ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပရဟိတ အသင်းတစ်ခုဖြစ်သည့် မေတ္တာရောင်ခြည်မှ လူငယ်များကို ခွင့်ပြုချက်မရရှိဘဲ အလှူငွေကောက်ခံခြင်းမလုပ်ရန် စစ်ကောင်စီလက်အောက်ခံရဲက ခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ ဘီးလူးမတံတားအနီး လမ်းမထက်မှ နေ၍ အလှူငွေကောက်ခံနေသည့် လူငယ် ၂၀ကျော်ကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းကို ခေါ်ယူခဲ့ခြင်းဖြစ်ကာ နောက်ထပ် အလှူငွေမကောက်ခံရန် ခြိမ်းခြောက်ပြောဆို၍ လက်မှတ်ထိုးခိုင်းခဲ့ကြောင်း မေတ္တာရောင်ခြည်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဘီလူးမ တံတားနားက ပိတ်ရပ်ပြီးတော့ စခန်းကို လိုက်ခဲ့ဖို့ခေါ်တယ်။ ရဲဝတ်စုံနဲ့က လေးယောက်၊ အရပ်ဝတ်နဲ့ သုံးယောက်ပါတယ်။ ကြည့်ရတာ ကျနော်တို့ကို နောက်က စောင့်ကြည့်နေတယ်လို့ ထင်တာပဲ။ ကျနော်တို့ကို ဖမ်းပြီးတော့ နောက်ထပ် အလှူထပ်မခံဖို့ ပြောတယ်။ နောက်တစ်ခေါက်အလှူခံရင် ကားတွေကိုလည်း သိမ်းမယ်လို့ပြောတယ်။ အခုတော့ ကျနော်တို့ကို လက်မှတ်ထိုးခိုင်းပြီးတော့ ပြန်လွှတ်လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် အရေးပေါ် အကူအညီလိုအပ်နေသည့် စစ်ဘေးရှောင်များကို ကူညီရန်အတွက် အရေးပေါ် အလှူငွေ ကောက်ခံခြင်းကို ယခုကဲ့သို့ ရဲစခန်းမှ ဖမ်းဆီး၊ သတိပေးခြင်းမှာ မဖြစ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျနော်တို့ကို အားကိုးနေတဲ့ စစ်ဘေးရှောင်တွေကလည်း ရှိနေတော့ တစ်ခုမဟုတ် တစ်ခုကတော့ ကျနော်တို့ လုပ်ရမှာပါပဲ၊ အခု ဘူးသီးတောင်ဖက်က အရေးပေါ် ဆန်တွေ၊ စားနပ်ရိက္ခာတွေ အကူညီတောင်းနေတာရှိတယ်။ ကျနော်တို့လည်း သွားဖို့လုပ်နေတာတွေရှိတယ်။ ခုလိုအရေးပေါ် အကူညီတောင်းနေတဲ့အချိန်မှာ စာတင်ရမယ့်ဟာတွေ စာကျလာမယ့်ဟာတွေကို ကျနော်တို့ စောင့်နေဖို့ အချိန်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ရသေ့တောင်၊ပလက်ဝ၊ မောင်တောဖက်မှ စစ်ဘေးရှောင်လာသူများမှာ စစ်ကောင်စီထံမှ အကူညီမရရှိသည့်အတွက် ပရဟိတ အသင်းများထံမှ အကူညီတောင်းခံလာသည့်အတွက် အလှူငွေကောက်ခံကာ စစ်ဘေးရှောင်များကို ကူညီနေခြင်းဖြစ်ကြောင်း သိရသည်။
မေတ္တာရောင်ခြည်အသင်းအနေဖြင့် စစ်ကောင်စီထံသို့ စာတင်ရသည်မှာ အချိန်ကြန့်ကြာနေမည်ဖြစ်သည့်အတွက် အရေးပေါ်စစ်ဘေးရှောင်များအတွက် အလှူခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ယင်းတာဝန်ရှိသူက “ကျနော်တို့က ကိုယ်ကျိုးကိုစွန့်ပြီး ပရဟိတလုပ်နေကြတဲ့လူတွေကိုမှ လာပြီးတော့ မျက်စိကျတာမျိုးက လုံးဝမဖြစ်သင့်ဘူး။ နောက်ပြီး အခုက လူနာတင်ကားတွေကိုပါ လိုက်ပြီးတော့ သိမ်းမယ်ဆိုတာက ကျနော်တို့ ကားတွေအတွက် မနည်းလုပ် ဆောင်ထားရတာ။သူတို့က အဲဒါကို သိမ်းမယ်ပြောတော့ ကျနော်တို့က ဒေါသ တအားဖြစ်တယ်။ စစ်တွေမြို့က ဒုစရိုက်မှုတွေကို တစ်ခုမှ မလုပ်ဘဲ ပရဟိတ လုပ်နေတဲ့လူတွေကို မျက်စိကျတာ မဖြစ်သင့်ဘူး၊ သူတို့အတွက်လည်း တစ်ခုမှ ထိခိုက်နစ်နာတာမရှိဘူး။ အခုလို အဖျက်လုပ်တာကို စိတ်မကောင်းလည်းဖြစ်တယ်၊ ဒေါသလည်းထွက်တယ် ”ဟု ဆိုသည်။
သို့သော် မေတ္တာရောင်ခြည်အသင်းအနေဖြင့် ဆက်လက်ပြီး စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရသည့် စစ်ဘေးရှောင်များအတွက် online မှတစ်ဆင့် အလှူငွေကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ ပလက်ဝ၊ မောင်တော၊ ရသေ့တောင်စသည့် မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင်များ တိုးလာနေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်ခဲ့သည့် စစ်ဘေးရှောင်ဦးရေ ၄၀,၀၀၀ ကျာ် ကျန်ရှိနေခြင်းဖြစ်ကာ လက်ရှိ ၂၀၂၂ခုနှစ်၊ မေလမှ စတင်ကာ ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၄,၀၀၀ ကျော်ခန့် တိုးလာနေပြီး လက်ရှိတွင်စစ်ဘေးရှောင် ၅၀,၀၀၀ ခန့်အထိရှိနိုင်ကြောင်း သိရသည်။ mizzima
Like this:
Like Loading...