စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း မှူး အပြောင်းအလဲပြုလုပ်

စစ်ကောင်စီသည် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြသက်ဦးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံက သိရသည်။
ဗိုလ်ချုပ်မြတ်သက်ဦးသည် စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဖြစ်လာခဲ့သူဖြစ်ပြီး စစ်ကောင်စီ၏ မြောက်ပိုင်းစစ်မျက်နှာကို အဓိကတာဝန်ခံရသူဖြစ်သည်။
သို့သော်လည်း မြောက်ပိုင်းစစ်မျက်နှာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ထိခိုက်ကျရှုံးမှုများပြားခဲ့သည်။
ထို့ပြင် စစ်ကောင်စီ၏ထောက်ပို့ရေးလမ်းကြောင်း၊ နယ်မြေခံတပ်ရင်းများအပါအဝင် စစ်သင်တန်းကျောင်းများနှင့် မြစ်ကြီးနားလေတပ်ဌာနချုပ်တို့မကြာခဏ ပစ်ခတ်တိုက်ခိုက် ခံရသည့်အတွက် ယခုကဲ့သို့ စစ်တိုင်းမှူး အပြောင်းအလဲပြု လုပ်ရခြင်း ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ဆိုသည်။
ယခုအခါ လစ်လပ်သွားသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် စစ်ဆင်ရေးများ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အား ပြောင်းလဲခန့်အပ် တာဝန်ပေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ယူမည့် ဗိုလ်ချုပ်မြတ်သက်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ( ၃၈ ) ကျောင်းဆင်း ကိုယ်ပိုင်အမှတ် ကြည်း – ၂၀၂၇၈ ဖြစ်ပြီး တပ်မ (၇၇) တပ်မမှူး တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
လက်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ် လာခဲ့သူ ဗိုလ်ချုပ်ကိုကိုမောင်သည် ယခင်က သိန္နီအခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ဗိုလ်မှူးချုပ်အဆင့်မှ ၂၀၂၀ မတ်လတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဗိုလ်ချုပ် ရာထူးကို အချိန်တိုအတွင်း ရရှိခဲ့သူ ဖြစ်သည်။
ဗိုလ်ချုပ်ကိုကိုမောင်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တည်ရှိနေချိန်တွင် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်များ၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှစ်ခု၏ ဥက္ကဋ္ဌ တာဝန်များကိုလည်း ယူခဲ့သူဖြစ်သည်။
ဗိုလ်ချုပ်ကိုကိုမောင်တာဝန်ယူခဲ့ရသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး လက်အောက်တွင် အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ်နှင့် အ မှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် နှစ်ခုအပြင် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နှင့် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် နှစ် ခုလည်း ရှိသည်။
လက်ရှိအချိန်တွင် တပ်မ (၂၂) နှင့် တပ်မ (၄၄) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များကို ကရင်နှင့် မွန်အပြင် အနောက်မြောက်စစ်ဒေသများသို့ စေ လွတ်ထားပြီး အဆိုပါ တပ်ရင်း တပ်ဖွဲ့များသည် ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုအောက်တွင် လွန်စွာ အထိနာ၍ ကျရှုံးလျက်ရှိနေသည်။ mizzima