စစ်ကောင်စီတပ်က ရေးမြို့ဒေသခံအချို့အား မသင်္ကာမှုဖြင့် ရိုက်နှက်စစ်ဆေးနေ

မွန်ပြည်နယ် ရေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တချို့တွေမှာ အခုရက်ပိုင်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ဒေသခံတချို့အား မ သင်္ကာမှုနဲ့ ခေါ်ယူရိုက်နှက် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ညဘက်ဆိုပေမဲ့ အလုပ်က ပြန်လာတာ နောက်ကျတယ်။ လမ်းမှာ စစ်ကောင်စီတပ် ရဲ့လှည့်ကင်းသမားတွေနဲ့ဆုံရင် ညက ၇ နာရီကျော်ပဲ ရှိသေးတယ်၊ ဒါလည်း မသင်္ကာရင် စစ်တယ် ရိုက်တယ်။ အခုချိန်မှာ ဘယ်သူ့ကို ကြောက်ရမှန်းမသိ၊ ၀မ်းစာရေးကလည်းရှိတော့ ဒါကို နားမလည်နိုင်ကြဘူး” လို့ ဒေသခံတားက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ အဓိက ရေး -ချောင်းတောင်မြစ်ကူးတံတားလုံခြုံရေး ကင်းစခန်းနဲ့ အနီးနားနေရာတွေဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေ သာမန်လက်လုပ်လက်စားတွေ နေထိုင်တဲ့ အရပ်ဒေသဘက်တွေမှာ ပိုမိုလုံခြုံရေး တင်းကျပ်ပြီး အခုလို ပြုလုပ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ PDF တွေရဲ့ မကြာခဏ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်တာ ခံရလေ့ရှိတာကြောင့် ည ၇ နာရီကျော်တာနဲ့ အရင်ကထက်လုံခြုံရေး တင်းကျပ်ထားတာကြောင့် ဘယ်သူမှ နေအိမ်အပြင်ဘက်တွေ မသွားရဲမလာရဲကြဘူး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြို့နယ်မှာ ညမထွက်ရ အမိန့်ကို ည ၈ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားပြီး ဌာနဆိုင်ရာ ရုံးရှိတဲ့ လမ်းနေရာတွေမှာ ကင်းစခန်းတွေထားရှိကာ ဆိုင်ကယ်စီးနင်းပါက အမျိုးသား ၂ ဦး မစီးရ၊ မလိုက်နာသူတွေကို ရာဇေသတ်ကြီး ပုဒ်မ ၁၈၈ အရ အရေးယူသွားမယ်လို့ စစ်ကောင်စီက ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါတယ်။ DVB