်နိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ တခြားသော အာဆီယံ မိတ်ဖက်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆက်ဖို့လိုပါတယ်” ဟုလည်း Saifuddin Abdullah က ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့အရေးကို အထူးစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူရန် ဩ ဂုတ် ၃ ရက် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်ခင် တိုက်တွန်းခဲ့သည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း ပဋိပက္ခများ ပြေလည်ရန် အာဆီယံက မူ ၅ ချက်ကို ၂၀၂၁ ခုနှစ် ဧပြီလက ချမှတ်ခဲ့သည်။ ထိုမူတွင် နိုင်ငံအတွင်း အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန်တို့ပါဝင်သည် သို့သော် ထိုအချက်များကို စစ်ကောင်စီက လျစ်လျူရှုထားသည့်အတွက် အာဆီယံခေါင်းဆောင်များ စိတ်ပျက်ဒေါသထွက်လျက်ရှိသည်။

ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူစသည့် နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများကလည်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေ ဖန်လျက်ရှိသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ခန့်အပ်ထားသည့် နိုင်ငံခြားရေး ဝန်ကြီးကိုလည်း ယင်းတို့ပြုလုပ်သည့် အစည်းအဝေးများသို့ တက်ခွင့်မပေးဘဲ ဒဏ်ခတ်ထားသည်။ myanmar now

စင်ကာပူအခြေစိုက် ကုမ္ပဏီ ၃၈ ခုက မြန်မာစစ်တပ်ကို ထောက်ပံ့နေဟု Justice For Myanmar အဖွဲ့ ထုတ်ပြန် 

မြန်မာစစ်တပ်အား ဆက်လက်ထောက်ပံ့နေကာ လက်နက်ပွဲစား လုပ်ဆောင်မှုများတွင် စင်ကာပူကုမ္ပဏီများလည်း ပါဝင်နေပြီး ပြီးခဲ့သည့်နှစ် အာဏာသိမ်းမှုနောက်ပိုင်း၌ မြန်မာစစ်တပ် ကျူးလွန်သော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများတွင် “ကြံရာပါ” ဖြစ်နေကြောင်း Justice For Myanmar (JFM) ၏ ထုတ်ပြန်ချက်က ဆိုထားသည်။ 

မြန်မာစစ်တပ်သို့ လက်နက်နှင့် ပစ္စည်း ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့နေသော ကုမ္ပဏီပေါင်း ၁၁၆ ခု ရှိသည်ဟု ပြည်တွင်းအခြေစိုက် JFM အဖွဲ့၏ ဩဂုတ် ၁၁ ရက် ထုတ်ပြန်ချက်၌ ဆိုသည်။ အဆိုပါ ကုမ္ပဏီများထဲတွင် ကုမ္ပဏီ ၃၁ ခုသည် ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်းမှ စစ် တပ်နှင့် အတူ လုပ်ဆောင်လာခြင်းဖြစ်သည်။ အခြားသော ကုမ္ပဏီ ၂၇ ခုမှာ နိုင်ငံအနောက်ပိုင်း၌ ရိုဟင်ဂျာများအား စွပ်စွဲထားသည့် လူမျိုးတုံးသတ်ဖြတ်မှုအရာမြောက်သည့် အကြမ်းဖက်မှုများ စစ်တပ်က ကျူးလွန်သည့် ၂၀၁၇ ခုနှစ်ကစပြီး ရောက်ရှိလုပ်ကိုင်နေခြင်း ဖြစ်သည်။ 

ယခု အစီရင်ခံစာ ထုတ်ပြန်ချက်သည် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝယ်ယူရေးဌာနမှ ပေါက်ကြားသော မှတ်တမ်းမှတ်ရာများအပြင် လုပ်ငန်းသတင်းရင်းမြစ်နှင့် အွန်လိုင်းပေါ်မှ ရနိုင်သော အခြားသော သတင်းအချက်အလက်များကို အခြေခံကြောင်း JFM က ဆိုသည်။ 

စစ်တပ်ကို ထောက်ပံ့နေသော မြန်မာအခြေစိုက် ကုမ္ပဏီ ၇၈ ခုစလုံးသည် စင်ကာပူရှိ အနည်းဆုံး ကုမ္ပဏီ ၃၈ ခုနှင့် လက်ခွဲကုမ္ပဏီများ သို့မ ဟုတ် စပ်တူကုမ္ပဏီများ ဖြစ်ကြသည်။ စင်ကာပူနိုင်ငံသည် ကမ်းလွန်ကုန်သွယ်ရေး အချက်အခြာ နိုင်ငံအဖြစ် သာမက မြန်မာစစ်တပ်နှင့် မိတ်ဖက် ခရိုနီများ၊ စီးပွားရေးသမားများ၏ ဘဏ္ဍာရေးအာမခံ ခိုလှုံရာလည်းပဲ ဖြစ်သည်။ ယင်းကုမ္ပဏီများမှ တစ်ခုမှာ Venture Sky International Ltd ကုမ္ပဏီဖြစ်ပြီး မြန်မာလေတပ်ထံ လေယာဉ်အပိုပစ္စည်းများ တင်သွင်းရန်အတွက် ၂၀၁၆ တစ်နှစ်တည်းမှာပင် စာချုပ်ပေါင်း အနည်းဆုံး ၁၂ ခု ချုပ်ဆိုခဲ့သည်။ နောက်ထပ် ကုမ္ပဏီတစ်ခုမှာ မြန်မာကုမ္ပဏီ MCM Pacific Pte Ltd ၏ စင်ကာပူကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ယင်းကုမ္ပဏီသည် မြန်မာလေတပ်ထံ Mi-2 ၊ Mi-17 နှင့် Bell 206 ရဟတ်ယာဉ်များအတွက် အစိတ်အပိုင်းများ ထောက်ပံ့ခဲ့သည်။ 

မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရာတွင် စင်ကာပူကုမ္ပဏီများ ပါဝင်နေခြင်းသည် “မြန်မာပြည်သူ သန်းပေါင်းများစွာ၏ အ သက်အန္တရာယ်ကို ခြိမ်းခြောက်မှု မြောက်နေကြောင်း” ယခု အစီရင်ခံစာ ဖော်ပြသည်။ “အာဆီယံ အဖွဲ့ဝင် တစ်နိုင်ငံအနေနဲ့ စင်ကာပူဟာ မြန် မာအရေး ဖြေရှင်းရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်၊ မြန်မာစစ်အာဏာသိမ်းအုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကြံ ရာပါ ဖြစ်နေတာကို အဆုံးသတ်ခြင်းနဲ့ စတင်ရမှာ ဖြစ်တယ်”ဟု ယင်း အစီရင်ခံစာက ဆိုထားသည်။ mizzima

ရေးမြို့က CDM သားဖွားဆရာမတဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာ ၂ လမ်းက သားဖွားဆရာမကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သြဂုတ် ၁၁ ရက် ည ၇ နာရီခွဲလောက်က နေ အိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သားဖွားဆရာမဟာ CDM ဝင်ထားပြီး စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူလည်း ဖြစ်တယ်၊ နောက် PDF တွေနဲ့ ပါဝင်ပတ်သက်မှုနဲ့ မသင်္ကာလို့ဆိုပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးတာကို ခံရတာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး တွေ့ခွင့်မရသေးတာကြောင့် သားဖွားဆရာမရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၁ နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေ၊ NLD ထောက်ခံတဲ့သူတွေ အပါအဝင် ရေးမြို့နယ်မှာ လူ ၁ ဒါဇင်နီးပါး စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ ပြန်လည်မလွတ်မြောက်သေးတဲ့ သူတွေလည်း ရှိနေပါတယ်။ DVB

ရှားစေးချက်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး၊ ပြည်သူအချို့ဖမ်းဆီးခံရပြီး ၁ ဦး အသတ်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရှားစေးချက်ရွာကို ဩဂုတ် ၁၂ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး အပြစ်မဲ့ ပြည်သူတယောက်အား သတ်ဖြတ်ကာ ၅ ယောက်ကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၁ ရက်နေ့ ညနေပိုင်းမှာ ရှားစေးချက်ရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက် ညအိပ်စခန်းချပြီးနောက် ဒီနေ့မနက် မီးရှို့ဖျက်ဆီးခဲ့တာလို့ ရွာခံတယောက်က လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်း သူတို့ ပြန်ထွက်ခါနီးမှာ မီးရှို့ ဖျက်ဆီးခဲ့ကြလို့ အိမ်ခြေ ၂၀ လောက် မီးလောင်ကျွမ်းခဲ့တယ်။ စစ်(…) တွေဟာ ရွာကို ညနေပိုင်း ဝင်ဝင်ချင်း ရွာရဲ့ ပ.က.ဖ ကင်းကို ဖျက်ဆီးလိုက်တယ်။ ပြည်သူတွေမွေးမြူထားတဲ့ ကြက်တွေ၊ ဆိတ်တွေကို သတ် ဖြတ်စားသောက်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ သူတို့ ညအိပ်စခန်းချခဲ့တဲ့ အိမ်ကနေ မီးစရှို့ခဲ့ကြတာ။ တချို့ မလောင်တဲ့အိမ်တွေမှာဆိုရင် ကုတင်အောက်တွေမှာ လောင်စာတွေ သွင်းပြီး မီးရှို့သွားတယ်။” 

စစ်ကောင်စီတပ်ဟာ ရွာတောင်ဘက်နားမှာ အသက် ၂၀ အရွယ် လူငယ်တယောက်ကို သတ်ဖြတ်သွားသလို ပြည်သူ ၈ ယောက်ကိုလည်း ညကတည်းက ဖမ်းဆီးသွားပြီး မနက်ပိုင်းမှာ ၃ ယောက်သာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်(…)တွေ ရွာဘက်ကို စစ်ကြောင်းထိုးလာပြီလို့ သတင်းကြားကတည်းက ရွာလုံးကျွတ် အသက်လုပြီး ထွက်ပြေးခဲ့ရတာ။ စားနပ်ရိက္ခာတွေလည်း ပါမလာကြဘူး။ တောထဲတွေမှာပဲ ဖြစ်သလို နေနေကြရတယ်။ ရွာသားတချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါင်းပြီး မီးဝင်ငြှိမ်းပေးတာတွေ၊ မီးလောင်တဲ့ နေအိမ်တွေကို ရှင်းလင်းပေးတာတွေ ပြုလုပ်ပေးခဲ့ကြပြီး ရွာထဲမှာတော့ ပြန်မနေရဲသေးဘူး” လို့ ရှာစေးချက်ရွာခံက ပြောပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB

သာကေတ ဦးပိုင်ဝင်း ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်၊ သာကေတမြို့နယ်ရှိ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးဦးပိုင်၏ မော်တော်ယာဉ်ဝင်းကို ယမန်နေ့(ဩဂုတ်၁၀) ည ၇ နာရီက ချိန်ကိုက်ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီကို ခုခံနေသည့် မြို့ပြ ပြောက်ကျား အဖွဲ့တစ်ခုက ကြေညာသည်။

သာကေတမြို့နယ် ရှုခင်းသာလမ်းပေါ်ရှိ အမှတ် ၃၈ အခြေခံပညာမူလတန်းကျောင်းအနီးတွင်ရှိသည့် ထိုနေရာမှာ ဦးပိုင်၏ ဆီကားများရပ်နားသည့် နေရာဖြစ်ကြောင်း Soul Takers-Yangon Underground Force မြို့ပြ ပြောက်ကျားအဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကျဆုံးအထိအခိုက်ကတော့ ကျနော်တို့လည်းမသိရသေးပါဘူး။ ပြန်လည်ဆုတ်ခွာလာရင်း ပစ်ခတ်ရင်းတော့ လုံခြုံ ရေးတစ်ယောက် လက် မောင်းထိသွားတယ်” ဟု ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်အတွင်း ထိခိုက်ပျက်ဆီး၊ သေဆုံး၊ ဒဏ်ရာရမှုရှိမရှိ စုံစမ်းနေဆဲသာဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံနေကြရာ စီးပွားရေးမြို့တော် ရန်ကုန်တစ်ခုတည်းတွင်ပင် တိုက်ခိုက်မှုပေါင်း ၂၀၀၀ ထက်မနည်းဖြစ်ခဲ့သည်ဟု စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံထားသည်။ myanmar now

မုံရွာမှ မန္တလေးမြို့သို့ ထွက်ခွာလာသည့် စစ်ယာဉ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမှ မန္တလေးသို့ ဦးတည်ထွက်ခွာလာသည့် ၁၁ စီးပါ စစ်ယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ရာ အ ကျအဆုံးများနိုင်ကြောင်း South Monywa PDF ထံမှ သိရသည်။

ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းကြားသို့ ယာဉ်တန်းဖြတ် သန်းစဉ် မိုင်းခုနစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့ မနက် ၃ နာရီခွဲနဲ့ ၄ နာရီကြားမှာ မုံရွာကနေ ထွက်လာတဲ့ ၁၁ စီးပါ စစ်ကောင်စီကားတန်းကို ဂွေးပင်တောကျေးရွာနဲ့ ဘိုးမင်းကြီးကင်းကျေးရွာကြားမှာ ပဒေသာမိုင်း ခုနစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ အထိအခိုက်များနိုင်ပါတယ် ” ဟု South Monywa PDF မှ တာဝန်ရှိသူ Daung Karyan က မဇ္စျိမကို ပြောသည်။

အဆိုပါ စစ်ယာဉ်တန်း၏ လေးစီးမြောက်နှင့် ငါးစီးမြောက်ကားများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာကြောင်း သတင်းရရှိထားသည့် အတွက် ယာဉ်တန်းဖြတ်သန်းစဉ် တိကျစွာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုက်ခိုက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲဝင်များ သေဆုံးမှုရှိသကဲ့သို့ ထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားနိုင်ကြောင်း Daung Karyan ကဆိုသည်။

“ ညအချိန်တိုက်ခိုက်တာဖြစ်လို့ မှတ်တမ်းတော့ မယူထားမိဘူး၊ မနက်ခင်း ပွိုင့်ဆွဲတဲ့နေရာကို သွားကြည့်တော့ သွေးကွက်တွေ မြင်မကောင်းဘူး၊ အတွင်းသတင်းရော မျက်မြင်တွေရဲ့ ပြောကြားချက်အရ ၁၅ ယောက်ထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ” ဟု ၎င်းကပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အထိအခိုက်အကျအဆုံး အခြေအနေများကို အတည်ပြုနိုင်ရန် မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲလည်း ဖြစ်သည်။

မိုင်းဆွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းဦးမြို့နယ်နှင့် ငါးရှန်မြို့နယ်ကြားတွင် အင်အားများစွာဖြင့် စစ်ဆေးမှုများတင်းကျပ်စွာ ပြုလုပ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ထိုတိုက်ခိုက်မှုကို People’s Defence Force – South Monywa နှင့် Monywa Ranger Group Truth Army တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မန္တလေး-မုံရွာလမ်းမကြီးပေါ်တွင် စစ်ယာဉ်တန်းများ မကြာခဏဆိုသကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှုများခံနေရ၍ တစ်စီး၊ နှစ်စီးသာ တပ်သားအ ပြည့်ပါပြီး ကျန်အစီးများတွင် အရန်အင်အားလောက်သာပါဝင်သည့် ကားတန်းရှည်များဖြင့် ဖြတ်သန်းသွားလာမှုများ ပြုလုပ်နေကြောင်း မြေ ပြင်ရှိတော်လှန်ရေး ရဲဘော်တစ်ဦးကလည်း ပြောသည်။

“ အခုအချိန်က ကားအကောင်းစားတွေစီး၊ ဇိမ်ခံပြီးခရီးသွားရမယ့်အချိန် မဟုတ်တဲ့အတွက် စစ်ခွေး(စကစ တပ်သား)အိမ်စီးကားတွေနဲ့ မရောစေဖို့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာစေချင်တယ်၊ အိမ်စီးကားတွေအနေနဲ့လည်းမှန်ချပြီး သင့် တင့်တဲ့ နှုန်းထားနဲ့ မောင်းနှင်ပေးဖို့အသိပေးချင်တယ် ” ဟု South Monywa PDF မှ တာဝန်ရှိသူ Daung Karyan က ဆက်၍ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် လိုက်ပါလာသော ပါဂျဲရိုးအိမ်စီးကားကို မြင်းမူမြို့နယ်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူနှစ်ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ mizzima

« Older Entries