မကွေးတိုင်းအတွင်းရှိ တောင်သူအလုပ် လုပ် ကိုင်သည့် မိသားစုကို PDF ဟု စွပ်စွဲ၍ စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ နဂါးနီ ကြက်ဆိုင် ရှေ့တွင် လူငယ်တစ်ဦးကို PDF အဖွဲ့ဝင်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ စွပ်စွဲဖမ်းဆီးခံရသူ လူငယ်သည် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မထွဲကျေးရွာတွင်နေထိုင်ပြီး တောင်သူအလုပ် လုပ်ကိုင်သည့် ကိုပြည့်ဖြိုးဦး(ခ) ကိုစေတန်(ခ)ကိုအရှည်ကြီး ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီသည် ကိုပြည့်ဖြိုးဦးကို ဖမ်းဆီးခဲ့ပြီးနောက် မထွဲကျေးရွာရှိ ၎င်း၏ အမေနှင့်ညီမ ဖြစ်သူတို့ကိုပါ ထပ်မံဖမ်းဆီးခဲ့သည်။
“တစ်နေ့တည်း အဖမ်းခံရတာပါ။ သားဖြစ်သူက မနက်ပိုင်း တောင်တွင်းကြီးမှာ အဖမ်းခံ ရတာပါ။ နေ့လယ်ကျမှ သူ့အိမ်က အမေနဲ့ ညီမကို ထပ်ဖမ်းတာ။ တောင်သူ အလုပ်ပဲ လုပ်ကြတာ” ဟု ကိုပြည့်ဖြိုးဦး၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ကိုပြည့်ဖြိုးဦးအပါအဝင် ၎င်း၏အမေနှင့်ညီမတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကတည်းက ယနေ့ ဩဂုတ် ၁၄ရက်နေ့ အထိ မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်ထား သည်ကို မသိရှိရသေးသည့်အတွက် အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ဆို သည်။
“မိသားစုဝင် ညီအစ်ကိုမောင်နှစ်မတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေက ကိုပြည့်ဖြိုးဦးနဲ့ တွေ့ခွင့်ရဖို့အကြိမ်ကြိမ်ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် အခုအချိန်အထိ တွေ့ခွင့်မရေ သးဘူး။ သူ့တို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်” ဟု ကိုပြည့်ဖြိုးဦး၏ မိသားစုဝင် တစ်ဦးကပြော သည်။
စစ်ကောင်စီသည် မကွေးတိုင်း၊ မြို့သစ်မြို့နယ်အတွင်းရှိ လူငယ်အချို့ကို PDF အဖွဲ့ဝင်ဟု စွပ်စွဲ၍ ဖမ်းဆီးထားပြီး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူ လူငယ် ၂၀ ဦးထက် မနည်း ရှိကြောင်းသိရသည်။ mizzima