Monthly Archives: Aug 2022

ကျောက်ဖြူတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ရန် စစ်ကောင်စီကြိုးပမ်း

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းရမည်ဟု စစ်ကောင်စီဘက်က ညွှန်ကြားလာကြောင်း မြို့ခံများထံမှ သိရသည်။

သြဂုတ် ၁၅ ရက်နေ့ အစည်းအဝေးတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံစဉ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်းက ထိုသို့ ပြောခဲ့သည်ဟု သိရသည်။  

ရပ်ကွက်၊ ကျေးရွာအုပ်စု၌ အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်တွင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ပေါက်ကြားလာသည့် အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။  

“မြို့နယ်မှာ ၁၂ ဦးနဲ့ ဖွဲ့ထားပြီလို့ ပြောတယ်။ ရပ်ကွက်ကျေးရွာတွေမှာကတော့ ၇ ဦးနဲ့ ဖွဲ့ရမယ်လို့ ပြောတယ်။ ဘယ်နေ့ အပြီးဖွဲ့ပါလို့တော့ မပြောခဲ့ဘူး။ ဒါပေမဲ့ ဒီရက်ပိုင်း ဖွဲ့ရမဲ့သဘောရှိနေတယ်” ဟု အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ 

ရက္ခိုင့်တပ်တော် (AA) စိုးမိုးသည့် ရခိုင်မြောက်ပိုင်းတွင် ထိုအစီအစဉ် မတွေ့ရသေးပေ။

ကျောက်ဖြူတွင် AA, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပံ့သူဟု စွပ်စွဲကာ ဖမ်းဆီးခံရသူများရှိပြီး ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ယမန်နှစ် ဩဂုတ်အတွင်းက AA ၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး သတင်းပို့ရန် ခလရ ၃၄ တပ်ရင်းမှူးက ဖိအားပေးခဲ့သည်။ 

ကျောက်ဖြူတွင် PDF ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသမီးတစ်ဦးနှင့် AA ထောက်ပံ့သူဟု စွပ်စွဲခံရသည့် ဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်။ 

အလားတူ ဇူလိုင် ၂၄ တွင် ကျောက်ဖြူမှ ရဲစခန်းမှူးတစ်ဦး ဖမ်းဆီးခံရပြီး AA တပ်ဖွဲ့ဝင်များဟု ယူဆရသူများ၏ လက်ချက်ဟု ဒေသခံများက ဆိုကြသည်။

ရခိုင်တွင် သြဇာကြီးထွားလာသည့် AA ၏ အရှိန်အဝါကို ချိုးဖျက်ရန် စစ်ကောင်စီသည် ဒေသတည်ငြိမ်မှု ပျက်ပြားအောင်၊ အချင်းချင်း ညီ ညွတ်မှုပျက်ပြားအောင် ကြံရွယ်နေသည်ဟု ဒေသခံများက သုံးသပ်ကြသည်။

စစ်ကောင်စီသည် ရခိုင်ဒေသတည်ငြိမ်မှုကို ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေသည်ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် ဩဂုတ်လအတွင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ရခိုင်တွင် ဒေသခံ ၁၀ ဦးခန့်ကို PDF နှင့် ဆက်စပ်မှု ထောက်ပံ့မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထောင်ချထားသည်။

ဇူလိုင် ၂၇ ကလည်း သံတွဲမြို့မှ ပန်းချီဆရာမတစ်ဦးကို NUG, PDF အားပေးသူဟု စွပ်စွဲပြီး အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခဲ့သည်။

လတ်တလောတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၁၃ တစ်ရက်တည်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် အရာရှိများအပါအဝင် ၃၀ ထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြား AA က ရရှိခဲ့သည်။

ပြည်သူ့လုံခြုံရေးအဖွဲ့

ပြည်သူ့လုံခြုံရေးအဖွဲ့ဟု ဆိုသော ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက နိုင်ငံအနှံ့ဖွဲ့စည်းရန် ကြိုးပမ်းနေပြီး မန္တလေးနှင့် ကချင်ပြည်နယ် ဖားကန့်ဒေသတို့တွင်လည်း ကြိုးပမ်းခဲ့သည်။ 

မန္တလေးမြို့၌ ဇူလိုင် ၃၀ က မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီတပ်က “ပြည်သူ့စစ် ဖွဲ့စည်းပွဲ” ဟု ဆိုကာ အုပ်ချုပ်ရေးမှူးများအပါအဝင် စစ်တပ်ထောက်ခံသူတချို့ကို လက်နက်နှင့် စစ်ယူနီဖောင်း ထုတ်ပေးခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ လက်နက်ထုတ်ပေးစဉ်ကမူ ပြည်သူ့စစ်အဖွဲ့ဝင် ၆၅ ဦးရှိပြီး ထိုအထဲမှ ငါးဦးကို လက်နက်ပေးထားကြောင်း၊ ကျည်အတောင့် ၇၀ နှင့် သေနတ် ၁၀ လက်ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ဝါဒဖြန့်ချိသူတို့က Facebook လူမှုကွန်ရက်တွင် ရေးသားထားကြသည်။

ဩဂုတ် ၃ တွင် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်ရုံး၌ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက လက်နက်နှင့် စစ်ယူနီဖောင်းများ ထုတ်ပေးခဲ့သော်လည်း အရေအတွက် မသိရပေ။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စိုးမိုးနယ်မြေဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်လည်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဆိုသည့်အဖွဲ့များ ဖွဲ့စည်းနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။   

မြို့နယ်အဆင့်ကို အဖွဲ့ဝင် ၁၃ ဦး၊ ရပ်ကျေးအဆင့်ကို အဖွဲ့ဝင် ၆၇ ဦး ပါဝင်ရမည်ဖြစ်ကြောင်း၊ ဩဂုတ် ၁၅ အမီ ဖွဲ့စည်းပြီး အရန်မီးသတ်၊ ကြက်ခြေနီကဲ့သို့ လူမှုရေးအသင်းအဖွဲ့များသာမကဘဲ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကဲ့သို့ ဘာသာရေးအသင်းအဖွဲ့များကိုပါ ထည့်သွင်းဖွဲ့စည်းရန် ညွှန်ကြားထားသည်။

စစ်ကောင်စီ၏ခြေလှမ်း

စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ဒေသများတွင် ပြည် ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ အမျိုးသားရေးအမည်ခံ အစွန်းရောက်များကို စုစည်းပြီး စစ်ကောင်စီက စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားပြီး ဒေသခံတို့က ၎င်းတို့ကို ပျူစောထီးအဖွဲ့ဟု ခေါ်ဆိုလေ့ရှိသည်။   

ပေါက်ကြားလာသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မတ်လ ၂၅ ရက်စွဲ ဌာနတွင်းပေးစာတွင် ရဲ၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ မီး သတ်၊ ကြက်ခြေနီတို့ ပါဝင်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် ဖွဲ့စည်းရန် စစ်ခေါင်းဆောင်က ညွှန်ကြားထားကြောင်း ပါရှိသည်။ 

ဧပြီ ၂၇ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြည်သူများပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်တစ်ခုကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု ပြောခဲ့ပြီး တပ်နှင့် ရဲအပြင် လုံခြုံရေးအထောက်အကူပြုအဖွဲ့အစည်းများနှင့် ပြည်သူများပါဝင်မည်ဟု ပြောသည်။ 

ထိုသို့ စစ်ကောင်စီ၏ ကြိုးပမ်းနေမှုများအပေါ် NUG က မေလ ၂၆ ရက်က သတိပေးချက် ထုတ်ခဲ့သည်။

NUG ၏ သတိပေးချက်တွင် စစ်ကောင်စီက ဖွဲ့စည်းနေသည့်  ပြည်သူ့လုံခြုံရေးအဖွဲ့များတွင် မပါဝင်ရန်နှင့် ပါဝင်သူများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ပြီး အရေးယူသွားမည်ဟု ဖော်ပြထားသည်။

ထို့နောက် ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်းရေးနှင့် ပတ်သက်၍ သြဂုတ် ၁၀ က ပြုလုပ်သည့် အစည်းအဝေး၌ စစ်ကောင်စီဒုက္ကဋ္ဌ စိုးဝင်းက ထည့်သွင်းဆွေးနွေးခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်၊ ဒုက္ကဋ္ဌ၊ ကောင်စီဝင်များအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ စစ်ကောင်စီခန့် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။

ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်း၍ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးဆောင်ရွက်မည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မှုတို့ကို ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါအဖွဲ့ကို ဆယ်အိမ်မှူးများ၊ စစ်မှုထမ်းဟောင်းများ၊ အရန်မီးသတ်များ၊ စစ်ကောင်စီကို ထောက်ခံသည့် အုပ်စုနှင့် ၎င်းလက်ကိုင်တုတ်များဖြင့် ဖွဲ့စည်းလာနိုင်ပြီး ပြည်သူအချင်းချင်း ရန်တိုက်ရန်၊ လူထုကို နှိပ်စက်မှုပြုလုပ်ရန် ကြံရွယ်လာခြင်းဟု လူအများက ရှုမြင်ကြသည်။ myanmar now

နယ်မြေခံ ကာကွယ်ရေးတပ်က လမ်းပြမှုဖြင့် 96 Soldiers PDF ၏ ပထမဆုံးတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

96 Soldiers PDF (အညာဒေသတပ်ခွဲ)၏ ပထမဆုံးတိုက်ပွဲအဖြစ် ပျူစောထီးကျေးရွာအား ဝင်ရောက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတ်ိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးများအားကောင်းသည့် အင်မထီးကျေးရွာကို PRA တပ်ဖွဲ့မှ ရဲဘော်များ၏ လမ်းပြမှုဖြင့် 96 Soldiers-PDF (အညာဒေသတပ်ခွဲ)တို့ ပူးပေါင်းကာ သြဂုတ်လ ၁၆ ရက်နေ ညနေပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီလောက်ကပေါ့၊ ကျွန်တော်တို့ ပုလဲနယ်ထဲမှာ ရှ်ိတဲ့ အင်မထီးပျူရွာကို သွားပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ၊ ပျူရွာဆိုပေမယ့် ပျူတွေပဲ ရှိတာ မဟုတ်ဘဲ ပျူရွာထဲမှာ စစ်ခွေးတွေ အထိုင်တပ်ချထားတဲ့ အခြေအနေရှိနေတဲ့ သဘောလည်း ရှိနေတယ်။ ဒီတိုက်ပွဲကို PRA က ရဲဘော်တွေက လမ်းပြပေးတယ်။ ပူးပေါင်းတ်ိုက်ခိုက်ပေးတယ်၊ ကျွန်တော်တို့က သွားပြီးတော့ စစ်ရေးလှုပ်ရှားမှု လုပ်ခဲ့တယ်။” ဟု 96 Soldiers PDF မှ ကိုဇေယျာလွင်က မဇ္စျိမကို ပြောသည်။

“တိုက်ခိုက်မှုအချိန်က နာရီဝက်လောက်ကြာတယ်၊ ကျွန်တော်လည်း ပစ်ခတ်တဲ့နေရာအထိ ပါသွားတယ်၊ ဆုတ်ခွာတဲ့ အချိန်မှာလည်း အားလုံးနဲ့ အတူတူ လိုက်ဆုတ်ခွာတယ်၊ အဓိကကတော့ နယ်မြေအခြေအနေကို သိအောင် သူတို့ဘက်က ဘယ်လိုတုံ့ပြန်လဲ ဘယ်လို လက်နက်ပစ္စည်းတွေရှိလဲသိရအောင် လိုက်သွားတယ်၊ ကျွန်တော်တို့ ဆီက ပစ်တဲ့ အချိန်မှာ သူတို့ အုတ်နံရံကျော်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်လောက် ထိသွားပြီး လဲကျသွားတာကို ကျွန်တော်တို့ဘက်ကနေ မျက်မြင်တွေ့လိုက်တယ်။ နောက်တော့ အတွင်းသတင်းအရ ပြန်သိရတာ စုစုပေါင်း ငါးဦးသေတယ် ” ဟု ကိုဇေယျာလွင်က ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပျူစောထီးကျေးရွာများကို ယခင်က ဒေသအခြေစိုက်တပ်ရင်းတပ်ဖွဲ့များ၏ သွားရောက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ရွာအတွင်းမှသာ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သည်။

သို့သော် ယခုတစ်ကြိမ် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုတွင် အင်မထီးကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အနောက်မှ တရစပ်လိုက်လံပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ အနောက်ကို တောက်လျောက် လိုက်ပစ်တာ၊ တကယ်လည်း ကျွန်တော်တို့ အနားကို လက်နက်ကြီးတွေလည်း ကျတယ်၊ ကျည်တွေလည်း ကျတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အောင်မြင်စွာ ဆုတ်ခွာလာနိုင်တယ်၊ အထိအခ်ိုက်မရှိခဲ့ပါဘူး၊ ရွာထဲ ပြန်ရောက်တဲ့ အချိန်မှာလည်း ကျွန်တော်တို့ကို ရွာထဲက လူတွေက သပြေပန်းတွေနဲ့ ပြန်ပြီးတော့ ကြိုဆိုကြပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။

ပျူစောထီးများ ကြီးစိုးအားကောင်းသည့် အင်မထီးကျေးရွာကို သွားရောက်တိုက်ခိုက်ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာသည့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို ပြည်သူလူထုက သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။

နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် 96 Soldiers – PDF တပ်ဖွဲ့သည် တောင်ပိုင်းတိုင်း၌ ကျားဖြူတပ်ခွဲ(၂) အဖြစ် စတင်တည်ထောင်ခဲ့ပြီးနောက် အညာဒေသတပ်ခွဲကို သြဂုတ်လ ၁၃ ရက်နေ့တွင် ထပ်မံဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့သို့ 96 Soldiers – PDF (အညာဒေသတပ်ခွဲ) အဖြစ် ဖွဲ့စည်းပြီးသည့်နောက် ဒေသအခြေစ်ိုက်ကာကွယ်ရေးတပ်ဖွဲ့များ၏ လမ်းပြမှုဖြင့် ပူး ပေါင်းတိုက်ခိုက်ခဲ့သည့် အညာဒေသအတွင်း ပထမဆုံးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အနေနဲ့ အညာဒေသမှာ ရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကုန်လုံးနဲ့ ပူးပေါင်းချင်တယ်၊ ပူးပေါင်းပြီးတော့ ဒီအညာဒေသဟာ န်ိုင်ငံရေးရော စစ်ရေးရော ပိုမိုတိုးတက်တဲ့ အခြေအနေဖြစ်အောင် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ အဲ့လိုလုပ်ဖို့အတွက်လည်း ကျွန်တော်တို့ အနေနဲ့ တောင်ပိုင်းကနေ အညာဒေသတပ်ခွဲတစ်ခုကို ဖွဲ့စည်းနိုင်အောင် ကြိုးစားပြီးလာတယ်၊ အတူတူလက်တွဲပူးပေါင်းချင်တဲ့ အတွက်ကြောင့် ဒီကို ရောက်နေပါတယ်၊ အားလုံးလက်တွဲပူးပေါင်းပြီး ဆောင်ရွက်ဖို့ပဲ မျှော်လင့်ပါတယ်၊ အဲ့လိုပူးပေါင်းဆောင်ရွက်ရင်လည်း စစ်ရေးနိုင်ငံရေး ပိုမိုတိုးတက်မှုတွေ ရှိလာမှာပါ။” ဟု 96 Soldiers PDF မှ ကိုဇေယျာလွင်က ပြောဆိုသည်။

96 soldiers – PDF တပ်ဖွဲ့အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်သုတ်သင်ရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲအတွင်း ကျဆုံးသွားသော ရဟန်းရှင်လူကျောင်းသားပြည်သူများနှင့် ထောင်သွင်းအကျဉ်းချ နှိပ်စက်ခံနေရသော ရဲဘော်များအတွက် အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ပြင်းပြင်းထန်ထန် တော်လှန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း ကတိသစ္စာပြုထားသည်။mizzima

သံဖြူဇရပ်မြို့မရဲစခန်းကို PDF တိုက်ခိုက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF က သြဂုတ် ၁၇ ရက် ည ၈ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီမြို့မရဲစခန်းကို သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်ပြီး လက်ပစ်ဗုံး အပါအဝင် သေ နတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်  တယောက် ကျဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း သုံးယောက်ထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ပစ်ခတ်မှု ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဘက်က လူမှုကယ်ဆယ်ရေး ကားတစီးနဲ့ လာရောက်တင်ဆောင်ကာ ဒဏ်ရာရသူတွေကို သူတို့ကိုယ်တိုင် ဆေးရုံ မောင်းပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရမှုမှာ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတလုံးကို သြဂုတ် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့ပါတယ်။

သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က မြို့မရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ် မှန်ကန်ကြောင်း ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ PDF ရဲဘော်တယောက် ကျဆုံးခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်တယောက်ကို ဆေးဝါးကုသပေးနေပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။

သံဖြူဇရပ်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အဝင်အထွက် နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားသလို လမ်းတချို့ကိုလည်း သွားလာခွင့် ကန့်သတ်ထားပါတယ်။ DVB

ဖောင်းပြင် PDF စခန်းကို စစ်ကောင်စီတိုက် ခိုက်မှု မအောင်မြင်

စစ်ကိုင်းအထက်ပိုင်း ဖောင်းပြင်မြို့အနီးရှိ ဒေသကာကွယ်ရေးတပ်စခန်းများကို ယမန့်နေ့ (ဩဂုတ် ၁၆) တွင် စစ်ကောင်စီတပ်နှင့် ပြည်သူစစ် ခေါ် ပျူစောထီးတပ် နာရီဝက်ကြာ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ချင်းတွင်းမြစ်အထက်ပိုင်း ဖောင်းပြင်မြို့မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ ၎င်းတို့စခန်းနှစ်ခု နံနက် ၁၁ နာရီခွဲခန့်တွင် အတိုက်ခံရသည်ဟု ဖောင်းပြင်-PDF ပြောခွင့်ရသူထံမှ သိရသည်။

“မနေ့က တိုက်ပွဲမှာလည်း လက်နက်ကြီး ပစ်ကူပေးထားတာတောင်မှ သူတို့ တစ်ယောက်ကျသွားတာနဲ့ ဆက်မတက်ရဲဘဲ ပြန်ဆုတ်သွားတာပဲ” ဟု ၎င်းက ပြောသည်။

စစ်တပ်ဘက်မှ ၄ ဦးထက်မနည်း သေဆုံးသည်ဟု ဆိုသည်။ 

၎င်းတို့စခန်းများကို စစ်ကောင်စီက လာတိုက်ချိန်တွင် နန်းပန်ရွာ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၊ ချောင်းခွရွာ စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများကို သွားရောက် ပစ်ခတ်ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်မှု အခြေအနေကို မသိရသေးကြောင်း ထိုသူက ဆိုသည်။

“ဗျူဟာအရ လှည့်စားတဲ့ သဘောပေါ့လေ။ ဒီဘက်မှာလည်း ထိုးစစ်အရှိန်လျော့သွားအောင်လို့ လုပ်တဲ့ တိုက်ပွဲပေါ့။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး” ဟု ၎င်းက ပြောသည်။

နိုင်ငံအနှံ့ စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက ဩဂုတ် ၄ ရက်တွင် ဖောင်းပြင်မြို့ပေါ်၌ နယ်ခံပျူစောထီးအချို့ကို တစ်ဦးလျှင် ကျပ်တစ်သိန်းနှစ်သောင်း ထောက်ပံ့ခဲ့ပြီး စစ်ဝတ်စုံနှင့် လက်နက်များပေးသည်ဟု အထက်ပါ PDF တာဝန်ရှိသူက ဆိုသည်။

ယမန်နေ့ က ဖောင်းပြင်စခန်းကို လာရောက်တိုက်ခိုက်သူ အရေအတွက်၊ သေဆုံးမှု အရေအတွက်တို့ကို  သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။  myanmar now

မုံရွာ-မန္တလေးလမ်းတွင် ခြိမ်းခြောက်ငွေကြေးတောင်းခံသည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်

မုံရွာ- မန္တလေးလမ်းတွင် ခြိမ်းခြောက်ငွေကြေးတောင်းခံသည့် လက်နက်ကိုင်ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း South Monywa PDF အဖွဲ့၏ တာဝန်ခံကမဇ္ဈိမကိုပြောသည်။

“လာတဲ့ကားတွေကို သေနတ်ပြခြိမ်းခြောက်ပြီး ငွေညှစ်တာတွေ မကြာမကြာလုပ်နေတာ။ ပြည်သူတွေက လာပြီး တိုင်တန်းတာတွေရော၊ ပြော တာတွေရောနဲ့ ကျွန်တော်တို့ အဲဒါကို သတိထားမိတာကြာပြီပေါ့။ ဒီကောင်တွေရှိတတ်တဲ့နေရာမှာ ကျွန်တော်တို့ ကြိုပွိုင့်တင်ထားတာပေါ့။ ဒီကောင်တွေ ကျွန်တော်တို့ ပွိုင့်ကိုတက်တဲ့အခါ မိုင်းဆွဲတိုက်ခိုက်လိုက်တာ” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီးအဖွဲ့ကို ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၆ နာရီ ခန့်က မုံရွာ-မန္တလေးလမ်း၏ မုံရွာ- ချောင်းဦးလမ်းပိုင်းတနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီလက်အောက်ခံပျူစောထီးများက လက်နက်ကြီး လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်း South Monywa PDFနှင့် မဟာမိတ်အဖွဲ့များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

“ သူတို့က အမြဲတမ်း သေနတ်တွေလွယ်ပြီး ဆိုင်ကယ်တွေနဲ့ နှစ်ယောက်တစီး၊ သုံးယောက်တစီးတွေ၊ ၁၆ ယောက်လောက်ရှိတယ်။ မိုင်းဆွဲခံရပြီးတော့ ကျွန်တော်တို့ကိုလည်း ပြန်ပစ်တယ်။ အလောင်းတွေကို လည်းသယ်သွားတယ်” ဟု South Monywa PDF အဖွဲ့၏ တာဝန်ခံကပြောသည်။

ယင်းတိုက်ခိုက်မှုကို South Monywa PDF ၊ Monywa Ranger Group/Truth Army ၊Black Hunter People’s Task Force နှင့် Anyar Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်နှင့် လက်အောက်ခံများကို မုံရွာ-မန္တလေးလမ်း တလျှောက် တိုက်ခိုက်မှုများပြုလုပ်လျှက်ရှိရာ အများပြည်သူအနေဖြင့် ယင်းလမ်းကို ခေတ္တအသုံးမပြု ကြရန်နှင့် အရေးကြီးအကြောင်းကိစ္စရှိမှသာ သွားလာကြရန် အသိပေးမေတ္တာရပ်ခံကြောင်း South Monywa PDF အဖွဲ့၏ တာဝန်ခံက ဆိုသည်။ mizzima

ကန့်ဘလူတွင် စစ်ဆေးရေး ဂိတ်ဖွင့် ငွေတောင်းသည့် ပျူစောထီး ခေါင်း ဆောင် နှင့် မြိတ်မြို့မှ ပျူစောထီး အဖွဲ့ဝင်တို့ ပစ်ခတ်ခံရပြီး သေဆုံး၊ပေါင်းတည်မြို့တွင်လည်း သတင်း ပေးဟု သတ် မှတ်ခံရသူ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ပျူစောထီး ခေါင်းဆောင် ညိုဝင်းနိုင်ကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၃ဝ မိနစ်ခန့်က လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ကန့်ဘလူ UG (KBU)အဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း Kanbalu Underground Warriors အဖွဲ့ထံမှ သိရသည်။

ပစ်ခတ်ခံရသော ပျူစောထီးခေါင်းဆောင် ညိုဝင်းနိုင်နှင့် လက်ဖက်ရည်ဆိုင် အတူထိုင်နေသူ တစ်ဦးကို Kanbalu Underground Warriors အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် ကန့်ဘလူ ဆေးရုံသို့ ပို့ဆောင်စဉ် ညိုဝင်းနိုင်သည် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပျူစောထီးခေါင်ဆောင် ညိုဝင်းနိုင်သည် ကိုယ်ပိုင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး အကြောင်း အမျိုးမျိုးပြ ဆက်ကြေးကောက်ခံနေသူဖြစ်ပြီး ဒေသခံ ပြည်သူများကို နေ့စဉ်ခြိမ်းခြောက် ပြောဆိုခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး ငွေညစ်ခြင်း၊ လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များ အကြောင်းမဲ့ ဖမ်းဆီး ငွေညစ်ခြင်းနှင့် ပြည်သူပိုင် ကားနှင့်ဆိုင်များကို အကြောင်းမဲ့ သိမ်းယူ ခြင်းများ လုပ် ဆောင်နေသူဖြစ်ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

“ပြည်သူတွေကတော့ ညိုဝင်းနိုင်သေတာ ဝမ်းသာကြတယ်။ သူက အရမ်းဆိုးတယ်။ ဆဲဆိုပြီး လူငယ်တွေကို အိမ်ပေါ်အထိ တက်ရိုက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ တနင်္သာရီတိုင်း မြိတ်မြို့ အောင်ချမ်းသာ ရပ်ကွက် ပျူစောထီးအဖွဲ့ဝင် ရာအိမ်မှူး အောင်သန်းကို သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြိတ်မြို့ ကုန်တိုက်အနီးတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ပျူစောထီးအဖွဲ့ဝင် အောင်သန်းကို မြိတ် ပကဖ နှင့် မြိတ်ခရိုင် တပ်ရင်း(၂) တို့မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပူးပေါင်း ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ အောင်သန်း ပစ်ခတ်ခံရပြီးနောက် မြိတ်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းအုပ်စု ကိုင်းကွင်းကျေးရွာမှ ကျော်ကျော်လွင်(ခ)မွတ်တား နှင့် သစ် ပုပ်အုပ်စု လက်ပံခုန်ကျေးရွာမှ ကျော်ကျော်ဦးတို့သည် စစ်တပ် သတင်းပေးခြင်း၊ လမ်းပြခြင်း၊ ကူညီထောက်ပံ့ခြင်းဖြင့် PDF နှင့် ပြည်သူတို့အား အခက်တွေ့စေရန် လုပ်ဆောင်နေခြင်းကြောင့် ပြည်ခရိုင်တွင် အရိပ်မဲ့ပျောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလိုက်သည်ဟု သတင်းထုတ်ပြန်ထားသည်။khit thit

စစ်ကိုင်းတိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်၊ ကင်းကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် ၄ စီးနဲ့ ဩဂုတ် ၁၇ ရက် နေ့လယ် ၁ နာရီလောက်က ပစ်ခတ်ကာ ရွာသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလေယာဉ်တွေဟာ ဒီပဲယင်းမြို့နယ်ဘက်ကနေ လာရောက်ပြီး ကင်းကျေးရွာကို လာရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။

ဒေသခံရွာသားတယောက်က “သူတို့က မဆင်းဘူးလိုလိုနဲ့ မင်းကင်းမြို့နယ်ဘက် သွားသလို ပုံစံလုပ်ပြီး ရုတ်တရက်ရောက်လာကာ လေယာဉ်ပေါ်ကနေ ပစ်ခတ်ပြီး မြေပြင်ကိုဆင်းပြီး စစ်သားတွေချတယ်။ သူတို့က ‌စစ်သားချတာတောင် ရွာဝင်၊ ရွာထွက် ပြေးလမ်းတွေပိတ်ပြီး ချတာ။ ရွာကိုပတ်ပြီး ပိတ်ထားတယ်။ အသက်လု‌ပြေးခဲ့လို့ ကျနော်တို့က လွတ်‌လာတာ။ ရွာမှာ နာရေးကိစ္စ လုပ်နေတဲ့အချိန် လာပိတ်ဖမ်းကြတာဆိုတော့ ပိတ်မိနေသူကတော့ များမယ်ဗျ။ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေရော ပိတ်မိနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ကင်းကျေးရွာကို လာရောက်ပိတ်ဆို့ ဖမ်းဆီးတာဟာ ရေကြောင်းကနေ စစ်မော်တော်လာတိုင်း PDF တွေက ပစ်ခတ်တာကြောင့် အခုလိုဖမ်းဆီးတာဖြစ်နိုင်ပြီး စစ်ကောင်စီ မော်တော်တွေကလည်း ကင်းရွာအထက်ဘက် သင်တောရွာမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့် စုန်ဆင်းလာမယ့် စစ်ကောင်စီမော်တော်ကို လုံခြုံရေးယူပေးရင်း အခုလိုဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားဘယ်နှယောက် ဖမ်းဆီးခံခဲ့ရတယ်ဆိုတာ မသိရသေးဘဲ အရင်ကလည်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သြဂုတ် ၁၄ ရက်က စတင်ပြီး ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို နေ့စဥ်ရက်ဆက် စစ်ကြောင်းထိုး သွားလာလှုပ်ရှားနေပြီး ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦတွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ရင်ပေါင်တိုင်ရွာ၊ ပုထိုးသာရွာ၊ ကမ္ဘားရပ်ရွာ၊ ရွာနောင်ရွာ၊ ချင်ပြစ်ရွာတွေက စုစုပေါင်းအိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့သလို သြဂုတ် ၁၇ ရက် မနက်ပိုင်းကလည်း ယင်းမာပင်မြို့နယ်အတွင်းရှိ ပေါက်သဖကျေးရွာက နေအိမ်တလုံးကိုလည်း ထပ်မံမီးရှို့ခဲ့ကြတယ်လို့ ဒေသခံတ‌‌‌ယောက်က ပြောပါတယ်။

လက်ရှိအချိန်မှာ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ယင်းမာပင်နဲ့ ပုလဲနယ်စပ်တလျှောက်မှာရှိတဲ့ ကျေးရွာတွေကို ကူးလူးသွားလာ စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံတွေဟာလည်း နေအိမ်တွေမှာ မနေရဲဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ DVB

ဖာပွန်ခရိုင်တွင် ဩဂုတ်လ ဒုတိယသီတင်းပတ်အထိ တိုက်တွင်ပွဲများ၌ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးကြောင်း KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဒုတိယသီတင်းပတ်အတွင်း တိုက်ပွဲပေါင်း ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး သေဆုံးခဲ့သည်ဟု KNU တပ်မဟာ (၅) က ထုတ်ပြန်သော တိုက်ပွဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းအပြင် တိုက်ပွဲများအတွင်း နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း ဖော်ပြထားသည်။ အဆိုပါ တိုက်ပွဲများတွင် KNLA တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်းလည်း ဆိုသည်။

စစ်ကောင်စီဘက်ကမူ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်လေ့မရှိပေ။

အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာများတွင် KNU လက်အောက်ခံ တိုက်ခိုက်ရေးတပ်ဖြစ်သော KNLA တပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တို့အကြား နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

ယခုကဲ့သို့ မိုးရာသီတွင် ပုံမှန်အားဖြင့် တိုက်ပွဲအရေအတွက် နည်းပါးလေ့ရှိသော်လည်း အာဏာသိမ်းစစ်တပ်၏ နယ်မြေကျူးကျော်မှုနှင့် ထိုး စစ်ဆင်မှုများကြောင့် တိုက်ပွဲများ ဆက်လက်မြင့်တက်နေခြင်းဖြစ်ကြောင်း KNU ဗဟိုပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

KNU ထိန်းချုပ်နယ်မြေများအနက် ဖာပွန်ခရိုင်သည် ထိတွေ့ တိုက်ပွဲအများဆုံးနှင့် အပြင်းထန်ဆုံး နယ်မြေဖြစ်ပြီး ဇူလိုင်လအတွင်းက တိုက်ပွဲပေါင်း ၁၁၀ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း လချုပ်မှတ်တမ်းများတွင် ဖော်ပြထားသည်။ mizzima

ကော့ကရိတ်တွင် ပြည်သူပိုင်ခြံစည်းရိုးကို စစ်ကောင်စီတပ်က တင့်ကားဖြင့် ဝင်တိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ  သြဂုတ် ၁၇ ရက် ညနေပိုင်းမှာ ပြည်သူပိုင်ခြံစည်းရိုးအုတ်တံတိုင်းကို စစ်ကောင်စီက တင့်ကားနဲ့ ဝင်တိုက် တဲ့အတွက် ခြံစည်းရိုး ပျက်စီးသွားကြောင်း ကော့ကရိတ်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ သြဂုတ် ၁၆ ရက်နေ့ မနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မြို့တွင်းတိုက်ပွဲပစ်ခတ်မှုမှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲနဲ့စစ်သားတွေ သေဆုံးတာတွေ ရှိခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီဘက်က ကော့ကရိတ်မြို့တွင်းမှာ တင့်ကားအသုံးပြုလာတာလို့ ဆိုပါတယ်။

မြို့တွင်း တင့်ကားနဲ့ လှည့်နေစဉ် စက်ချွတ်ယွင်းပြီး ပြုပြင် မောင်းနှင်ရာကနေ ခြံစည်းရိုး အုတ်တံတိုင်းကို ဝင်တိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

မနေ့ညနေမှာလည်း ကော့ကရိတ်မြို့ အရှေ့တောင်ဘက်ကိုလည်း လက်နက်ကြီးနဲ့ အကြိမ်ရေ ၅၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ သြဂုတ် ၁၇ ရက်ကနေ ဒီနေ့မနက် ၁၀ နာရီအထိ မြဝတီမြို့တောင်ဘက် ကွင်းကလေးကျေးရွာအုပ်စုဘက်ကို လက် နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။ DVB

အာဏာသိမ်းစစ်ခေါင်းဆောင်၏ အကြမ်းဖက်မှုများအတွက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းမိတ္တူပေးအပ်၍ ကုလအထူးကိုယ်စားလှယ် သတိပေး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ(Noeleen Heyzer )သည် ဩဂုတ်လ ၁၇ရက်နေ့က အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်း မိတ္တူကို ပေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းသည် ကမ္ဘာ့နိုင်ငံရေးတည်ငြိမ်မှုစံနစ်၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို ရရှိလိုပါက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ စံနှုန်းများကို လိုက်နာရန်လိုအပ်ကြောင်း‌ ပြောကြား၍ ကုလသမဂ္ဂပဋိညာဉ်စာတမ်းမိတ္တူကို ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးက သတင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီဥက္ကဋ္ဌအား ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း မိတ္တူပေးခဲ့သည့်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ယခုလိုဖြေကြားသည်။

” မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက ကိုယ့်ပြည်သူလူထု အပေါ်မှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုမျိုးစုံက ပြည်သူလူထုအပေါ်ကျူးလွန်ရမယ့် အရာမဟုတ်ဘူးဆိုတာဖော်ပြဖို့ပါ။ မလုပ်သင့်ဘူး။ မလုပ်ရဘူး။ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်ရမယ်ဆိုတဲ့ပြောဆိုချက်တွေကို အကြောင်းပြုပြီး စစ်ကောင်စီအဖွဲ့ကို သိအောင်လုပ်ပေးလိုက်တာပါ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ကုလအထူးကိုယ်စားလှယ်သည် စစ်ကောင်စီဥက္ကဋ္ဌအား အာဆီယံမှ ချမှတ်ထားသည့် ဘုံသဘောတူညီချက်ငါး ရပ်ကို လေးစားလိုက်နာရန် ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂရုံး မှ ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။

ထို့ပြင် ကုလအထူးကိုယ်စားလှယ်က သေဒဏ်ပေးမှုများကို တရားဝင်ဆိုင်းငံထားရန် ၊ ဩစတေးလျနိုင်ငံ သားမစ္စတာရှောင်တာနယ်ကို လွှတ် ပေးရန်၊ အကျဉ်းထောင်အသီးသီးရှိ ကလေးငယ်များကို လွှတ်ပေးရန် ၊ အကြမ်းဖက်မှုအမျိုးမျိုးကို ရပ်တန့်ရန်၊ လူ့အခွင့်အရေးနှင့် တရားဥ ပဒေ စိုးမိုးရေးတို့ကို အပြည့်ဝလိုက်နာရန်၊ လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကို ရပ်တန့်ရန်၊ ဖမ်းဆီးထောင်ချခြင်း ခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်တို့ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြောကြားခဲ့သည်။

ကုလ အထူးကိုယ်စားလှယ်၏ ယခုတွေ့ဆုံမှုသည် စစ်ကောင်စီကို တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း ကုလသမဂ္ဂရုံးမှ အတိအလင်းပြောကြားခဲ့သော်လည်း စစ်ကောင်စီကမူ ကုလအထူး ကိုယ်စားလှယ်နှင့်တွေ့ဆုံမှုအပေါ် “လက်ခံတွေ့ဆုံ” ဟူသည့် စကားလုံးကို သုံးနှုန်း၍ သတင်းထုတ်ပြန်ထားသည်။

“ကျွန်မရဲ့ ခရီးစဉ်က ကုလသမဂ္ဂရဲ့ စိုးရိမ်မှုကို အသိပေးပြောကြားဖို့၊ ပြည်သူတွေ ဘေးဒုက္ခခံစားနေရာတာတွေနဲ့ ပဋိပက္ခကိုလျှော့ချဖို့၊ လိုအပ်နေတဲ့ ခိုင်မာအားကောင်းတဲ့ ဆောင်ရွက်ချက်တွေကိုအဆိုပြုဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုက ဘယ်လိုအကြောင်းနဲ့မှ တရား ဝင်မှုကို ပြသမှာ မဟုတ်ပါဘူး ” ဟု ကုလအထူး ကိုယ်စားလှယ်က ပြောကြားထားသည်။

အာဏာသိမ်းမှု ကို ကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းထားသည့် တစ်နှစ်ကျော်ကာလအ တွင်း မြန်မာ့အရေး ဖြေရှင်းလာရောက်သည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များနှင့် အကြိမ်ကြိမ်တွေ့ဆုံမှုများရှိသော်လည်း အကြမ်းဖက် လုပ် ရပ်များနှင့် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။

အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ် ပရတ်ခ်ဆော့ခွန်းက မြန်မာ့အရေးကို စူပါမန်း ပင်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သြဂုတ်လအစောပိုင်းက မှတ်ချက်ပြုထားသည်။ mizzima

« Older Entries