ချောင်းဦးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက် ခိုက်ခံရပြီး ၁၁ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ သြဂုတ် ၁၈ ရက်နေ့ တရက်တည်း စစ်ကောင်စီတပ်ကို နှစ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ၁၁ ယောက်လောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
သြဂုတ် ၁၈ ရက် မနက်ပိုင်းက ချောင်းဦးမြို့တွင်း မုံရွာ-မန္တလေးကားလမ်းပေါ်မှာ ကားတွေကို တားပြီး ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၈ ယောက်အဖွဲ့ကို ချောင်းဦး PDF က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၆ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ချောင်းဦး PDF သတင်းပြန်ကြားရေးတာဝန်ရှိသူက “ချောင်းဦးမြို့ပေါ်မှာ ချောင်းဦးမြို့ထဲ ကားလမ်းမကြီးပေါ်မှာပဲ သူတို့ စစ်နေကျနေရာရှိတယ်။ အဲဒီနားလေးမှာလည်း စကစက တပ်စွဲထားတယ်။ အားကစားကွင်းကြီးရှိတယ် အဲ့နားလေးမှာ။ နောက် ဆည်မြောင်းရုံးတို့ ဘာတို့ရှိတယ်။ အဲ့ထဲမှာလည်း စကစက တပ်စွဲထားတယ်။ စကစ တပ်စွဲထားတဲ့ နားလေးမှာပဲ သူတို့ စစ်ဆေးရေးဂိတ်လုပ်ပြီး စစ်ကြတာပေါ့။ အဲဒီဂိတ်မှာ ကျနော်တို့ မိုင်းဆွဲလိုက်တာ” လို့ ပြောပါတယ်။
အဲဒီနောက် သြဂုတ် ၁၈ ရက် မနက်အစောပိုင်းက မုံရွာမြို့မှ ထွက်ခွာလာပြီး ခင်မွန်ကျေးရွာရှိ နမခဘက်စုံခြံကို ဝင်ရောက်နားခိုကာ အဲဒီနေ့ နေ့လယ်ပိုင်းမှာ ဘက်စုံခြံမှ တောင်ဘက် မုံရွာ-မန္တလေးကားလမ်း အနောက်ဘက် လယ်ကွင်းတွေအတိုင်း မိုင်းရှာထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ လောက်ကို ချောင်းဦး PDF က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၅ ယောက်လောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
“ဒုတိယတခုကကျတော့ မနေ့က မနက်အစောပိုင်းမှာ မုံရွာကနေပြီးတော့ စစ်ကားအကြီး ၂ စီး ပွိုင့်ကားအသေးတစီး၊ ၃ စီး အင်အားနဲ့ဆင်းလာတယ်။ ဆင်းလာပြီးတော့ ကျနော်တို့ ခင်မွန်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခရဲ့ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း ရှိတယ်။ အဲ့စခန်းမှာဝင်တယ်။ ဝင်ပြီး နားတယ်ပေါ့နော်။ အဲဒီကနေမှ မုံရွာ-မန္တလေး ကားလမ်းမကြီးဘေးမှာရှိတဲ့ လယ်ကွက်တွေပေါ့၊ အဲ့လယ်ကွက်တွေမှာ သူတို့ မိုင်းရှာတာပေါ့။ မိုင်းရှာတဲ့သူတွေကို ကျနော်တို့ မိုင်းဆွဲတာပေါ့။ အဲဒါက ခန့်မှန်းအင်အား ၅၀ လောက်ရှိမှာပေါ့။ ကျနော်တို့ဆွဲတော့ မျက်မြင်ဒေသခံ ပြောချက်အရတော့ ၅ ယောက်သေတယ်တဲ့။ ထိခိုက်တဲ့လူကတော့ များတယ်ပေါ့။ အဲဒီအုပ်ကြီးထဲမှာဆိုတော့ ဘယ်လောက်ထိခိုက်တယ် ဆိုတာကတော့ ကျနော်တို့ အတိအကျ မသိရဘူးပေါ့” လို့ CHUPDF သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ မုံရွာ-မန္တလေး ကားလမ်းမကြီးမှာ စစ်ကောင်စီယာဉ်တန်းတွေ သွားလာဖို့ရှိပါက မိုင်းရှင်းလေ့ရှိတယ်လို့ သိရပါတယ်။
“မိုင်းရှင်းတဲ့ကောင်တွေကလေ စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို သူတို့ လာစရာရှိတာပေါ့နော်။ သူတို့ မနေ့ကညပိုင်းမှာ ဆီဘောက်ဆာကားတွေ သွားတယ်။ ဆီဘောက်ဆာကား ၇ စီးနဲ့ Express ၁ စီးနဲ့သွားတယ်။ အဲဒါ နမခထဲ ဝင်သွားတယ်။ အဲလို သူတို့ယာဉ်တန်းတွေ အဲဒီလမ်းကိုသုံးဖို့ရှိရင် သူတို့ အမြဲတမ်း မိုင်းရှင်းလေ့ရှင်းထရှိတယ်။ အခု မနေ့ကကောင်တွေကလည်း သူတို့ယာဉ်တန်းတွေ သုံးဖို့အတွက် သူတို့လာရှင်းတာ။ လာရှင်းတဲ့အဖွဲ့ကိုပဲ မိုင်းပြန်ဆွဲလွှတ်လိုက်တာ။”
အဆိုပါတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-ချောင်းဦးမြို့နယ် (ပကဖ) ရဲ့ ဦးဆောင်မှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ DVB