Monthly Archives: Aug 2022

မုံရွာမြို့တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင် စီတပ်ဖွဲ့ဝင် ၃ ဦး မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အထွက် အက်တောကျေးရွာနဲ့ မွေးမြူရေးဇုန်ကြားမှာ ဩဂုတ် ၁၄ ရက် ညနေ ၇ နာရီခွဲလောက်က ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ‌ဦးလုံး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းဟာ တပ်ဖွဲ့ဝင်သုံးဦးကို ကင်းပုန်းဝပ်ဖို့ ကားပေါ်မှ ချထားခဲ့ရာမှာ ကာကွယ်ရေးတပ်ဖွဲ့က အသင့်တပ်ဆင်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သေချင်တော့ အဆင်သင့်ပြင်ထားတဲ့ ပွိုင့်ဘက်ကို တည့်တည့်ဝင်လာတာ၊ အဲဒီမှာ အချိန်ကိုက် ဖောက်ခွဲတော့ သုံးယောက်လုံး ပွဲချင်းပြီး သေတယ်။ မြို့ပေါ်မှာလည်း နေရာတော်တော်များများမှာ ယူနီဖောင်းနဲ့ရော အရပ်ဝတ်နဲ့ပါ ကင်းပုန်းဝပ်တာတွေလည်း ရှိတယ်” လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ ၊ တပ်ခွဲ ၄ Fight For People – F.F.P မှ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒ့ါအပြင် ဩဂုတ် ၁၅ ရက် မနက် ၂ နာရီလောက်ကလည်း မုံရွာမြို့အဝင် မအူဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မုံရွာခရိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ DVB

ပင်လည်ဘူးတွင် ကျေးရွာများကို မီးရှို့သော စစ်ကောင်စီတပ်ကို ဒေသကာ ကွယ်ရေးတပ်များ ပြန်လည် တိုက်ခိုက်မှု စစ်သား ၃၀ ကျော်သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိ၊ လက်နက်များ လည်းရရှိ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးတွင် ကျေးရွာများကို မီးရှို့သော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက ပြန် လည် ခုခံတိုက်ခိုက်ရာ စစ် ကောင်စီ တပ် ဘက် မှ ၃၀ ကျော်သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကြောင်း၊ လက်နက် များ လည်း သိမ်းဆည်းရ မိကြောင်း ကောလင်းခရိုင် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ တာဝန် ခံ၊ ကောလင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဇော်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

စစ်ကောင်စီတပ်များက ပင်လည်ကူးမြို့နှင့် ၃ မိုင်သာကွာဝေးသော ကျေးရွာ များကို မီးရှို့လာသဖြင့်ပြည်သူလူထုကို ကာကွယ်ရန် ဒေသကာကွယ် ရေးတပ် များက ပြန်လည် တိုက်ခိုက်ကြောင်း၊ မူလက စစ်ကောင်စီအင်အား ၅၀ ရှိပြီး စစ်ကူ ၃၀ ထပ်မံ အားဖြည့်ကြောင်း၊ ဒေသကာ ကွယ်ရေးတပ်များက ယနေ့ စုပေါင်း တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်များက သေဆုံးမှု များစွာ ဖြင့် မြို့ထဲသို့ ပြန်ဝင်သွားကြောင်း သိရှိရသည်။

“ကျနော်တို့ မြို့ထဲပြန်ဝင်သွားတာ ၃၀ ကျော်လောက်ပဲရှိတယ်။ စုစုပေါင်း မြို့ထဲက ထွက်လာတာက အင်အား ၈၀ လောက်ရှိတာကို။ ၁ ဦးအ ရှင် ဖမ်းမိ တယ်။ လက်နက်တွေလည်းမိတယ်။ ပြည်သူ့ကျေးရွာအိုးအိမ်တွေကို မီးရှို့တာ ကျနော်တို့ လက်မခံတော့ဘူး” ဟု ကောလင်းခရိုင်ပကဖ တာဝန်ခံက ပြောဆို သည်။

လက်ရှိတွင် ကောလင်းခရိုင်အတွင်းရှိ ဝန်းသို၊ကောလင်း၊ ပင်လည်ဘူး ဒေသ များ တွင် စစ်တပ်က ကျေးရွာများကို မီးရှို့များ လုပ်ဆောင်လာကြောင်း သိရှိရသည်။ khit thit

လှေခုတ်ရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့၊ အသက် ၉၀ အရွယ် အဘွားအိုတဦး မီးထဲပါသွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ လှေခုတ်ရွာကို သြဂုတ် ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံ မီးရှို့ဖျက် ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၉၀ အရွယ် အဘွားအို ၁ ဦး မီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆင်တဲရွာမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ လှေခုတ်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာလို့ လှေခုတ်ရွာဒေသခံယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်(…)တွေဟာ သြဂုတ်လ ၁၃ ရက်နေ့ကတည်း ကလှေခုတ်ရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၈၀ လောက်မီးလောင်ကျွမ်းခဲ့တယ်။ ဒီနေ့နဲ့ဆိုရင် ၁၅၀ ထက်မနည်းမီးလောင်သွားပြီ။ စစ်(…)တွေ ပြန်ဆုတ်သွားတော့ ရွာသားတချို့ ရွာထဲကိုပြန်ဝင်ပြီး နေကြတယ်။ အဘွားအိုကတော့ မပြေးနိုင်တော့လို့ နေအိမ်မှာ ချန်ထားခဲ့ရတာ။ မီးကတော့ ညနေပိုင်းအထိ လောင်နေတုန်းပဲဗျ။ ဘယ်သူမှလည်း သွားမငြိမ်းရဲကြဘူး။” 

စစ်ကောင်စီတပ်ဖွဲ့ဟာ နေရင်း၊ မင်းရွာနဲ့ ဆင်တဲကျေးရွာတွေမှာ အင်အား ၂၀၀ လောက်နဲ့ အထိုင်ချပြီး ရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက် ဆီးနေကြသလို နောက်ထပ်လည်း လူအင်အား လက်နက်အင်အားတွေ ထပ်တိုးထားလို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ရေလယ်ကျွန်းဒေသမှာ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်လောက်ရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ် အထည်၊ စောင် ခြင်ထောင်၊ အမိုး အကာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ် အကူညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈၈၈၆ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB

စစ်ကောင်စီတပ်က ဟိုင်မွာလ်ကျေးရွာ နေ အိမ် ၈ လုံးအား မီးရှို့ပြီး ရွာသား ၂ ဦးကို ဖမ်းဆီး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ကျေးရွာမှာ ဩဂုတ် ၁၄ ရက်ညနေ ၃ နာရီလောက် နေအိမ် ၈ လုံးကို မီးရှို့ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးအား စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ ဒေသခံတဦးက‌ ပြောပါတယ်။

“စစ်တပ်က ရန်သူ့စခန်းကို ၀င်စီးသလို ရွာကို ဝင်စီးသွားတာ။ ဗုံးကွဲသံလည်း ကြားတယ်။ နောက်မကြာဘူး အိမ်တွေ မီးလောင်သွားတယ်။ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဖမ်းခံရတယ်။ ဒဏ်ရာရထားတာ တယောက်ပါတယ်။ ရွာသားလား၊ တော်လှန်ရေး တပ်ဖွဲ့ကလားတော့ မသိဘူး။”

ဟိုင်မွာလ်ကျေးရွာဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ရိခေါ်ဒါရ်မြို့နဲ့ ၅ မိုင်သာ ဝေးပြီး ဩဂုတ် ၁၀ ရက်က တိုက်ခိုက်ခံရတဲ့ စစ်စခန်းနဲ့ မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်မှာရှိတဲ့ ရွာ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့လို့ မီးလောင်တဲ့ နေအိမ် ၈ လုံးဟာ ညနေပိုင်း ၆ နာရီလောက်မှာ မီးငြိမ်းသွားတယ်လို့  သိရပါတယ်။ DVB

တကသအမှုဆောင်ဟောင်း ကိုမင်းဟိန်းခန့်အပါအဝင် ၁၀၅ ဦး ထောင်ပြောင်းရွှေ့ခံရ

ရန်ကုန် စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) အမှုဆောင်ဟောင်း ကိုမင်းဟိန်းခန့် အပါအဝင် နိုင်ငံရေးအကျဥ်းသား ၁၀၅ ယောက်ကို အင်းစိန်အကျဥ်းဦးစီးဌာနက ဩဂုတ် ၁၄ ရက်မှာ သရက်ထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

ကိုမင်းဟိန်းခန့်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက အင်းစိန်ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅-ကနဲ့  အလုပ်နဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်ခံထားရတာပါ။

နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ပြောင်းရွေ့မှုပြုလုပ်တာဟာ ဒါနဲ့ဆို တတိယအကြိမ်​မြောက်ဖြစ်ပြီး ထုံးစံအတိုင်းမိသားစုတွေဆီ ကြို တင်အကြောင်းကြားခြင်းမရှိခဲ့ဘဲ ထောင်ပြောင်းရွေ့မှုကို စနေနေ့တွေမှာသာ ပြုလုပ်တာက တနင်္ဂနွေနေ့ ထောင်ရုံးပိတ်ရက် ဖြစ်တာကြောင့် မိသားစုတွေ လိုက်လံစုံစမ်းလို့မရအောင် ကြိုတင်အကွက်ချစီမံတာ ဖြစ်နိုင်တယ်လို့လည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီလက်ဝေခံ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဥ်းသားတွေကို နေ့စဥ်နဲ့အမျှ ထောင်တွင်း ဖိနှိပ်မှုတွေ ပြုလုပ်နေရုံသာမက ခုလို တိတ်တဆိတ် ထောင်ပြောင်းရွှေ့တာတွေ ပြုလုပ်တာဟာ မိသားစုဝင် မိဘပြည်သူတွေကိုပါ မတရားဖိနှိပ်နေတဲ့ လုပ်ရပ်တွေဖြစ်တာကြောင့် မိမိတို့ရဲ့လွတ်လပ်ခွင့်နဲ့ ထောင်တွင်းရဲဘော်တွေရဲ့ အခွင့်အရေးအတွက် အာဏာရှင် အမြစ်ပြတ်ရေးတော်လှန်ရေးကို ကျောင်းသား လူငယ် မိဘပြည်သူတွေအနေနဲ့ နေ့စဥ်နဲ့အမျှ အာရုံစိုက်ကြဖို့လည်း တောင်းဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီးချိန်ကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူတွေအားလုံးကို မတရားပုဒ်မတပ် ဖမ်းဆီးအရေးယူ ထောင်ချတာတွေ၊ ညှဉ်းပန်းနှိပ်စက်တာ၊ နိုင်ငံတဝန်း မင်းမဲ့စရိုက်ဆန်ဆန် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ ပစ်ခတ်နှိမ်နင်းတာတွေကို ဆက်တိုက် လုပ်ဆောင်လာနေခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၈၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၀၉၁ ယောက်ထိရှိပြီလို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၉၉၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၁,၃၈၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ ၈၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ထိ အ ကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၀၉ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ DVB

အိုးဘိုထောင်တွင် အစာငတ်ခံဆန္ဒပြသူ ထောင် ၃ နှစ် ချခံရ

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဆန္ဒပြစဉ် ရိုက်နှက်ခံရကာ ဒဏ်ရာပြင်းထန်သည်ဟု သတင်းထွက်နေသည့် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ကို တရားရုံးတင်စစ်ဆေးခြင်း မရှိဘဲ စစ်ကောင်စီက ဩဂုတ် ၁၀ တွင် ထောင် ၃ နှစ် ချမှတ်လိုက်သည်။ 

အသက် ၂၆ နှစ်အရွယ် ကိုနောင်ထက်အောင်မှာ ၂၀၂၁ တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသူဖြစ်သည်။ ၎င်းကို ဆူပူစေရန် လှုံ့ဆော်မှု ၅၀၅ – က ဖြင့် ထောင်ဒဏ်စီရင်ခြင်း ဖြစ်သည်။ 

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု(ခ) ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ အာဏာသိမ်းမှုဆန့်ကျင်သူ အရပ်သား ၂ ဦးတို့ကို ကွပ်မျက်မှုအတွက် အစာငတ်ခံ ဆန္ဒပြသည့် ကိုနောင်ထက်အောင်ကို အိုးဘိုထောင်အတွင်း တိုက်ပိတ်ထားသည်။ 

ဩဂုတ် ၁ မှစ၍ အစာငတ်ခံဆန္ဒပြသည့် သူ့ကို ဩဂုတ် ၉ရက်တွင် ထောင်ဝန်ထမ်းများက ရိုက်နှက်နှိပ်စက်ကာ အလင်းရောင်နှင့် လေဝင်လေထွက် မရှိသလောက် နည်းပါးသော တိုက်ခန်းကျဉ်းသို့ ပို့ခဲ့ကြောင်း၊ အမှုထပ်တိုးမည်ဟု ဖိအားပေးခြိမ်းခြောက်နေသည်ဟု သိရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တာဝန်ရှိသူက ပြောသည်။ 

“ဝန်ထမ်းတွေရောက်လာပြီး ဝိုင်းရိုက်ကြတယ်။ လေးခွနဲ့ပစ်တယ်။ လျှပ်စစ်ရှော့တိုက်လက်နက်တွေ သုံးပြီး ဖိနှိပ်တယ်လို့ သိရတယ်။ နောက်ဆုံးသတင်းအရ ၁၆ ဦးကို တိုက်ပိတ်ထားဆဲလို့ သိရတယ်” ဟု ဗကသ သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

“အစာငတ်ခံဆန္ဒပြသူတွေထဲ သူအပါအဝင် ၁၉ ဦး တိုက်ပိတ်ခံရတယ်လို့ သိရတယ်။ အရိုက်ခံရသူ ၃၆ ဦးလောက်ရှိပေမဲ့ အရိုက်ခံရပြီး တိုက်ပိတ်မခံရသူတွေလည်းရှိတယ်”  

ကိုနောင်ထက်အောင်မှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု အထက်ပါ ဗကသတာဝန်ရှိသူက ပြောသည်။ 

“ရှေ့သွားသုံးချောင်းကျိုးတယ်။ ခေါင်းပေါက်တယ်။ ကျောကွဲတယ်….. ။ ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသူတွေလည်းရှိတယ်”ဟု ၎င်းက ဆိုသည်။ 

ကိုနောင်ထက်အောင်အပါအဝင် ရိုက်နှက်၍ တိုက်ပိတ်ခံရသူများကို ဆေးကုသခွင့်ပေးရန် ဗကသက တောင်းဆိုထားသည်။ 

အိုးဘိုထောင်အတွင်း အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။ 

စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သူများကို ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီးနေသည်။ ဖမ်းဆီးခံရပြီးနောက် သတင်းအစအနပျောက်ဆုံးနေသူများလည်းရှိသည်။ 

ယမန်နှစ် စက်တင်ဘာလဆန်းတွင် စစ်ကိုင်းမြို့ စစ်ဆေးရေးဂိတ်တစ်ခု၌ ဖမ်းဆီးခံရပြီး ထိုမြို့တွင် အခြေစိုက်သည့် တပ်မ ၃၃ ဝင်းအတွင်း ခေါ်ဆောင်သွားခြင်းခံရသူ စစ်ကိုင်းပညာရေးတက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌ မအေးနန္ဒာစိုးလည်း ယခုအချိန်အထိ သတင်းပျောက်ဆုံးနေသည်ဟု ဗကသက ပြောသည်။  

အလားတူ ထိုကာလအတွင်း ဖမ်းဆီးခံရသည့် ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖွဲ့ဝင် ကျောင်းသား၊ ဂေါ်ရခါးလူမျိုး ကိုလင်းပိုင်စိုး၏ အခြေအနေကိုလည်း ယနေ့တိုင် စုံစမ်း၍ မရသေးပေ။  

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာချိန်တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဗကသအဖွဲ့ဝင် ကျောင်းသားကျောင်းသူများ (၄၀) ကျော် ထိန်းသိမ်းထားခံရကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။ myanmar now

ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ဘေးရှောင်ဦးရေ ၉၆၀၀၀ ကျော် ရှိလာ

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေထဲက လူသောမြို့နယ်၊ ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်း ရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေ ၉၆၁၈၀ ယောက်ထိ ရှိလာနေပြီလို့ သိရပါတယ်။

ဩဂုတ် ၁၅ ရက် ဒီကနေ့ ရက်စွဲနဲ့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (B GF) တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေကို အဆက်မပြတ် လှုပ်ရှား ဆောင်ရွက်နေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ရဲ့ လက်အောက်ခံတပ်ရင်းတွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ နယ်မြေလုံခြုံရေးတို့အတွက် ကာကွယ်ဖို့ ထိတွေ့ပစ်ခတ်မှုတွေ၊ ရင်ဆိုင်တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး မူတြော်ခရိုင် တပ်မဟာ (၅) ဟာ ကျန်တပ်မဟာတွေအားလုံးထက် တိုက်ပွဲအကြိမ်ရေအများဆုံး ဖြစ်ပွားတဲ့ တပ်မဟာတခု ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တွေဟာ ပြည်သူလူထု နေထိုင်တဲ့ ကျေးရွာတွေ၊ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ဒေသခံပြည်သူတွေဟာ နေထိုင်တဲ့ ကျေးရွာတွေ၊ ပိုင်ဆိုင်တဲ့ ပစ္စည်ဥစ္စာတွေ၊ လုပ်ငန်းခွင်တွေကို ထားခဲ့ကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူ အများစုဟာ မိရိုးဖလာ တောင်ယာလုပ်ငန်းတွေနဲ့ လယ်လုပ်ငန်းတွေကို အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအနေနဲ့ လုပ်ကိုင်ကြသူတွေ ဖြစ်တာကြောင့် လတ်တလောမှာတော့ အခြေခံရိက္ခာမလုံလောက်တဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတဲ့အပြင်  စစ်ဘေးရှောင်ပြည်သူအရေအတွက် ပိုတိုးလာတာကြောင့် လိုအပ်ချက်တွေ အများအပြား လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ အများဆုံး စံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆, ၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ ၃၄၆,၀၀၀ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ DVB

ကျိုက်ထိုတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်မှုကြောင့် ရဲနှစ်ဦးသေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် ယနေ့ (ဩဂုတ် ၁၅) နံနက် ၉ နာရီခန့်က အိမ်စီးကားဖြင့် လာသည့် ရဲ ၂ ဦး တော်လှန်ရေးပူးပေါင်းအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။

မရမ်းချောင်ရွာမှ ကျိုက်ထိုမြို့ဘက်သို့ Toyota Wish အဖြူရောင်ဖြင့် လာမည်ဟု ကြိုတင်သတင်းရ၍ အင်္ဂဘိုကျေးရွာ လက်ပံပင်သင်္ချိုင်းနှင့် ကျိုက်ထီးရိုးလေးလမ်းဝကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် Kyaikhto Revolution Force (KRF) တို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူနှစ်ဦးမှာ မရမ်းချောင်နယ်ထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းနှင့် ရဲတပ်သားတစ်ဦးဖြစ်ပြီး ကားပေါ်တွင်ပါလာသည့် အရပ်သားတစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း KRF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“(ဒဏ်ရာရတဲ့) တစ်ယောက်က တရားခံလို့ပြောတယ်၊ လက်ထိတ်ခတ်ထားတယ်။ တရားခံအမျိုးသားကတော့ စိုးရိမ်တဲ့ဒဏ်ရာ ရသွားတယ်။ သူက ကားထဲမှာဆိုတော့ အကုန်လုံး ရောနေတော့လေ၊ လက်နက်ငယ်နဲ့ ကားထဲကို ပစ်ထည့်တာဆိုတော့ စိတ်တော့မကောင်းဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရသည့် ထိုအရပ်သား၏ နောက်ဆက်တွဲအခြေအနေကို စုံစမ်း၍ မရသေးပေ။

“အခုက လက်ရှိ သူတို့ကုန်ကားနဲ့ စစ်သားတစ်ဖွဲ့ လာချထားတယ်လို့ သတင်းကြားတယ်၊ အခင်းဖြစ်တဲ့နေရာမှာပေါ့။ စစ်သားတွေလာချပြီး ပိတ်ဆို့စစ်ဆေးနေတုန်းပဲ” ဟု KRF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ကလည်း မရမ်းချောင်‌ကျေးရွာအနီး အင်အား ၃၀ ဝန်းကျင်ရှိ စစ်တပ်ကင်းစခန်းတစ်ခုကို KNU/KNLA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ရင်း (၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution and Information Network ထံမှ သိရသည်။ 

ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်နေသည့် ကျိုက်ထိုမြို့နယ်တွင် ဩဂုတ်လ ၄ ရက်နေ့ကစပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ကြောင်း၊ ဩဂုတ် ၁၁ တွင် သံဃာနှစ်ပါး ဆိုင်ကယ်အတူမစီးရန် ထပ်မံကြေညာကြောင်း၊ အစစ်အဆေး တင်းကျပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် မွန်ပြည်နယ်အတွင်းမှ ဒေသများလည်း ပါဝင်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ myanmar now

ကျိုက်ထိုတွင် တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ သြဂုတ် ၁၅ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး တိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က DVB  ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ် မရမ်းချောင်းဘက်ကနေ အရပ်သား အိမ်စီးကား (Toyota Wish) အဖြူရောင်ကားကို အသုံးပြုပြီး အရပ်သားဝတ်နဲ့ မောင်းနှင်းလာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF ပူးပေါင်းအဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။

ပြင်းထန်ဒဏ်ရာရှိခဲ့တဲ့သူဟာ တရားခံ ဒါမှမဟုတ် စစ်ကောင်စီ စစ်တပ်သား ၁ ဦး ဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့သူ ၁ ဦးကိုတော့ စစ်ကောင်စီတပ်က လာရောက် ကောက်ယူသွားပြီး ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူတဦးက ပြောပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မရမ်းချောင်နယ်ထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းနဲ့ ရဲတပ်သားတဦး ဖြစ်တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာဟာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံနေရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ DVB

« Older Entries