Monthly Archives: Aug 2022

AA က သိမ်းဆည်းရမိသည်ဆိုသော လက်နက်ခဲယမ်းပုံ အမှား

ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားသည့်တိုက်ပွဲ တွင် စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့်သုံ့ပန်းစစ်သားတစ်ဦး ဖမ်းဆီးရမိ သည့်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ တိုက်ပွဲဖြစ်ပွားသည့်အကြောင်းအရာ မှန်ကန်သော်လည်း အသုံးပြုထားသောပုံများမှာ ယခင်တိုက်ပွဲများမှ ဓါတ်ပုံအဟောင်းများဖြစ်သည်။

ရခိုင်ပြည်နယ်နှင့်ပက်သက်သည့်သတင်းများကို ဖြန့်ဝေလေ့ရှိသည့် “Minbar Bayin” အမည်ရှိ ဖေ့စ်ဘုတ် အကောင့်မှ ဩဂုတ်လ ၁၄ ရက်နေ့တွင် “ညဇာက မအလအလူAug 13 ရက်နိန့် ညဇာက တိုက်ပွဲမှာ ငပိလစန့်ကြောင် 31 ကောင်နန့်အရှင် 4 ကောင်ဖမ်းရေအပြင်လက်နက်ရိက္ခာတိ လာလူပီးလားပါရေ ဝံလက်တိ တောင်ပြန်ဖြန့်လို့ တိုက်ပွဲတိုင်းအနိုင်ယူအောင်မြင်ပနာ ရခိုင်လူမျိုးတိဖြစ်ချင်နိန်ရေ ဆန္ဒကို အယင်ဆုံး ဖြည့်စီးပီးနိုင်ပါဇီ” ( မူရင်း အရေးအသားအတိုင်း ) ဟုရေးသားကာ လက်နက်ခဲယမ်း ပုံအချို့နှင့် သုံ့ပန်းစစ်သားတစ်ဦး ဖမ်းဆီးမိပုံကို ရေးသားဖော်ပြခဲ့သည်။

ငပိ(စစ်သား)၊ လစန့်ကြောင်(သေ)စသော ရခိုင်ဘာသာဗန်းစကားအသုံးအနှုန်းဖြင့် “မနေ့က တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၃၁ ဦးသေပြီး ၄ ယောက် အရှင်ဖမ်းမိကြောင်း” ရေးသားဖော်ပြခဲ့ပြီး ထိုပိုစ့်ကို လူပေါင်း နှစ်ရာကျော်မျှဝေခဲ့သည်။

ဖြန့်ဝေမှုတွင် တိုက်ပွဲဖြစ်ပွားသည်ဟုပြောဆိုထားသော်လည်း မည်သည့်နေရာဟု အတိအကျဖော်ပြထား ခြင်း မရှိပေ။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) မှ ဩဂုတ် ၁၅ ရက်နေ့တွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းပုံနှင့်တကွ တိုက်ပွဲသတင်းထုတ်ပြန်ထားသည်။ “၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၃ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ရက္ခိုင်ဒေသအတွင်း (၃) နေရာ နှင့် ပလက်ဝဒေသအတွင်း(၁)နေရာ စသည်ဖြင့် စုစုပေါင်း(၄)နေရာတို့၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ သည်” ဟုဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင်ဖော်ပြထားသည့် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းပုံများမှာ သတင်းတုတွင် ဖြန့်ဝေသည့် ပုံများနှင့် တူညီမှု မရှိချေ။

ယင်းတိုက်ပွဲအကြောင်းကို ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနများဖြစ်သည့် နိရဉ္စရာနှင့် Development Media Group တို့မှလည်း သတင်းတင်ဆက်ထားသည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက် – https://bit.ly/3QqAHp1 , https://bit.ly/3bZepM0

မဇ္စျိမ၏ သတင်းအချက်အလက်စစ်ဆေးသူများမှ သတင်းတုတွင် အသုံးပြုထားသောပုံငါးပုံကို ဓာတ်ပုံ များ စစ်ဆေးရာတွင်အသုံးပြုသည့် Reverse Image Search ဖြင့်ရှာဖွေခဲ့ရာ ထိုလက်နက်ခဲယမ်းပုံများ အနက်မှလေးပုံသည် မတ်လ ၁၃ ရက်နေ့တွင် ထားဝယ်-ထီးခီးလမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသည့် ပုံများ ဖြစ်ကြောင်းတွေ့ရသည်။

ထိုအကြောင်းကို မတ်လ ၁၄ ရက်နေ့တွင် Kaw Thoo Lei Independent Page မှ ဖော်ပြထားပြီး မဇ္ဈိမမှ လည်း သတင်းတင်ဆက်ထားပြီးဖြစ်သည်။

သတင်းလင့် – https://bit.ly/3C5sW3m , https://bit.ly/3bUN8Kw

ကျန်ရှိနေသည့် စစ်သုံ့ပန်းဖမ်းဆီးရမိသည့်ပုံသည် ဧပြီလ ၁၀ ရက် လေးကေ့ကော်မြို့သစ်တိုက်ပွဲတွင် ဖမ်းဆီးမိခဲ့သည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတင်လင်းခိုင်၏ ပုံဖြစ်သည်။

ထိုအကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြန်ကြားရေး သတင်းဌာနဖြစ်သည့် PVTV မှ ထုတ်ပြန်ထားသည်။ သတင်းလင့် – https://bit.ly/3zU8tvE

ထို့ကြောင့် လက်ရှိပျံ့နှံ့နေသည့် သြဂုတ်လ ၁၃ ရက်နေ့တိုက်ပွဲတွင် AA မှ သိမ်းဆည်းမိသည့် လက်နက် များဆိုသည့်ပုံများမှာ AA နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများမှပုံများမဟုတ်ဘဲ ထားဝယ်-ထီးခီးလမ်း တိုက်ပွဲနှင့် လေးကေ့ကော်မြို့သစ်တိုက်ပွဲမှ ပုံများသာဖြစ်သည်။ တိုက်ပွဲဖြစ်ပွားသည့်ဖြစ်စဉ် မှန်သော် လည်း ပုံအမှားများ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ရွာသာယာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်သားတွေကို သြဂုတ် ၁၅ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အခြေအနေ အတိအကျကိုတော့ မသိရသေးဘူးလို့ ဝက်လက်မြို့နယ် အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကျားကြီးက ပြောပါတယ်။

“ရွာသာယာမှာက တရွာလုံး ပျူရွာ၊ ရွာခံတွေကအစ အကုန် ပျူစောထီးတွေကြီးပဲ၊ အဲဒီနားက ရွာတွေက လူတွေအကုန် သူတို့ကပဲ ပျူသင် တန်းပေးတာ၊ ဒရုန်းနဲ့ ဗုံးကြဲတော့ လူထိလား အတိအကျတော့ မသိဘူး၊ အကုန်လုံးအော်ပြီး ထွက်ပြေးတာပဲ။”

ရွာသာယာကျေးရွာက ပျူစောထီးတွေက ဇီးကုန်းကျေးရွာနဲ့ ကြက်တူရွေးကျေးရွာက စစ်ကောင်စီ တပ်သားတွေနဲ့ ပူးပေါင်းပြီး ကျွန်းကြီးကျေးရွာက နေအိမ်တွေကို ရိုက်နှက်ဖျက်ဆီးပြီး ပစ္စည်းတွေသယ်တဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ နေရာကို ဒရုန်းနဲ့ ဗုံးကြဲပြီးနောက်  ကြက်တူရွေးကျေးရွာက စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး ၁၂၀-မမ နဲ့ ငါးချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကို ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Bo Tiger ဗိုလ်ကျားကြီးအဖွဲ့ ၊ တောကြီးမြွေပြွေးအဖွဲ့ ၊ GZ နဲ့ banger မဟာမိတ်လေးဖွဲ့ ပူးပေါင်းပြီး  တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ DVB

ယင်းမာပင်မြို့နယ်တွင် နေအိမ် ၂၀ လုံးခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၂၀ ကျော်ကို သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် လူနေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက် ဆီးခဲ့ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါဝင် ဒေသခံ ၂၀ ကျော်ကိုသတ် ဖြတ်သွားကြောင်း သိရသည်။

“ ပြီးခဲ့တဲ့ ၁၁ ရက်နေ့က ရဟတ်ယာဥ်ပေါ်က ပစ်တာကနေစပြီး အခုအထိဆိုရင် လူအယောက် ၂၀ ကျော်လောက် သေပြီးသွားပြီ။ အဖမ်းခံရတာလည်း အယောက် ၂၀ ကျော်ပြီ။ အသက်မပြည့်တဲ့ ကလေး ကတော့ အိမ်မီးရှို့ခံရတဲ့အထဲပါသွားတော့ မီးလောင်သေသွားတာပါ” ဟုဒေသခံကပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ်လ ၁၁ ရက်နေ့က ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာနှင့် ပတ်ဝန်း ကျင်ရွာများအား ရဟတ်ယာဉ်နှစ်စီးအသုံးပြု၍ လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များ သြဂုတ်လ ၁၁ မှ ၁၅ ရက် အထိ တပ်စွဲကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို အကြောင်းမဲ့ပစ်သတ်ခြင်း၊ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ မီးရှို့ခံရတာတော့ ရင်ပေါင်တိုင် တစ်ရွာတည်းမဟုတ်ဘူး။ ပုထိုးသာကအိမ်တွေနဲ့ အနီးအနားရွာတွေက အိမ်တွေ ပါသေးတယ်။ ကျွဲ၊ နွား၊ မြင်းတွေသေတာလည်း မနည်းဘူး။ အသတ်ခံရတဲ့ လူတွေရဲ့အလောင်း တွေကိုတော့ စစ်တပ်က ရင်ပေါင်တိုင်ရွာထဲမှာစုပြုံပြီး မီးရှို့သွားတယ်။ ကျန်ခဲ့တဲ့ အလောင်းတွေကိုတော့ ကျွန်တော်တို့ သင်္ဂြိုဟ်လိုက်တယ်” ဟု ဒေသခံကပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များဖြစ်ပွားခဲ့သည့် တိုက် ပွဲများတွင် နှစ်ဘက်အကျအဆုံးရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြု၍မရနိုင်သေးကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များမှာ ပုလဲမြို့နယ် မုံသွင်ကျေးရွာတွင် တပ်စွဲထားကြသည်ဟု PDF တပ်ဖွဲ့ ဝင်၏ ပြောကြားချက်အရ သိရသည်။ mizzima

ချင်းပြည်နယ်၊ တီးတိန်တွင် အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ် မောင်နှမ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၊ ကလေးမြို့နယ်တွင်လည်း အပြစ်မဲ့ ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွာလ်(ရွာသစ်) အသက် ၁၅ နှစ်နှင့် အသက် ၁၇ နှစ်အရွယ် မောင်နှမကို စစ်တပ်က ဖမ်းဆီးသွားပြီး သတ်ဖြတ် မြေမြှုပ်အလောင်းဖျောက်ဖျက်ခဲ့ကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၁၄ ရက်နေ့တွင် တီးတိန်မြို့နယ်၊ ဟိုင်မွာလ်(ရွာသစ်)ကို စစ်ကောင်စီတပ်က ဝင်စီးခဲ့ပြီး Lal Nun Puii (၁၇)နှစ် နှင့် Lal Ruat Mawia (၁၅)နှစ်တို့မောင်နှမကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့ မောင်နှမ ၂ဦးကို ဟိုင်မွာလ် (ရွာသစ်)နှင့် ရိခေါ်ဒါရ်အကြား တစ်နေတွင် သတ်ဖြတ်မြေမြှုပ်ခဲ့ကြောင်း၊ ယနေ့ တွင် အလောင်းများကို ပြန်လည် ဖော်ထုတ်ပြီး ခရစ်ယန်ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန် အင်အား၅၀ခန့်ရှိသော စစ်တပ် စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အတွင်းရှိ UG စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ UG ရဲဘော်များ လွတ်မြောက်သောလည်း စခန်းအနီးတွင် လယ်လုပ်နေသော ရွာသား ၂ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း PDF Kalay တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။

“လေးအိမ်စုက အိမ် ၂ လုံးကို မီးရှို့တယ်၊ လယ်လုပ်ဖို့လာတဲ့ သာစည်ကျေးရွာက အပြစ်မဲ့ ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်သတ်သွားပါတယ်။ တစ်ယောက်က ဦးဖိုးနီ၊ နောက်တစ်ယောက်က သူ့ရဲ့ သားမက် ဌေးဝင်းအောင်။ သာစည်ရွာက လေးအိမ်စုရဲ့ အရှေ့ဘက်မှာ ရှိတာ” ဟု PDF Kalay တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယင်းနောက် လေးအိမ်စုကျးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက ပြန်လည်ထိုးစစ်ဆင်ရန် လေးအိမ်စုကျေးရွာသို့ချဥ်းကပ်သော်လည်း စစ်တပ်က လက်ပံခုံ ကျေးရွာမှာတဆင့် က​လေးမြို့ ဒကစ တပ်အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း ကလေး PDF က သတင်းထုတ်ပြန်ထားသည်။ khit thit

မင်းရွာ ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေ ဆုံး၊ အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို သြဂုတ် ၁၅ ရက် မနက်ပိုင်းက ယောဒေသ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ်တိုက် ခိုက်ခဲ့လို့ ရဲတယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ YDF-ထီးလင်းရဲ့ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

မင်းရွာရဲစခန်းကို မနေ့ သြဂုတ် ၁၅ ရက်န မနက် ၅ နာရီ ၄၅ မိနစ်မှာ ယောဒေသကာကွယ်ရေး ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက လက် နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီး ၆ လက်နဲ့ ပစ်ကူပေးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပွားချိန်ကတော့ ၂၅ မိနစ်လောက် ဖြစ်ခဲ့တာဗျ။ ရဲ(…)ဘက်က တယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ ကျနော်တို့ ညီနောင်မဟာမိတ်တွေဘက်ကတော့ အထိအခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။ မင်းရွာရဲစခန်းကို တိုက်ခိုက်ရတာက ရည်ရွယ်ချက် ၂ ခုရှိတယ်။ စခန်းသိမ်းတိုက်ပွဲ ပုံစံမျိုးတော့ မဟုတ်ဘူး။ ဒီဘက်မှာက ပူးပေါင်းစစ်ဆင်ရေးတွေ မလုပ်ဖြစ်တာကြာပြီ ဖြစ်သလို ထီးလင်း-PDF(YRPA) နဲ့ဆိုရင် ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး အဖွဲ့ ၅ ဖွဲ့လောက်နဲ့ ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်တယ်။ ပထမအချက်အနေနဲ့ ပူးပေါင်းစစ်ဆင်ရေးကို လေ့ကျင့်တဲ့သဘောနဲ့ တိုက်ခိုက်ခဲ့တာ” လို့ သခင်ဇော်ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ သူတို့စခန်းတွေမှာ အေးအေးဆေးဆေး နေလို့မရအောင်၊ အမြဲတမ်း ကြောက်လန့်နေအောင်နဲ့ သူတို့အပေါ်မှာ အချိန်မရွေး လာတိုက်နိုင်တယ်ဆိုတာ မက်ဆေ့ချ်ပေးတဲ့သဘောနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို YDF တပ်ရင်း ၆၊ ၇၊ ၈၊ ၁၄၊ PDF-ဂန့်ဂေါတောင်ပိုင်းတပ်ဖွဲ့၊ ဂန့်ဂေါတောင်ပိုင်း-ပ.က.ဖ နဂါးညီနောင် အဖွဲ့ ၁၊ ထီးလင်း-PDF (YR PA) နဲ့ CDF-KKG တပ်ရင်း ၅ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

အဲဲဒီတိုက်ပွဲနဲ့ ပတ်သက်လို့တော့ ရဲတွေဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေရသေးပါဘူး။ DVB

နိုင်ငံခြားငွေကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ရသူများ​၏ နိုင်ငံခြားငွေများကို ရာနှုန်းပြည့်စီမံသုံးစွဲခွင့်ပြု

နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ရသူများ​၏ နိုင်ငံခြားငွေများအား ၁၀၀ ရာခိုင်နှုန်းပြည့် စီမံသုံးစွဲခွင့်ပြုပြီး ဘဏ်မဟုတ်သည့် တခြားသူများအား ရောင်းချခြင်းကိုလည်း ခွင့်ပြုကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၁၅ရက်တွင် ထုတ်ပြန် ကြေ ညာသည်။

နိုင်ငံခြားသုံးငွေကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ရထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံခြားငွေကို မိမိကိုယ်တိုင်အ တွက် သုံးနိုင်သလို၊ AD လိုင်စင်ရဘဏ်မဟုတ်သည့် အခြားသူများကို ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များထံ ရောင်းချခြင်း ဆောင်ရွက်ခွင့်ရှိကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ကင်းလွတ်ခွင့်ရသူများထံက ဝယ်ယူထားသူများအနေဖြင့် ၎င်းတို့ ဝယ်ယူထားသည့် နိုင်ငံခြားငွေကို မိမိကိုယ်တိုင် သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်များထံ ပြန်လည်ရောင်းချခြင်းကို ဝယ်ယူသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ကြရန် ညွှန်ကြားထားသည်။

ကင်းလွတ်ခွင့်ရသူများအနေဖြစ် နိုင်ငံခြားငွေ ကိုယ်တိုင်သုံးစွဲရာမှာ နိုင်ငံဖြတ်ကျော် ဆောင်ရွက်ရာတွင် Cross Border Transactions အတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်မလိုဘဲ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ရသည့်လုပ်ငန်းများမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ အထူးစီးပွားရေးဇုန်များ၊ နိုင်ငံခြားဘဏ်များနှင့် အထူးစီးပွါးရေးဇုန်ကုမ္ပဏီများ ဖြစ်သည်။ mizzima

မောင်တောမြောက်ပိုင်းတွင် AAနှင့် စစ်ကောင် စီတို့ တိုက်ပွဲအပြင်းအထန် ထပ်မံဖြစ်ပွား၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်

မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပေါ်တွင် ယနေ့ ဩဂုတ် ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်ကစတင်ကာ နေ့လယ်အချိန်ထိ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသည့် မီးတိုက်ကျေးရွာသားတစ်ဦးက ပြောသည်။

“မီးတိုက်ရွာအနားက မိုင်တိုင် ၃၈ နားမှာ ဖြစ်တာပါ။ လက်နက်ကြီးသံတွေရော၊ လက်နက်သံတွေရော ကြားနေရတယ်။ အထိအခိုက်အခြေအ နေကိုတော့ မသိဘူး”ဟုပြောသည်။

၄င်းတိုက်ပွဲဖြစ်ပွားရာ နေရာသို့ တောင်ပြိုယာနယ်ခြားစောင့် စခန်းမှ လက်နက်ကြီးများ ယနေ့ည ၄နာရီအထိ အကြာခဏ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်းသင်္ဘောလှကျေးရွာသားတစ်ဦးက ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွါးမှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ဖက် က တစ်စုံတစ်ရာ ထုတ်ပြန်သေးခြင်းမရှိသလို စစ်ကောင်စီဖက်ကလည်း ထုတ်ပြန်သေးခြင်းမရှိသေးပေ။ နောက်ထပ် မြဝတီ​ကျေးရွာသားတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရဟတ်ယာဉ်နှစ်စီး ပျံသန်းသွားသည်ကို မြင်ခဲ့ရသည်ဟု ပြောသည်။

“ကျနော်တို့ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမဲ့ လက်နက်ကြီးပစ်သံတွေကိုကြားရတယ်။ရဟတ်ယာဉ်နှစ်စီးလည်း အဲဒီဖက်ကို ပျံသွားတာကို မြင်လိုက်တယ်။ ရဟတ်ယာဉ်နဲ့ ပစ်လား၊ မပစ်ဘူးလားဆိုတာကိုလည်း ကျနော်တို့ မသိဘူး”ဟု ပြောသည်။

မောင်တောမြို့နယ်တွင် ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မောင်တောမြို့နယ်မြောက်ပိုင်းနှင့် အငူမော်ကားလမ်းတို့ကို စစ်ကောင်စီက အကန့် အသတ်မရှိ ပိတ်ဆို့ထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်နှင့်ပလက်ဝေ ဒေသတို့တွင် ဖြစ်ပွါးခဲ့သော ရက္ခိုင့်တပ်တော် AA နှင့်တိုက်ပွဲတွင် သေဆုံးသော စစ်ကောင်စစ်သား ၃၇ ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သူများထဲတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး မိုးဇော်၊ ခမရ ၅၃၇ ဗိုလ်မှူးသက်နိုင်ဦး၊ ခလရ ၂၀ မှ ဗိုလ်မှူးတို့ဖြစ်ကြသည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၇၀ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး မိုးဇော်၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အနီးတိုက်ပွဲတွင် ရ သေ့တောင် အခြေစိုက် ခမရ (၅၃၇) ယာယီတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး၊ ရက္ခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄၀ ဖက် တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၀ ဗိုလ်မှူးတစ်ဦး တို့ သေဆုံးခဲ့ကြသည်။

ဩဂုတ် ၁၃ ရက်နေ့ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ အကြား ရက္ခိုင်ဒေသတွင်း ၃ နေရာနှင့် ပလက်ဝဒေသတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင့်ကျင့်နေမှုများဆက်တိုက်လုပ်ဆောင်နေပြီး ထိုသို့ဆက်လက်လုပ် ဆောင်နေပါက တကျော့ပြန်တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း ရက္ခိုင့်တပ်တော်ဖက်မှပြောဆိုထားသည်။ khit thit

လွိုင်ကော် မိုင်းလုံးရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ဗုံးပေါက်ပြီး ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ဒီနေ့ သြဂုတ် ၁၆ ရက် မနက် ၁၁ နာရီခွဲလောက် ဗုံးပေါက်ကွဲခဲ့ပြီး မြက်ရိတ်သူ တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

မိုင်းလုံးရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း အငှားမြက်ရိတ်သူနှစ်ယောက် မြက်ရိတ်နေတုန်း ကျောင်းတန်းစီကွင်းထိပ်အရောက်မှာ ဗုံးပေါက်ပြီး သေဆုံးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

“လူနာတင်ယာဥ်တွေနဲ့ လာသယ်တာ တွေ့တယ်။ မြက်ရိတ်နေရင်း ဗုံးထပေါက်တာ။ တဦး သေတယ်၊ တဦး ဒဏ်ရာရတယ်” လို့ မြို့ခံက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဦးကယားမောင် သေဆုံးသွားပြီး ဒဏ်ရာရရှိသူ ဦးမီကေးလယ်ကိုတော့ လွိုင်ကော်ဆေးရုံမှာ ပို့ဆောင်ကုသထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“မြက်ရိတ်နေရင်း မြက်ရိတ်စက်က မပေါက်သေးတဲ့ ဗုံးသီးကို သွားထိတာ၊ အဲဒီမှာ ထပေါက်တာ။ ဦးကယားမောင်ကလည်း ချက်ချင်းမသေဘူး။ ဆေးရုံပို့ရင်း လမ်းမှာသေတာ။ ဦးမီကေးက ဆေးရုံမှာ။”

လတ်တလောမှာ စစ်ကောင်စီတပ်တွေက မိုင်းလုံးရပ်ကွက် မူလတန်းကျောင်းအနီးတဝိုက်ကို ဗုံးရှိ၊ မရှိ ထပ်မံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

« Older Entries