စက်သုံးဆီ ပြတ်လပ်မှု မရှိဟု ဇော်မင်းထွန်း လိမ်နေ၊ စစ်တပ်က ဒေါ်လာ မရောင်း၍ ဒေါ် လာ သန်း ၅၀ မိမိ အစီအစဉ်ဖြင့် ဆီတင်သွင်းသူများ ဝယ်ရ ၊ လက်ရှိတင်သွင်းထားသော စက်သုံးဆီ ၁၀ ရက် ဝန်း ကျင်သာ သုံးနိုင်

မြန်မာနိုင်ငံတွင် စက်သုံးဆီတင်သွင်းမှု အတွက် တစ်နှစ်လျှင် ဒေါ်လာ ၂ ဘီလီယံခွဲ နှင့် ၃ ဘီလီယံအ ကြား သုံးရပြီး စစ်ကောင်စီတွင် ‌ဒေါ်လာ မရှိတော့၍ ပြည်သူများ လောင်စာဆီ ပြဿနာ ကြိုပြင်ရမည်

ရန်ကုန်၊ ဩဂုတ် ၁၆

မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မှု မရှိဘဲ စက်သုံးဆီများ တင်သွင်းထားသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း ပြောဆိုနေခြင်းမှာ အလုံးစုံ မှန်ကန်ခြင်းမရှိဘဲ ပြည်သူကို လိမ်လည်နေခြင်းဖြစ်ကြောင်း ပြည်တွင်း စက်သုံးဆီ တင်သွင်းသူ လုပ်ငန်းရှင်တချို့က ပြောဆိုလိုက်သည်။

ဩဂုတ်လ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက စက်သုံးဆီ ပြတ် လပ် မှု မရှိဘဲ တန်ချိန် ၆ သောင်း ရောက်ရှိလာပြီး လာမည့် ရက်အနည်းငယ်အတွင်း တန်ချိန် ၄၃၀၀၀ ထပ်မံ ရောက်ရှိမည်ဟု ပြောဆိုထားကြောင်း၊ အဆိုပါ ပြောဆိုချက်များ သည် အလုံးစုံ မှန်ကန်ခြင်း မရှိဘဲ ဆီများအတွက် ငွေလည်း အကျေ မချေရသေးကြောင်း ၊ ဇော်မင်းထွန်းက လိမ်လည်ထားခြင်းဖြစ် ကြောင်း သိရှိရသည်။

“အခု သူပြောတာက အခုလက်ရှိ ရောက်တာက ဆီတန်ချိန် ၆ သောင်း၊ နောက်ရောက်မှာက တန်ချိန် ၄၃၀၀၀ ပေါ့။ စုစုပေါင်း ဆီတန်ချိန် ၁ သိန်းကျော်ရမယ်။ ကျနော်တို့နိုင်ငံမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီက တစ်နေ့ကို ဆီဂါလန် ၃ သန်းနဲ့ ၄ သန်းအကြား သုံးတယ်။ တစ်လကို စက်သုံးဆီ ဂါလန် သန်း ၁၀၀ လောက်သုံးတယ်။ တန်ချိန်နဲ့ဆိုရင် တစ်လကို စက်သုံးဆီတန်ချိန် ၃ သိန်းခွဲနဲ့ ၅ သိန်းအကြား သုံးတယ်။ ကျနော်ပြောတဲ့ အ ချက်တွေက လက်တွေ့ မြေပြင်က အချက်အလက်တွေ။ အခု တင်သွင်းတယ်ဆိုတဲ့ စက်သုံးဆီ တန်ချိန် ၁ သိန်းကျော်က တစ်လစာ မရဘူး။ ဆီတန်ချိန် ၁ သိန်းကျော်ဆိုတာ ၁၀ ရက်ကျော်၊ ၁၅ ရက်စာလောက်ပဲရှိတယ်။ ဒါတောင် ချွေတာမှ” ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူ ရောင်းချသူများအသင်းမှ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက စက်သုံးဆီ လုပ်ငန်းရှင်များကို ဒေါ်လာ ငွေ လိုသလောက် မရောင်းဘဲ အကန့်အသတ်ဖြင့် ရောင်းပေးပြီး ပြင်ပစျေးကွက်မှ ဒေါ် လာ ဝယ်ခိုင်းကြောင်း၊ ထို့ကြောင့် ပြင်ပပေါက်စျေး အမေရိကန် ၁ ဒေါ် လာ ၃၀၀၀ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ပြင်ပစျေးကွက်မှ ဝယ်ယူ၍ ယခုရက်ပိုင်း အတွင်း ဆီတင်သွင်းရကြောင်း စက်သုံးဆီ လုပ်ငန်းရှင်က ဆိုသည်။

” စစ်တပ်က လိုသလောက် ဒေါ်လာ မရောင်းပေးဘူး။ ရာခိုင်နှုန်းနဲ့ပဲ ရောင်းပေးတယ်။ အဲဒါလည်း စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီ အလိုက် ဒေါ် လာ ရတဲ့ ရာခိုင်နှုန်း မတူဘူး။ တချို့တွေဆိုရင် ၄၀ ရာခိုင်နှုန်းပဲ စစ်တပ်က ဒေါ်လာ ရောင်းပေးတယ်။ ၆၀ ရာခိုင်နှုန်း ပြင်ပစျေးကွက်က ဝယ်ရတယ်။ အဲဒီမှာ ဒေါ်လာ သန်း ၅၀ လောက် အပြင်စျေးကွက်ကနေ ရှာဝယ်ရတယ်။ ကျနော်တို့ရဲ့ ဒေါ်လာတွေကို တစ်ဒေါ်လာ ၁၈၅၀ နဲ့ စစ်တပ်က သိမ်းသွားတယ်။ ကျနော်တို့က အပြင်မှာ တစ်ဒေါ်လာ ၃၀၀၀ လောက် ဒေါ်လာ သန်း ၅၀ လောက် ပြန်ဝယ်ရတယ်” ဟု စက်သုံးဆီ လုပ်ငန်းရှင်က ရှင်းပြသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် ပြည်ပမှ တင်သွင်း ခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး) ရှိကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် တင်သွင်းခဲ့ရပြီးဖြစ်ကြောင်း၊ လတ်တလော စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ မရှိတော့၍ စက်သုံးဆီ တင်သွင်းရန် အလွန်ခက်ခဲနေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် မော်တော် ကားစီရေ ၁ သန်းကျော်(ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁,၁၄၀,၀၀၀ ကျော်) နှင့် ဆိုင်ကယ်စီးရေ ၆ သန်း (မော်တော်ဆိုင်ကယ် စုစုပေါင်း ၆, ၄၅၀,၀၀၀ ကျော်) ရှိကြောင်း ၊ ပုဂ္ဂလိကစက်ရုံ၊ မီးစက်၊ အခြားသော ကုန်ထုတ်လုပ်ရေး လုပ်ငန်း သိန်းချီရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများလည်ပတ်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲခန့် တန်ဖိုးရှိ စက်သုံးဆီများ မဖြစ်မနေ တင်သွင်းရန် လိုအပ်နေကြောင်း သိရှိရသည်။

“ပုံမှန်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ စက်သုံးဆီ တင်သွင်းမှုဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲနဲ့ ၃ ဘီလီယံ လောက်ရှိတယ်။ ၂၀၁၈ ခုနှစ်လောက်မှာဆိုရင် တစ်နှစ် စက်သုံးဆီ တင်သွင်းမှုက အမေရိကန်ဒေါ်လာ ၃ ဘီလီယံတောင် ကျော်ခဲ့တယ်။ မော်တော်ကားစီးရေ ၁ သန်းကျော်၊ ဆိုင်ကယ်စီးရေ ၆ သန်းကျော်။ ကားနဲ့ဆိုင်ကယ်အတွက် တင်မဟုတ်ဘူး၊ ကုန်ထုတ်လုပ်ငန်း၊ စက်ရုံတွေ၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းတွေ အားလုံးအတွက် သုံးရတာ စက်သုံးဆီက ။ အဲဒီတော့ ပြောချင်တာက စက်သုံးဆီကို သုံးရတဲ့ ကဏ္ဍ ကြီးမားမှုကို ရှင်းပြနေတာပါ။ မနှစ်က ဒေါ်လာ ၂ ဘီလီယံခွဲလောက် စက်သုံးဆီအတွက် သွင်းခဲ့ရတယ်။ ဒီနှစ်မှာ ၁ ဒသမ ၃ ဘီလီယံ သွင်းပြီးပြီ။ အခု ဒေါ်လာ လက်ကျန်မရှိတော့ဘူး။ နည်းနေပြီ။ ဒီနှစ်အတွက် နောက်ထပ် စက်သုံးဆီသွင်းဖို့ ဒေါ်လာမရှိတော့ဘူး။ မရှိလို့ ကျနော်တို့ကို စကစက ဒေါ်လာ မရောင်းပေးနိုင်တော့တာ ” ဟု စက်သုံးဆီလုပ်ငန်းရှင်က ဆိုသည်။

စက်သုံးဆီ ပြတ်လပ်မှုပြဿနာသည် ယခုနှစ် ဧပြီလတွင် တစ်ကြိမ်၊ ယခု ဩဂုတ်လတွင် တစ်ကြိမ် စုစု‌ပေါင်း ၂ ကြိမ် ကြုံတွေ့ရပြီးဖြစ် ကြောင်း ၊ လာမည့် ရက်အနည်းငယ်အတွင်းတွင်လည်း ထပ်မံ၍ ကြုံရမည်ဖြစ်ကြောင်း ရှင်းပြသည်။

“ဒေါ်လာ က မရှိဘူး။ မြန်မာငွေတွေက ဖောချင်း သောချင်း ရိုက် ထုတ်နေတယ်။ ဒေါ်လာစျေးက တက်၊ ကိုယ့်ကျပ်ငွေက တန်ဖိုးကျနေတယ်။ ငွေကြေး ဖောင်းပွမှုက မြင့်နေတယ်။ အခုရှင်းပြနေတာက ကျနော်တို့က စက်သုံးဆီကို စျေး တက်ပြီး ရောင်းချင်လို့ ဆီမကုန်ဘဲ ကုန်ပြီလို့ ပြောနေတာမဟုတ်ဘူး။ အဲဒါကို ပြည်သူသိစေချင်တာ။ အခု ဖြစ်နေတဲ့ စက်သုံးဆီ ပြတ်လပ်တာက ကျနော်တို့ အပြစ်မဟုတ်ဘူး။ စကစ က အကုန် ထိန်းချုပ်ထားလို့ဖြစ်တာ။ စျေးနှုန်းရော‌ ဒေါ်လာရော သူ ထိန်း ချုပ်ထားတာ။ လွှတ်လည်းမပေးဘူး၊ လွှတ်ပေးရင်လည်း စျေးနှုန်းထိန်းမနိုင်မှာစိုးလို့ စစ်တပ်က ကြောက်ပြီး မလွှတ် ပေးရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

ပြည်သူများအနေဖြင့် လက်ရှိ အခြေအနေကို နားလည်ရန်လိုကြောင်း၊ စက်သုံးဆီ ကုမ္ပဏီများနှင့် လုပ် ငန်းရှင်များ တွင် ရွေးချယ်စရာမရှိကြောင်း၊ စက်သုံးဆီ ပြတ်လပ်မှုသည် ဩဂုတ်လကုန်တွင် မလွှဲမသွေ ကြုံရမည်ဖြစ်ပြီး ကြိုပြင်ကြရန် ပြောလိုကြောင်း၊ စကစ ထုတ်ပြန်မှုသည် လွဲမှားနေပြီး ပြည်သူကို လိမ်လည်နေကြောင်း၊ လုပ်ငန်းရှင်နှင့် ကုမ္ပဏီများအပေါ် အပြစ်ပုံချနေကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအမှား ကြောင့် ဖြစ်ပေါ်လာသော စက်သုံးဆီ ပြတ်လပ်မှုကို လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအပေါ် ပြည်သူများက အထင်မလွဲကြရန် ၎င်းက ဆက် ပြောသည်။

“အခုရှင်းပြနေတာက အခြေအနေမှန်ကို သိစေချင်တာပါ။ ကျနော်တို့ကို ပြည်သူနဲ့ရန်တိုက်ပေးတာ အတော်ကို အဆင်မပြေဘူး။ ပြည်သူတွေ နားလည်စေချင်လို့ ရှင်းပြတာပါ” ဟု ထိုလုပ်ငန်းရှင်က ဆိုသည်။

ပြည်တွင်းတွင် ထွက်ရှိသော ရေနံစိမ်းများ ချက်လုပ်မှုမှလည်း တစ်နိုင်ငံလုံး စက်သုံးဆီသုံးစွဲမှု၏ ၇ ရာခိုင်နှုန်း မျှပင် စက်သုံးဆီ မရကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှုများသည် အလွန်ညံ့ဖျင်းသဖြင့် ဆီအရည် အသွေး လည်း ညံ့ဖျင်းကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူ ရောင်းချသူများအသင်းထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s