Monthly Archives: Aug 2022

ပြည်တွင်း၌ လောင်စာဆီဈေး  မြင့်တက်ခြင်းနှင့် ဆန်ဈေး ကြီးမြင့်ခြင်းကြောင့် ပို၍ ကျပ် တည်းလာ 

မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ ရန်ကုန်မြို့တွင် မုတ်သုံမိုး စိုစိုစွတ်စွတ်အောက်တွင် လူ ဒါဇင်များစွာသည် ဟင်းချက်ဆီ ရရှိရေးအ တွက် တန်းစီတိုးနေကြသည်။ စီးပွားရေးဒုက္ခ ကျရောက်နေသော ရန်ကုန်တွင် ကုန်စည်များစွာနည်းတူ ဈေးကြီးမြင့်နေသည့် ဟင်းချက်စီအတွက် သက်သာဖူလုံ လျှော့ဈေးဖြင့် ရောင်းချပေးသည်ကို ယခုကဲ့သို့ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြခြင်းပဲ ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းမှုနောက် နိုင်ငံ၏ စီးပွားရေး ထိခိုက်လာနေခဲ့ပြီး စစ်အာဏာသိမ်းအုပ်စု၏ နိုင်ငံခြားငွေကို သိမ်းဆည်းနိုင်ရေး ကြိုးစားခြင်းအပြင် စီးပွားရေးလုပ်ငန်းများနှင့် သွင်းကုန်လုပ်ငန်းများတွင် ခုတစ်မျိုး တော်ကြာတစ်မျိုး စည်းမျဉ်းများ ထုတ်ခြင်းအားဖြင့် တိုင်းပြည်စီးပွားရေးမှာ အကျပ်အတည်း ပိုဆိုက်လာနေသည်။ 

ယူကရိန်းအား ရုရှကျူးကျော်စစ်ကြောင့် ဖြစ်ပွားသော ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဈေးနှုန်း မြင့်တက်မှုသည် မြန်မာနိုင်ငံက ပြည်သူများ၏ နေ ထိုင်မှုဘဝများကို ရိုက်ခတ်နေပြီး တော်တော်များများမှာ ရုန်းကန်နေကြရကာ စားပွဲပေါ် ထမင်းနှင့် ဟင်း တည်ခင်းနိုင်ရန်အတွက် သက်သာဈေး ရောင်းချသော သို့မဟုတ် အလှူအတန်းများကို အားထားနေရသည်။ 

“အစားအသောက်အတွက် လူတွေက ဝင်ငွေရဲ့ တော်တော်များများကို မသုံးနိုင်တော့ဘူး၊ ဘာကြောင့်လည်းဆိုတော့ ကုန်ဈေးနှုန်းတွေ တက် နေလို့ပဲ”ဟု ပြည်တွင်းအဖွဲ့အစည်းတစ်ရပ်က သက်သာဈေးဖြင့် ရောင်းချသော ဆီကို ပလတ်စတစ်ဘူးဖြင့် ဝယ်ယူရန် စောင့်ဆိုင်းနေသော အသက် ၅၅ နှစ်အရွယ် အိမ်ရှင်မ ဒေါ်ခင်ခင်သန်းက ပြောသည်။ 

ဟင်းချက်ဆီဈေးသည် ဈေး၌ ၁ ဒသမ ၆ ကီလိုဂရမ်ကို ကျပ် ၅၀၀၀ မှ ကျပ် ၉၀၀၀ သို့ ထိုးတက်သွားကြောင်း ၎င်းက ပြောသည်။ 

“တစ်ယောက်တည်း အလုပ်လုပ်တယ်ဆိုရင်တော့ မိသားစု တစ်စု စားလောက်အောင် ရမှာ မဟုတ်ဘူး”ဟု ဒေါ်ခင်ခင်သန်းက ပြောသည်။ 

နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် အမျိုးသား ဆင်းရဲမှုမျဉ်းအောက် နေထိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က ဇူလိုင်လအတွင်းက ပြောထားသည်။ 

စားသုံးသူဈေးနှုန်းအညွှန်းကိန်း ဖောင်းပွမှုသည် မတ်လ၌ တစ်နှစ်ကထက် ၁၇ ဒသမ ၃ ရာခိုင်နှုန်းထိ ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။ 

နိုင်ငံ၏ နယ်မြေတော်တော်များများသည် စစ်တပ်နှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တော်လှန်ရေးသမားများ၏ တိုက်ပွဲနယ်မြေများအဖြစ် ပြောင်းလဲသွားချိန်မှာပင် ဆန်ဈေးနှုန်းသည် သယ်ယူပို့ဆောင်ရေးစရိတ် များပြားခြင်းကြောင့် ထိုးတက်နေသည်။ 

နိုင်ငံပိုင် Global New Light of Myanmar သတင်းစာကပင် ဆန်၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ ကားခနှင့် အိမ်ငှားခများ မြင့်တက်နေသည်ကို နေ့စဉ်နီးပါးမျှ ဖော်ပြနေသည်။ 

ပြီးခဲ့သည့်သီတင်းပတ်က ဒီဇယ် တစ်လီတာ ဈေးနှုန်းသည် ညတွင်းချင်းပင် အမေရိကန်ဒေါ်လာ ခြောက်ဆင့်နီးပါး မြင့်တက်ပြီး တစ်လီတာ ကျပ် ၂၄၄၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဒေါ်လာ) ရှိသည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။ 

ပြီးခဲ့သည့်နှစ် အာဏာမသိမ်းခင်က ရန်ကုန်နေ ဝယ်ယူသူများသည် ဆီတစ်လီတာအတွက် ၆၉၅ ကျပ်သာ ပေးခဲ့ရခြင်းဖြစ်ကြောင်း လုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။ 

မဟာမိတ် ရုရှဆီမှ လောင်စာဝယ်ယူရေးအတွက် ကြီးကြပ်ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းကြောင်း ယခုသီတင်းပတ်အတွင်း စစ်အာဏာသိမ်းအုပ်စုက ကြေညာသော်လည်း မည်သည့်အချိန်နှင့် မည်သို့ အစပြုမည်ဆိုခြင်းကို အသေးစိတ် မထုတ်ပြန်ပေ။ 

လူတော်တော်များများမှာ ဝမ်းဖြည့်တင်းနိုင်ရေးအတွက် အလှူအတန်းများကို မှီခိုနေရတော့သည်။ 

“ကျွန်မတို့ အိမ်မှာ ချက်မယ်ဆို လျှပ်စစ်မီးလည်း မရှိဘူး၊ ဆန်ဝယ်ဖို့ကလည်း ဈေးကြီးတယ်”ဟု ဟင်းနှင့် ထမင်း အခမဲ့ ဝေသော ဘုန်းကြီး ကျောင်းတစ်ကျောင်းတွင် စီတန်းနေသူ ရာပေါင်းများစွာမှ အသက် ၆၈ နှစ်အရွယ် ဒေါ်လေးလေးက ပြောသည်။ 

“ပင်စင်စားတွေအတွက်ဆို စားဖို့ ချက်ရပြုတ်ရမှာ အရမ်း ဈေးကြီးတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ထမင်းနှင့် ဟင်း လှူဒါန်းသော ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးများက ၎င်းတို့အား လှူဒါန်းထားသည်များကို ချက်ပြုတ်ပြီး နေ့စဉ် လူ ၅၀၀ အား ကူပွန်ပေးကာ ပြန်လည်ဝေငှမှု ပြုနေခြင်း ဖြစ်သည်ဟု အလှူအား ကြီးကြပ်သည့် အရှင် ဥတ္တမသီရိက ပြောသည်။ 

“ဒါပေမဲ့ တစ်ချို့နေ့တွေမှာဆိုရင် လူ ခြောက်ရာလောက်ကို ကျွေးမွေးရတယ်၊ ထမင်းနဲ့ ဟင်း ကုန်သွားရင် ကိတ်မုန့်တွေ၊ မုန့်ပဲသရေစာတွေနဲ့ သစ်သီးတွေ ဝေပါတယ်”ဟု ၎င်းက မိန့်သည်။ 

“လူ‌တွေ အများကြီးကို ကိုယ်တော်က ခိုလှုံရာ မပေးနိုင်ပါဘူး၊ ဒါပေမဲ့ ကိုယ်တော် စားရသလိုပဲ လူတွေကို အစားအစာအတွက် လှူဒါန်းဝေမျှပါတယ်”ဟု အရှင် ဥတ္တမသီရိက မိန့်ကြားခဲ့သည်။  mizzima

မြ၀တီ-ဝေါ်လေကားလမ်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်များလည်း သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီ-ဝေါ်လေကားလမ်းတွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်များလည်း သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ် ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂)သည် မြဝတီ-ဝေါ်လေ ကားလမ်းမ ပေါ်ရှိ ဘုရားကုန်းသို့ ယနေ့ ဩဂုတ် ၁၉ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ် အချိန် ကျူးကျော်သိမ်းပိုက်ရန် ကြိုးစားခဲ့သဖြင့် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်မြေပြင် သတင်းအတည် ပြုချက်အရ ၎င်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်မှ (၆) ဦး သေဆုံးပြီး၊ (၂၁) ဦး အပြင်း အထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား စစ်သုံ့ပန်း ၂ ဦးကို အရှင် ဖမ်းဆီး ရမိပြီး MA (1)သေနတ် တစ်လက်၊ MA (2) သေနတ် (၁)လက်၊ ကျည်ကာ စစ်ခမောက် (၂) လုံး၊ RPG ဗုံးသီး (၂)လုံး၊ RPG ပို့ယမ်း (၂)တောင့်၊ ကျည်ကာ အီကွေ့မန့် (၂) ခု၊ ၅.၅၆ ကျည် (၁၀၀၀) တောင့်၊ ကျည်ဘောက် (၇)ခု၊ ၄၀ မမ ဗုံးသီး (၆) လုံး၊ ၆၀ မမ ဗုံးသီး (၄)လုံး အား သိမ်းဆည်းရမိခဲ့ကြောင်း၊ အရှင် ဖမ်းဆီး ရမိသော စစ်ကောင်စီ တပ်သား ၂ ဦးမှာ ဒုတပ်ကြပ် ထင်ကျော် ၊နှင့် တပ်သားမင်းသူ၊ တို့ဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗားရှင်းနှင့် ပြည်သူ့ကာ ကွယ်ရေးတပ် မတော်မှ ချမှတ်ထားသော စစ်သုံ့ပန်း စည်းမျဉ်း ဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက တိုက်ခိုက်ရေး တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များဖြင့် အင်အားတိုးချဲ့ကာ ထပ်မံစုဖွဲ့ ပြင်ဆင်ပြီး စစ်မျက်နှာ လေးခု ထက် မနည်း ဖွင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ ပုံအော ပစ်ခတ်ပြီး ကျူးကျော် ထိုးစစ် ပြန်လည် စတင်ခဲ့ကြောင်း၊ တစ်နေ့တာလုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယခု သတင်းထုတ်ပြန်သည့် ညနေ (၇) နာရီ အချိန်အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီမှ တိုက်လေယာဉ်များ၊ ၁၂၂ မမ ဟောက်ဝင်ဇာ အမြှောက်များ၊ ၆၀ မမ၊ ၈၁ မမ အမြှောက်များ အ ပြင် အတွဲလိုက်စနစ်သုံး ဒုံး MLRS များ အသုံးပြု၍ သည်းထန်စွာ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လေကြောင်းတိုက်ခိုက်မှုများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ မှော်ဘီ လေတပ်စခန်းမှ Yak – 130 အမျိုးအစား လေယာဉ်ဖြင့် မြဝတီ – ဝေါ်လေ ကားလမ်းမအနီး သို့ ယမန်နေ့ည (ဩဂုတ် ၁၈) ည (၁၁)နာရီ (၅၈) မိနစ် ခန့်တွင် ဗုံး (၃) လုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းလေ ကြောင်းတိုက်ခိုက်မှုတွင် ကော်ဘရာစစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်‌ရာ မရှိခဲ့ကြောင်း၊ ထို့အတူ မှော်ဘီ လေတပ်အခြေစိုက်စ ခန်းမှ Yak (130) လေယာဉ် နှစ်စီးဖြင့် ယနေ့ (ဩဂုတ် ၁၉) နံနက် (၁၀) နာရီခန့်တွင် လည်းကောင်း၊ ယနေ့ နေ့လည် (၃)နာရီခန့်တွင် လည်း ကောင်း ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေသော နေရာများအား ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ khit thit

ဂန့်ဂေါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ရဲ ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ သြဂုတ် ၁၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ရဲတစ်ယောက်  ဖမ်းဆီးရမိခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ကနေ သိရပါတယ်။

ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ရဲအင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းကို သြဂုတ် ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်ကနေ မွန်းလွဲ ၂ နာရီလောက်အထိ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အိမ်သစ်ကျေးရွာနားမှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ တပ်ဖွဲ့က ရဲဘော်တွေက လက်နက်ကောက်ယူဖို့ သွားပေမယ့် နောက်ကတက်လာတဲ့ စစ်(…)တွေက စက်သေနတ်တွေနဲ့ အဆက် မပြတ်ပစ်ခတ်လို့ နောက်ပြန်ဆုတ်ခဲ့ရပြီး ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်(…)အနည်းဆုံး ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်။”

စစ်ကောင်စီဘက်က ရဲတပ်သားတယောက် ထွက်ပြေးလာလို့ ကျည်ဆံအတောင့် ၅၀ နဲ့အတူ အရှင်ဖမ်းဆီးရမိကာ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး စစ်ဆေးမေမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လို့ နွားကျောင်းသား တယောက် လက်နက်ကြီး ထိမှန်သေဆုံးကာ ခေါက်ခူရွာက သားအဖ ၂ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားကြတယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ ဘက်က ရဲဘော်တယောက် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူး” လို့ ကိုတိုးကြီးက ပြောပါတယ်။

အဲဒီတိုက်ပွဲကို PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့၊ YPDF၊ YDF၊ CDF-KKG နဲ့ ဂန့်ဂေါ ပ.က.ဖ နဂါးညီနောင်အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကိုလည်း သြဂုတ် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ်တိုက်ခိုက်ခဲ့လို့ ရဲအများအပြား ထိခိုက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီက ပျူစောထီးများအား ရဟတ်ယာဉ်ဖြင့် မှားယွင်းပစ် ခတ်၍ ထိခိုက်သေဆုံးမှုများ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများအား မှားယွင်းပစ်ခတ်မိ၍ ထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် ကျေးရွာတစ်ရွာကို စစ်ကောင်စီရဟတ်ယာဉ် MI-17 ဖြင့် လာရောက် ပစ်ခတ်စဉ် ကံကြီးကုန်းရွာမှ ပျူစောထီးများအား မှားယွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပျူတွေက သူတို့ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ သူတို့အားကိုးတဲ့ ခွေးတွေကို (စစ်ကောင်စီတပ်) လေကြောင်းက ပစ်ကူဘို့ခေါ်တာ၊ ဟိုကလည်းရောက်လာရော ဝမ်းသာအားရနဲ့ သေနတ်ဖောက်ပြီး သူတို့ရှိကြောင်းအသိပေးတာ၊ အဲ့ဒီလို သေနတ်ဖောက်အသိပေးတာကို PDF တွေထင်ပြီး ရဟတ်ယာဉ်ပေါ်ကပစ်သွားတာ အတော်သေသွားကြတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ပျူစောထီးရွာဟု ကျော်စောနေသည့် ကံကြီးကုန်းရွာအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်၊ ထိုသို့ပစ်ခတ်ခံရသဖြင့် ပျူစောထီးများသည် စစ်ကောင်စီတပ်အား လေကြောင်းပစ်ကူတောင်းခံခဲ့သည်၊ ထိုသို့ အကူအညီတောင်း၍ စစ်ကောင်စီ ၏ ရဟတ်ယာဉ်လာရောက်စဉ် ပျူစောထီးများသည် ရွာအနောက်ဖက် မြစ်ဆိပ်နှင့် ၎င်းတို့ရွာကြားရှိ ကင်းနှင့် ရွာတောင်ဘက်ကင်းများမှ သေ နတ်ဖောက် အချက်ပေးရာတွင် PDF များအထင်ဖြင့် မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ မှားယွင်း ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိသွားသည့် ပျူစောထီး အရေအတွက်နှင့် အသေးစိတ် အခြေအနေကိုမူ မဇ္ဈိမ အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ mizzima

မဘသနှင့် အမျိုးသားရေးလှုပ်ရှားမှုများကို အ ဓိက ကြိုးကိုင်ထောက်ပံ့သူ၊ ကြံ့ဖွတ် ဒုဥက္ကဋ္ဌ ခင်ရီနှင့် ချစ်နိုင် (စိတ်ပညာ) တို့ကို ဝန်ကြီးရာ ထူးများမှ မင်းအောင်လှိုင် ဖယ်ရှား

အမျိုးဘာသာသာသနာ လှုပ်ရှားမှုနှင့် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှုများတွင် အဓိက ကြိုးကိုင်ထောက်ပံ့ခဲ့သူ ကြံ့ဖွတ်ဒုဥက္ကဋ္ဌ လ၀ က ဝန်ကြီး ခင်ရီ နှင့် အမှတ် ၂ စစ်ကောင်စီရုံးဝန်ကြီး ချစ်နိုင် စိတ်ပညာတို့ကို မင်းအောင်လှိုင်က ယနေ့ ရာထူးမှ ဖယ်ရှားလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာစတင်သိမ်းရန် ကြိုးပမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးအဖြစ် မင်းအောင်လှိုင်က ခန့် အပ်ခဲ့သူ ချစ်နိုင်(စိတ်ပညာ) သည် စစ်ကောင်စီရုံး ၂ ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံခဲ့ရာမှ ယခုအခါ ဝန်ကြီးအဖြစ်မှ ဖြုတ်ပယ် ခံရခြင်းဖြစ် သည်။

အလားတူ အမျိုးဘာသာ သာသနာ မဘသ လှုပ်ရှားမှုများ၊ အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုများနှင့် NLD အစိုးရ ဖြုတ်ချရေး လှုပ် ရှားမှုများကို နောက်ကွယ်မှ ငွေကြေးပံ့ပိုးပြီး ထောက်ပံ့ ကြိုးကိုင်ခဲ့သူ ခင်ရီမှာလည်း လ၀က ဝန်ကြီးအဖြစ်မှ ဖြုတ်ချခံလိုက်ရပြီး ၎င်း၏ နေရာတွင် မြင့်ကြိုင်ကို ဝန်ကြီးအဖြစ် မင်းအောင်လှိုင်က အစားထိုးလိုက်သည်။

ခင်ရီသည် သန်းရွှေခေတ်တွင် ရဲချုပ်၊ ဗိုလ်မှူးချုပ်နှင့် သိန်းစိန်ခေတ်တွင်လည်း ဝန်ကြီးများ ရာထူးများ တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်သည် အာဏာသိမ်းရန် ကြိုးပမ်းသည့် ကာလ ၁၈ လကျော်အကြာတွင် စစ်ကောင်စီအုပ်ချုပ်ရေး အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ပြီး လူသစ်တချို့ပါလာခြင်း၊ ရှိရင်းစွဲလူများကို အပြောင်းအရွှေ့လုပ်ခြင်းများ ယနေ့ လုပ် ဆောင်နေသည်ကို တွေ့ရသည်။ khit thit

ယင်းမာပင်တွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် အိမ်ခြေ ၁၀၀၀ ခန့် ဆုံးရှုံး

ယင်းမာပင်မြို့နယ် ကပိုင်နဲ့ က/သီးကုန်းရွာတို့ကို စစ်ကောင်စီတပ်တွေက မနေ့ကနေ အခုအချိန်ထိ မီးရှို့နေတာကြောင့် အိမ်ခြေ ၁၀၀၀ လောက် ဆုံးရှုံးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ တပ်သား ၂၀၀ လောက်ဟာ မနေ့ညနေ ၃ နာရီလောက်မှာ ရောက်ရှိလာလို့ ရွာသားတွေအားလုံး ထွက်ပြေးခဲ့ကြရတာပါ။

“မနေ့က မိုးလေးကရွာတော့ သိပ်မလောင်ခဲ့ဘူး။ ဒီနေ့ လင်းကတည်းက စရှို့တာ။ ပြီးတော့ နေ့လယ်က ခဏနားတယ်။ ခု လောလော လတ် လတ်ကို ရှို့နေတာ” လို့ ကပိုင်ရွာ ဒေသခံတယောက်က ညနေ ၄ နာရီ အချိန်မှာ ဒီဗွီဘီကို ပြောပါတယ်။

ကပိုင်နဲ့ က/သီးကုန်းရွာတို့ဟာ နီးကပ်ဆက်စပ်နေတဲ့ ရွာတွေဖြစ်ပြီး အိမ်ခြေ ၁၇၀၀ လောက်ရှိတာမှာ အခုတော့ အိမ်ခြေ ၁၀၀၀ ကျော်လောက် မီးလောင်ပျက်စီးသွားပြီလို့လည်း သူက ခန့်မှန်းပါတယ်။

“မနေ့က သူတို့ရောက်လာပြီး လက်နက်ကြီးတွေနဲ့ပစ်တော့ လေးနေရာလောက် လောင်တယ်။ အိမ်နှစ်အိမ်ကိုလည်း မီးရှို့တယ်။ ဒီနေ့ ရှို့တာမှာတော့ တွေ့ရသလောက် ၆၀ ရာခိုင်နူန်းလောက် ကုန်ပြီ။ ဝင်လို့လည်းမရ။ ငြှိမ်းလို့လည်း မရဘူး။ ထိုင်ကြည့်နေရတယ်။” 

ရွာသားတွေဟာ အနီးအနား တောတောင်တွေထဲက သူတို့ရဲ့ လယ်တဲတွေမှာ တိမ်းရှောင်နေထိုင်ကြတာပါ။

ရွာက ဘုန်းကြီးပါမကျန် တိမ်းရှောင်နေတာဖြစ်ပြီး မပြေးလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတချို့ပဲ ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီကိုရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို လေကြောင်းကရော မြေပြင်မှာပါ ဒေသခံ အများအပြားကို သတ်ဖြတ်ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သူတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ DVB

မုံရွာတွင် Jammer ကားများဖြင့် မိုင်းလာရောက်ရှင်းလင်းသည့် စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂၂ ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းများကို လာရောက်ရှင်းလင်းသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရသည့် ဖြစ်စဉ် သုံးခုတွင် ၂၂ ဦး သေဆုံးခဲ့ကြောင်း South Monywa PDF ထံက သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့က မုံရွာမြို့နယ်၊ မုံရွာ – မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေ ရာတွင် တယ်လီဖုန်း လှိုင်းနှောက်စက် တပ်ဆင်ထားသည့် (Jammer) ကားများဖြင့် မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့ကြသည်။

“ မုံရွာ ချောင်းဦးလမ်းပေါ်မှာ မိုင်းတွေထောင်ထားတာကို တောပုကျေးရွာက ပျူတွေက အရင်ရက်တွေမှာ တွေ့သွားကြတယ်။ သူတို့က မဖော်ရဲတော့ စစ်ခွေး (စစ်ကောင်စီ တပ်ဖွဲ့ဝင်) တွေကိုထိုးကျွေးတာ။ အဲ့ဒီမှာ ဒီကောင်တွေက မုံရွာ နမခ ကနေ Jammer ကားနဲ့ ထွက်လာပြီး မအူဂိတ်ကနေ ခြေလျင်တွေရော ကားတွေနဲ့ ပါ မိုင်းရှင်းလင်းရေး လာလုပ်ကြတာ ” ဟု South Monywa PDF မှ တာဝန်ရှိသူ Daung Karyan က မဇ္ဈိမကို ပြောသည်။

မုံရွာ- ချောင်းဦး လမ်းပိုင်းပေါ်တွင် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် အတွက် နေရာတစ်နေရာလျှင် မိုင်းသုံးလုံးစီဖြင့် နေရာသုံးနေရာတွင် ကာကွယ်ရေးတပ်ဖွဲ့က စုစုပေါင်း မိုင်းကိုးလုံး တပ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းများကို စစ်ကောင်စီတပ်က ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ၃၀ မိနစ်ခန့်မှ စတင်၍ တယ်လီဖုန်း လှိုင်းနှောက်စက် တပ်ဆင်ထားသည့် (Jammer)ကား အကူအညီဖြင့် လာရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ကာကွယ်ရေး တပ်ဖွဲ့တပ်ဆင်ထားသည့် နေရာသုံးနေရာမှ မိုင်းများအားလုံးကို ဖြုတ်ယူနိုင်ခဲ့သော်လည်း သိမ်းဆည်း နေသည့်အချိန်မှ ဖောက်ခွဲလိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ထံကသိရသည်။

“ နေရာသုံးနေရာမှာ ထောင်ထားတဲ့ မိုင်းတွေကို ဒီကောင်တွေ ဖော်လိုက်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မိုင်းတွေက အထူးပြုလုပ်ထားတာဖြစ်လို့ Jammer လွတ်တယ်။ ပထမပွိုင့်မှာ ရှင်းလင်းပြီးတော့ လက်ထဲသယ်ပြီး ကားပေါ် သွားတင်တဲ့အချိန် လမ်းခုလတ်မှာ ထခွဲလိုက်တာ ငါးကောင်(စစ်ကောင်စီတပ်သား) သေတယ်။ ဒုတိယပွိုင့်မှာ သူတို့ ဂျန်ပါကား ပေါ်ရောက်မှ ခွဲတာမှာ ကားပါ ပျက်စီးခဲ့တယ်။ အဲ့ဒီမှာ ၁၂ ကောင် (စစ်ကောင်စီတပ်သား) သေတယ်။ တတိယပွိုင့်မှာ ခွဲတဲ့အချိန် ငါးကောင် (စစ်ကောင်စီတပ်သား) သေတယ်” ဟု PDF South Monywa တာဝန်ရှိသူ Daung Karyan က ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှု သုံးကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၂ ဦး ပွဲချင်းပြီး သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်သည့် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ၎င်းတို့ တပ်သားများ၏ အလောင်းများကို လူနာတင်ယာဉ်များဖြင့် ပြန်လည်တင်ဆောင်ကာ ကျန်ရှိခဲ့သည့် သွေးကွက်များ ကိုလည်း သဲများဖြင့် ဖုံးအုပ်သွား ခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ ထောင်ခဲ့တဲ့ မိုင်းတွေက Jammer လွတ်အောင် ထုတ်လုပ်ထားတာ။ မိုင်းပြုလုပ်ပုံ အခြေအနေကတော့ လုံခြုံရေးအရမို့ ပြောပြလို့ မဖြစ်နိုင်သေးပါဘူး။ နည်းပညာအသစ်တွေကို လေ့လာရင်း တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်အောင် စမ်းသပ်ပြီး အထူးပြုလုပ်ထားတဲ့ မိုင်းတွေ ဖြစ်တာကြောင့် Jammer ကားတွေကိုလည်း ဂရုစိုက်စရာ မလိုပါဘူးဗျ” ဟု Daung Karyan က ဆက်ပြောသည်။

နေရာသုံးနေရာတွင် တိုက်ခိုက်ခံရပြီးနောက် အကျအဆုံးများခဲ့သည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် ထပ်မံရောက်ရှိလာကာ အဆိုပါ လမ်းပိုင်းကို ဖြတ်သန်းခွင့်ပိတ်ပင်ထားခဲ့ပြီး အနီးပတ်ဝန်းကျင် ပတ်ပတ်လည်ကို ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန် အတွက် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုများကို People’s Defence Force South Monywa နှင့်အတူ Monywa Ranger Group / Truth Army၊ Black Hunter People’s Task Force နှင့် Anyar Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်းရှိ အဓိက လမ်းမကြီးများပေါ်တွင် ဖြတ်သန်းသွားလာ၍ တပ်အပြောင်းအရွေ့နှင့် ရိက္ခာသယ်ယူပို့ဆောင်ခြင်းများကို ပြုလုပ်နေပြီး ကာကွယ်ရေးတပ်ဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိသည်။

ထို့သို့ တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့နှင့် ဝေးရာတွင်နေထိုင်ကြရန်နှင့် သက်ဆိုင်ရာ နယ် မြေအလိုက် တော်လှန်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်ကို လိုက်နာပေးကြရန် ကာကွယ်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။ mizzima

တန့်ဆည်တွင် ယနေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၃ ဦးထက်မနည်းသေကာ ၁၆ ဦးဒဏ်ရာရ၊ Faw ကားများဖြင့် အလောင်းနှင့် လူနာသယ်သွား

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဝရငယ်မူးဘောင်တွင် စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ ယနေ့နံနက် ၈ နာရီခန့်က တိုက်ပွဲ၂ ကြိမ် ပြင်း ထန်စွာ ဖြစ်ပွားခဲ့ရာ စစ်သား၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရသည်။

တန့်ဆည်မြို့ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော ခမရ(၁၁၃)တပ်ရင်းကို တန့်ဆည်PDF တပ်ရင်း(၆)နှင့် တပ်ရင်း(၇)တို့က လက်နက် ကြီး၊ လက် နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDFသတင်းရင်း မြစ်ထံမှ သိရသည်။

“စစ်ခွေးတွေ ဝရငယ်ရွာကနေ မူးဘောင်ကိုအတက်မှာ ဖြစ်တာ၊ လက်နက်ငယ်တွေနှင့် လက်နက်ကြီး ၁၂လုံးပစ်တာ ရှေ့ကတက်လာတဲ့ ခွေးတွေ အပေါ်မြောက် တက်သွားတာပဲ၊ အတုံးအရုံးကိုလဲကျသွားတာ ၁၃ ဦး ထက်တော့မနည်းဘူး” ဟု PDFသတင်းရင်းမြစ်က ပြောသည်။

အထိနာသွားသော စစ်ကောင်စီတပ်သည် မွန်းလွဲ ၃နာရီခန့်အချိန် သေဆုံး၊ဒဏ်ရာရ စစ်သားများကို ခနုဆည်ရွာမှ တန့်ဆည်မြို့သို့ လယ်ကြားလမ်းများဖြတ်၍ သယ်ဆောင်လာခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

စစ်သားအလောင်းများကို ‌Fawကားကြီးတစ်စီးပေါ်တင်၍ တန့်ဆည်မြို့မရဲ စခန်းသို့ သယ်ဆောင်သွားခဲ့ပြီး ထိုမှတဆင့် သယ်ပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော မိတ္ထီလာအခြေစိုက် ခမရ ၁၁၃ တပ်ရင်းနှင့် တန့်ဆည်PDFတို့ ဩဂုတ်လ၁၅ရက်မှ ၁၉ရက်အထိ တိုက်ပွဲ၇ ကြိမ် ဖြစ်ခဲ့ပြီး စစ်သား၃၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ khit thit

ချောင်းဦးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက် ခိုက်ခံရပြီး ၁၁ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ သြဂုတ် ၁၈ ရက်နေ့ တရက်တည်း စစ်ကောင်စီတပ်ကို နှစ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ၁၁ ယောက်လောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

သြဂုတ် ၁၈ ရက် မနက်ပိုင်းက ချောင်းဦးမြို့တွင်း မုံရွာ-မန္တလေးကားလမ်းပေါ်မှာ ကားတွေကို တားပြီး ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၈ ယောက်အဖွဲ့ကို ချောင်းဦး PDF က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၆ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ချောင်းဦး PDF သတင်းပြန်ကြားရေးတာဝန်ရှိသူက “ချောင်းဦးမြို့ပေါ်မှာ ချောင်းဦးမြို့ထဲ ကားလမ်းမကြီးပေါ်မှာပဲ သူတို့ စစ်နေကျနေရာရှိတယ်။ အဲဒီနားလေးမှာလည်း စကစက တပ်စွဲထားတယ်။ အားကစားကွင်းကြီးရှိတယ် အဲ့နားလေးမှာ။ နောက် ဆည်မြောင်းရုံးတို့ ဘာတို့ရှိတယ်။ အဲ့ထဲမှာလည်း စကစက တပ်စွဲထားတယ်။ စကစ တပ်စွဲထားတဲ့ နားလေးမှာပဲ သူတို့ စစ်ဆေးရေးဂိတ်လုပ်ပြီး စစ်ကြတာပေါ့။ အဲဒီဂိတ်မှာ ကျနော်တို့ မိုင်းဆွဲလိုက်တာ” လို့ ပြောပါတယ်။

အဲဒီနောက် သြဂုတ် ၁၈ ရက် မနက်အစောပိုင်းက မုံရွာမြို့မှ ထွက်ခွာလာပြီး ခင်မွန်ကျေးရွာရှိ နမခဘက်စုံခြံကို ဝင်ရောက်နားခိုကာ အဲဒီနေ့ နေ့လယ်ပိုင်းမှာ ဘက်စုံခြံမှ တောင်ဘက် မုံရွာ-မန္တလေးကားလမ်း အနောက်ဘက် လယ်ကွင်းတွေအတိုင်း မိုင်းရှာထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ လောက်ကို ချောင်းဦး PDF က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၅ ယောက်လောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

“ဒုတိယတခုကကျတော့ မနေ့က မနက်အစောပိုင်းမှာ မုံရွာကနေပြီးတော့ စစ်ကားအကြီး ၂ စီး ပွိုင့်ကားအသေးတစီး၊ ၃ စီး အင်အားနဲ့ဆင်းလာတယ်။ ဆင်းလာပြီးတော့ ကျနော်တို့ ခင်မွန်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခရဲ့ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း ရှိတယ်။ အဲ့စခန်းမှာဝင်တယ်။ ဝင်ပြီး နားတယ်ပေါ့နော်။ အဲဒီကနေမှ မုံရွာ-မန္တလေး ကားလမ်းမကြီးဘေးမှာရှိတဲ့ လယ်ကွက်တွေပေါ့၊ အဲ့လယ်ကွက်တွေမှာ သူတို့ မိုင်းရှာတာပေါ့။ မိုင်းရှာတဲ့သူတွေကို ကျနော်တို့ မိုင်းဆွဲတာပေါ့။ အဲဒါက ခန့်မှန်းအင်အား ၅၀ လောက်ရှိမှာပေါ့။ ကျနော်တို့ဆွဲတော့ မျက်မြင်ဒေသခံ ပြောချက်အရတော့ ၅ ယောက်သေတယ်တဲ့။ ထိခိုက်တဲ့လူကတော့ များတယ်ပေါ့။ အဲဒီအုပ်ကြီးထဲမှာဆိုတော့ ဘယ်လောက်ထိခိုက်တယ် ဆိုတာကတော့ ကျနော်တို့ အတိအကျ မသိရဘူးပေါ့” လို့ CHUPDF သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ မုံရွာ-မန္တလေး ကားလမ်းမကြီးမှာ စစ်ကောင်စီယာဉ်တန်းတွေ သွားလာဖို့ရှိပါက မိုင်းရှင်းလေ့ရှိတယ်လို့ သိရပါတယ်။

“မိုင်းရှင်းတဲ့ကောင်တွေကလေ စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို သူတို့ လာစရာရှိတာပေါ့နော်။ သူတို့ မနေ့ကညပိုင်းမှာ ဆီဘောက်ဆာကားတွေ သွားတယ်။ ဆီဘောက်ဆာကား ၇ စီးနဲ့ Express ၁ စီးနဲ့သွားတယ်။ အဲဒါ နမခထဲ ဝင်သွားတယ်။ အဲလို သူတို့ယာဉ်တန်းတွေ အဲဒီလမ်းကိုသုံးဖို့ရှိရင် သူတို့ အမြဲတမ်း မိုင်းရှင်းလေ့ရှင်းထရှိတယ်။ အခု မနေ့ကကောင်တွေကလည်း သူတို့ယာဉ်တန်းတွေ သုံးဖို့အတွက် သူတို့လာရှင်းတာ။ လာရှင်းတဲ့အဖွဲ့ကိုပဲ မိုင်းပြန်ဆွဲလွှတ်လိုက်တာ။”

အဆိုပါတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-ချောင်းဦးမြို့နယ် (ပကဖ) ရဲ့ ဦးဆောင်မှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ DVB

« Older Entries