Monthly Archives: Aug 2022

ဓာတ်ဆီများကို ပုံးလိုက် ဝယ်ထားသူများက ၁ လီတာလျှင် ၁၀,၀၀၀ ကျပ်ဖြင့် ပြန်ရောင်း

ရှမ်းပြည်​မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ် ၊ မူဆယ်မြို့နယ်တွင် ဓာတ်ဆီများကို ပုံးဖြင့် ဝယ်ယူထားသူအချို့က တစ်လီတာလျှင် ၁၀,၀၀၀ ကျပ် ဖြင့် လမ်းမကြီးဘေး၌ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်မှ စတင်ကာ မူဆယ်မြို့တွင် ဓာတ်ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချနေပြီး အချို့က ပုံးဖြင့်ဝယ်ယူထားကြခြင်း ဖြစ်သည်။

မူဆယ်မြို့ခံတစ်ဦးက “အဲ့အချိန်တုန်းက ဓာတ်ဆီဝယ်ရင် ပေပါနဲ့ မရောင်းတော့ဘူးလို့ ဆိုင်ကပြောကတည်းက ဆီပြတ်တော့မယ်ဆိုတာ သိနေပြီ။ လူတိုင်းက ပုံးအဝါနဲ့ သွားဝယ်ထားကြတယ်။ အခုက ဆီတွေ လုံးဝပြတ်တော့ လမ်းမှာ စျေးကြီးကြီးနဲ့ ပြန်ရောင်းနေကြတာ” ဟု ပြော သည်။

လက်ရှိတွင် မူဆယ်မြို့မှ ဓာတ်ဆီဆိုင်များ၌ ဓာတ်ဆီ ရောင်းချပေးနေသော်လည်း အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချနေပြီး ဆီဖြည့်မည့် ယာဥ်များကလည်း နေ့စဥ်တန်းစီနေရဆဲဟု မြို့ခံများက ​ဆိုသည်။

နောက်ထပ် မြို့ခံတစ်ဦးကလည်း “ဓာတ်ဆီကို မလိုအပ်ဘဲ အများကြီး စုဝယ်ထားပြီး သူများဆီ စျေးကြီးကြီးနဲ့ ပြန်ရောင်းတာ အဲဒါမကောင်းပါဘူး။ တကယ် ဒုက္ခရောက်နေပြီး အရေးပေါ် လိုအပ်နေတဲ့သူတွေအတွက်က ဆီတွေ မရှိတော့ဘူး။ ပြီးတော့ ဒီအချိန်မှာ လူတိုင်းက အခက်အ ခဲ ရှိကြတယ်။ စျေးကြီးကြီးနဲ့ ပြန်ရောင်းနေတာ လုံးဝ မဖြစ်သင့်ဘူး” ဟု ပြောသည်။

မူဆယ်အပြင် နမ့်ခမ်းမြို့နယ်တွင်လည်း နှစ်ပတ်ကြာ ဓာတ်ဆီ ပြတ်လပ်ပြီးနောက် ယနေ့တွင် အောင်သပြေ ဆီဆိုင်၌ ပြန်လည်ရောင်းချပေးနေပြီး တစ်လီတာလျှင် ၄,၈၀၀ကျပ်ဖြင့် ဝယ်ယူခဲ့ရကာ ကျန်သည့် မောင်နွေလ၊ ယုံလီ စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီပြတ်လပ်နေဆဲဟု နမ့်ခမ်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ mizzima

မောင်တောတွင် စာအုန်းဆီဈေး အဆမတန် မြင့်တက်

ရခိုင်ပြည်နယ် မောင်တောမြို့မှာ စားအုန်းဆီကို လှောင်ထားတဲ့ စီးပွားရေးသမားတချို့ ရှိနေတာကြောင့် ဈေးအဆင်မတန် မြင့်နေတယ်လို့ ကုန်စုံဆိုင်ရှင်တွေက ပြောပါတယ်။

လက်ရှိ မောင်တောမြို့မှာ စားအုန်းဆီကို ရန်ကုန်က တိုက်ရိုက်ချိတ်ဆက်မှာယူ တင်သွင်းနေတဲ့ စီးပွားရေးသမား ၄ ယောက်ရှိပြီး သူတို့ကတဆင့် လက်လီသမားတွေဆီ ပြန်ဖြန့်နေတာလို့ မောင်တောမြို့က မီးဖိုချောင် သုံးကုန်ရောင်းချနေသူ မြို့ခံဈေးသည်တဦးက ပြောပါတယ်။

အဲဒီဈေးသည်က “သူတို့က ရောင်းချင်ရင် ရောင်းမယ်။ မရောင်းချင် မရောင်းဘူး။ တဆင့် ပြန်ရောင်းတဲ့ ဆိုင်ရှင်က ဘူး ၂၀  ဝယ်မယ်ဆိုလည်း မရောင်းဘူး။ ၅ ဘူးပဲ ရောင်းတယ်။ စျေးတက်လာအောင်ကို တမင်လုပ်နေတာ”လို့ သူ့အမြင်ကို ပြောပါတယ်။ 

အခု မောင်တောမြို့မှာ စားအုန်းဆီ ဆယ်ပိဿာ ၁ ဘူးကို ကျပ် ၁၃၄၀၀၀ ဈေးရှိနေပြီး လွန်ခဲ့သည့်နှစ်က စားအုန်းဆီ ဆယ်ပိဿာ ၁ ဘူးကို ၁၇၀၀၀ ကျပ်သာ ရှိတယ်လို့ လက်လီ စျေးဆိုင်တွေက ပြောပါတယ်။

ရန်ကုန်မှ စားအုန်ဆီ တိုက်ရိုက်တွင်သွင်းနေသူ တဦးက “ကျနော်တို့ ရန်ကုန်က ဝယ်ရတာလည်း ခွဲတမ်းနဲ့ ဝယ်ရတာပါ။ ဝယ်ချင်သလောက် ဝယ်မရပါဘူး။ ဒီမှာလည်း တနေ့တည်း အကုန်လုံး ထုတ်ရောင်းလို့ မဖြစ်ဘူးလေ။ ဆီကို စျေးတင်ပြီး ရောင်းချင်လို့ မဟုတ်ဘူး။ ရန်ကုန်က စိတ်ကြိုက်ဝယ်လို့ ရရင် ဒီကလည်း စိတ်ကြိုက်ရောင်းလို့ ရတယ်။ အခုက ရန်ကုန်ကို ဆီသင်္ဘော တစီး ဝင်လာရင် ခွဲတမ်းနဲ့ရတာ။ ဆီးစျေးတက်တာ ဒေါ်လာစျေးနဲ့လည်း ဆိုင်တယ်”လို့ ပြောပါတယ်။

လက်လီရောင်းနေတဲ့ ဆိုင်ရှင်တဦးက “ကျနော်တို့ မြတ်ရင် ဆီ ၁ ဘူးက ငွေ ၁ ထောင်ပဲ မြတ်တာ ပါ။ ဂုံတင်(ကုန်လှောင်ရုံ)မှာ လောင်ထားတဲ့ စားအုန်း ဆီကုန်သည်တွေက အမြတ်ကြီး မြတ်သွား ကြတာ။ ခံရတာက စားသုံးသူတွေပါ။ အဲဒါကို ဒေသအာဏာပိုင်တွေက စစ်ဆေးအရေး ယူဖို့ လိုတယ်” လို ပြောပါတယ်။

ဩဂုတ် ၂၁ ရက်မှာတော့ မောင်တောကို ရန်ကုန်က စားအုန်းဆီ ဆယ်ပိဿာဝင် ဘူး ၂၀၀ ဝင်လာတာရှိပြီး ကုန်လှောင်ရုံတွေဆီ ရောက်နေပြီလို့ လက်လီဈေးသည်တချို့ဆီက စုံစမ်း သိရပါတယ်။ 

ပြည်တွင်းမှာတော့ စားအုန်းဆီ ထုတ်လုပ်နိုင်မှုဟာ တန်ချိန် ၄ သိန်းလောက်သာ ရှိပြီး နှစ်စဉ် တန်ချိန် ၆ သိန်း မှ ၇သိန်းကို မလေးရှာနဲ့ အင်ဒိုနီးရှားမှ အဓိက တင်သွင်းနေရပြီး ဒီလို တင်သွင်းတာကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ နီးစပ်တဲ့ခရိုနီတချို့က လုပ်ကိုင်နေတာလို့ သိရ ပါတယ်။  DVB

အာဆီယံ-ရုရှ လုံခြုံရေးဆိုင်ရာ အစည်းအဝေးသို့ မြန်မာအကြမ်းဖက် စစ်ကောင်စီကို ဖိတ် ကြား

အာဆီယံအဖွဲ့ကြီးရဲ့ လက်ရှိဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ရုရှားနဲ့ တွေ့ဆုံဆွေးနွေးမဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်ရဲ့ တရားမဝင် စစ်ကောင်စီကို ဖိတ်ကြားလိုက်ပါတယ်။

အာဆီယံအဖွဲ့ကိုယ်စား ဖိတ်ကြားလိုက်တဲ့ ဒီအစည်းအဝေးကို လာမဲ့ သြဂုတ် ၂၂ ရက် တနင်္လာနေ့မှာ ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပမယ်လို့လည်း ပေါက်ကြားလာတဲ့ ဖိတ်စာပါအချက်အလက်တွေအရ သိရပါတယ်။

ပေါက်ကြားလာတဲ့ ဖိတ်စာတွေထဲမှာတော့ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ဟွန်မန်နစ်က က မ္ဘောဒီးယားကို ကိုယ်စားပြုပြီး အစည်းအဝေးတက်ရောက်မှာ ဖြစ်သလို၊ ရုရှားလုံခြုံရေးကောင်စီမှ Nikolai Patrushev ကလည်း ရုရှနိုင်ငံကို ကိုယ်စားပြုပြီး တက်မယ်မယ်ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။ မြန်မာဘက်ကတော့ ဘယ်သူတက်မယ်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။

ဒီအစည်းအဝေးဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ အဟန့်အတား မရှိပဲ အရှိန်မပြတ် ဆက်လက်လုပ်ဆောင်နေနိုင်တယ် ဆိုတာကို ပြသရာရောက်ပြီး၊ စစ်ကောင်စီကို ရုရှားနဲ့ ပိုမိုထိတွေ့ဆက်ဆံနိုင်အောင် ဖိုရမ်တစ်ခုသဖွယ် ပံ့ပိုးဖန်တီးပေးရာလည်း ရောက်နေပါတယ်။ လက်ရှိမှာလည်း မြန်မာအကြမ်းဖက်စစ်ကောင်စီနဲ့ ရုရှား နှစ်နိုင်ငံစလုံးဟာ အ ကြမ်း ဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးရဲ့ ကျွမ်းကျင်သူများ အလုပ်အဖွဲ့ ပူးတွဲဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။

မြန်မာအကြမ်းဖက် စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဂရုမစိုက် အကောင်အထည် မဖော်တဲ့အပြင်၊ အခုလို အာဆီယံ လုံခြုံရေးဆိုင်ရာ အစည်းအဝေးများကို အသုံးချပြီး သူတို့ရဲ့ တရားဝင်မှုကို ရရှိဖို့ ကြိုးပမ်းလေ့ရှိပြီး၊ NUG နဲ့ NUCC တအပါအဝင် ပြည်တွင်းအတိုက်အခံ အဖွဲ့တွေကိုလည်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် နိုင်ငံတကာမှာ ပုံဖော်ဖို့ ကြိုးပမ်းလေ့ ရှိတာတွေ့ရပါတယ်။

ဒါပေမဲ့ အာဆီယံဟာ ထိပ်သီးအစည်းအဝေးတချို့မှအပ မြန်မာစစ်ကောင်စီနဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပံ့ပိုးမှုတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါကို အရပ်ဘက် လူမှုအဖွဲ့အစည်းများကလည်း အပြင်းအထန် ရှုတ်ချကြပါတယ်။

အထူးသဖြင့် အာဆီယံရဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့ ခေါင်းစဥ်နဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်း ကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ကြံရာပါအနေနဲ့ အားပေးကူညီရာ ရောက်နေတယ်လို့ တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice For Myanmar က မကြာခဏ ထုတ်ပြန်ပြောကြားလေ့ ရှိပါတယ်။ khit thit

မြောက်ဥက္ကလာပမြို့နယ်ရှိ ရာအိမ်မှူးကို STA မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်ရှိ ရာအိမ်မှူးအား ပစ်ခတ်ရှင်းလင်းမှုကို မိမိတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အထူးတာဝန်လုပ်ငန်းအဖွဲ့ (STA) တာဝန်ရှိသူထံက သိရသည်။

ရာအိမ်မှူး ဦးသောင်းဒန်သည် စစ်ကောင်စီလက်အောက်ခံ ရဲပြုတ်တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်သတင်းပေးအဖြစ် လုပ်ဆောင်နေသည့်အ တွက် ယမန်နေ့ သြဂုတ်လ ၂၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ သုမာလာ (၈) လမ်းတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

“ ရှင်းလင်းခဲ့တဲ့ မှတ်တမ်းတော့ မရခဲ့ပါဘူး။ ကျွန်တော်တို့လည်း ပြေးရလွှားရလို့ပါ။ သူက ရဲရာထူးက ပြုတ်ထားတဲ့ သူတစ်ဦးလည်း ဖြစ်တယ်။ ရပ်ကွက်ထဲမှာလည်း အကြမ်းဖက်စစ်ကောင်စီသတင်းပေးအဖြစ် လုပ်ဆောင်နေလို့ ပစ်ခတ်ရှင်းလင်း လိုက်ရတာပါ” ဟု STA အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့သည် ရာအိမ်မှူးဦးသောင်းဒန်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့ စက်ဘီးစီး၍ ဈေးမှပြန်လာစဉ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဇနီးဖြစ်သူတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

STA အဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး အတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပြန်လည်ခုခံခဲ့သည့် လက်ထောက် မြို့နယ်မှူးကိုရှင်းလင်းခဲ့ပြီး အဓိက ပစ်မှတ်ဖြစ်သည့် မြို့နယ်မှူးမှာမူ သေနတ် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရသည်။

“ဒဏ်ရာနဲ့ ဆေးရုံတင်ထားရတဲ့ လဝက မြို့နယ်မှူးကိုတော့ စစ်တပ်က သတင်း ဖျောက်ထားတယ်။ ကျွန်တော်တို့ ထင်တာတော့ လျောသွား (သေသွား)လောက်ပြီ။ သူတို့ဘက်က အရေးပါအရာရောက်တဲ့သူ သေတာမျိုးဆိုရင် စစ်တပ်က သတင်းမထုတ်ဘဲ ဖုံးကွယ် ထားတာမျိုးရှိတယ်။ စစ်ဆေးရုံမှာ ဆေးကုနေတာဆိုတော့ သတင်းက တော်တော် ပျောက်သွားတယ်” ဟု STA တာဝန်ရှိသူက ပြောသည်။

STA အဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ စစ်တပ်နှင့် ပတ်သက် ဆက်နွှယ်နေသည့် စီးပွါးရေးလုပ်ငန်းများ၊ စစ်ကောင်စီတပ် ဒေါက်တိုင်အဖြစ်လုပ်ဆောင်ကာ ပြည်သူများအပေါ် ဖိနှိပ်နေသူများကို အဓိက ပစ်မှတ်အဖြစ်ထားရှိကာ ရှင်းလင်းမှုများ လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။

အထူးတာဝန်လုပ်ငန်းအဖွဲ့(STA) အနေဖြင့် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိဘဲ မိမိအသိစိတ်ဓာတ်ဖြင့်သာ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရေးတွင် ပါဝင်လာခြင်းဖြစ်သည်။ တိုင်းပြည်၏ အချုပ်အခြာအာဏာ ကို ပြည်သူ့လက်ထဲ ပြန်လည်အပ်နှံနိုင်သည်အထိ မဆုတ်မနစ်တိုက်ပွဲဝင်သွားမည် ဟု ပြည်သူများကို အသိပေးထားသည်။

အထူးတာဝန်လုပ်ငန်းအဖွဲ့ (Special Task Agency Of Burma – STA) သည် စစ်အာဏာရှင်အား အပြီးသတ်ချေမှုန်းရန် အဆုံးသတ်တိုက်ပွဲဆင်နွှဲနေသည့် မြို့ပြ စစ်သည်တော်များ အဖွဲ့ဖြစ်သည်ဟု ဆိုသည်။ mizzima

စစ်တပ် ထိုးစစ်ကြောင့် ဂန့်ဂေါဒေသခံ ၁၀၀၀ ကျော် ထွက်ပြေး

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မြစ်သာဆည်ပေါ် တပ်စွဲနေတဲ့ စစ်တပ်ဟာ ဩဂုတ် ၂၁ ရက်မှာ ရွာ ၄ ရွာကို ထိုးစစ် ဆင်လာတာကြောင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

စံပါယ်ရွာ၊ ပနန်းရွာနဲ့ စင်ပုံရွာဘက်ကို ထိုးစစ်ဆင်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးကြရပြီး စစ်တပ်က ရွာတွင်းဝင်ကာ ရွာသားတွေရဲ့ပစ္စည်းတွေကို ယူဆောင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

လတ်တလောမှာတော့ အဲဒီစစ်ကြောင်းဟာ ဂန့်ဂေါနယ်က စင်ပုံရွာသို့ ရောက်ရှိနေပြီး  တပ်စွဲ နေကြတယ်လို့ သိရပါတယ်။

ဂန့်ဂေါ PDF အဖွဲ့ တာဝန်ခံက “စင်ပုံရွာထဲတော့ မတိုက်ဘူး။ ရွာက ထွက်ရင်တိုက်ဖို့ အနေအထား ရှိတယ်။ ရွာထဲမှာ တိုက်ရင် ပြည်သူတွေ ရှိတယ်လေ။ ဒါကြောင့် ဒေသခံတွေကို တိမ်းရှောင်ဖို့ ပြောတာ”လို့ ပြောပါတယ်။

အဲဒီကျေးရွာက ဒေသခံတွေအနေနဲ့ စစ်တပ်နဲ့ ဘေးလွတ်ရာမှာ နေဖို့နဲ့ ဂန့်ဂေါနယ်ခံတွေအနေ နဲ့လည်း မြစ်သာဆည်တဝိုက်နဲ့ ဂန့်ဂေါ-မင်းရွာလမ်းပိုင်းကို အသုံး မပြုဖို့ ဂန့်ဂေါ PDF က အသိပေးထားပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ဂန့်ဂေါ်မြို့နယ်တွေကို မေလတတိယပတ်ကစပြီး စစ်ဆင်ရေး ဝင်ခဲ့တဲ့ စစ်တပ်ဟာ မေ ၂၆ ရက်မှာ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေရှိရာ မြစ်သာဆည်နားမှာ ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့ပြီး  ဇွန် ၁၉ ရက်မှာတော့ မြစ်သာဆည်က ထွက်လာတဲ့ စစ်ကြောင်းကို  PDF-ဂန့်ဂေါ (တောင်ပိုင်း) နဲ့ ပူးပေါင်းအဖွဲ့တွေက တန်ပြန်တိုက်ခိုက်ခဲ့သလို ဇွန် ၁၈ ရက်က  စစ်ကြောင်းတခုကိုလည်း PDF-ဂန့်ဂေါ (၇၀၁) တပ်ရင်း (YRPA)က မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်က ၅ ယောက် သေဆုံးခဲ့ပါတယ်။ DVB

စစ်ကိုင်းနှင့် တနင်္သာရီတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၄၆ ဦးသေဆုံး

စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသောရွာများ၊ စစ်ကြောင်းများနှင့် ရဲစခန်းများ အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ၁ ဦးအပါအဝင် ၄၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ခင်ဦး၊ မဒေါင်းလှရွာတွင် တပ်စွဲထားသော စစ်သား ၅ ဦးထက်မနည်းသေဆုံး

===========================================

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ မဒေါင်းလှရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက သြဂုတ်လ ၂ဝ ရက်၊ ၁၄ ရက်နှင့် ၈ ရက်နေ့တွင် သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ခင်ဦး ပကဖ အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ခင်ဦးမြို့နယ် မဒေါင်းလှ ကျေးရွာကို ခင်ဦးမြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (ခင်ဦး ပကဖ)နှင့် ညီနောင်မဟာမိတ် တော်လှန်ရေး အင်အားစု (LDF) များက စစ်မျက်နှာ ၄ ဘက်ဖွင့်၍ ဝေဟင်မှ ဒရုန်းဖြင့် အီနာဂါချကာ တိုက်ခိုက်ခြင်း၊ မြေ ပြင်မှ လက်နက်ကြီး Mytel ၆၀ မမ များ လက်နက်ငယ်များဖြင့် အနီးကပ် ချည်းကပ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ပွဲသည် တိုက်ခိုက်ချိန် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စကစ ဘက်မှ ထိခိုက်မှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ ပြောက်ကျား စစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လ ၂ဝ ရက်နေ့ မွန်းလွဲပိုင်းတွင် မဒေါင်းလှကျေးရွာ၏ အရှေ့မြောက်ဘက် OMC မူးဘောင်တစ်လျောက် ခြေလျင်တက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များကို အသင့် စောင့်ဆိုင်းနေသော မြို့နယ် ပကဖနှင့် နယ်မြေခံ ကာကွယ်ရေးအဖွဲ့များ၊ မဟာမိတ်အဖွဲ့များမှ ပတ်ခြာလည် နေရာအသီးသီးမှ ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင်လည်း မဒေါင်းလှကျေးရွာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ခန့်သည် OMC မူးဘောင်ပေါ်တွင် ခြေလျင်တက်လာစဉ် ခင်ဦး ပကဖ နှင့် LDF များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူ ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

သြဂုတ်လ ၆ ရက်နေ့တွင် မဒေါင်းလှ ကျေးရွာမှ စစ်ကောင်စီ တပ်ဖွဲ့များ ဇီးကုန်းရွာမှအပြန် OMC မူးဘောင်လျှောက် လမ်းပိုင်းနေရာ တချို့တွင် ခင်ဦး ပကဖ နှင့် LDF များမှ မွန်းလွဲ ၁၁ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များက လက်နက်ငယ်များ၊ ၄၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိစေရန် ပြန်လည် ဆုတ်ခွာခဲ့ရသောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်ကြောင်း သိရသည်။

ကံပေါက် ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံး

=================================

တနင်္သာရီတိုင်း ထားဝယ်-ကလိန်းအောင်လမ်းပိုင်းတွင် ကံပေါက်နယ်မြေရဲစခန်းမှ ထွက်ခွာလာသော ကားတစ်စီးကို သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ် ၁ ဦး အပါအဝင် ၂ သေကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရသော ကားပေါ်တွင် ရဲနှင့် ပျူစောထီး အဖွဲ့များ လိုက်ပါလာပြီး Kanbauk Defence Force-KBDFနှင့် ထားဝယ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ TPLF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဒုရဲအုပ် ၁ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံးခဲ့ကာ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး စစ်သား ၄ ဦးသေဆုံး

=====================================

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက သြဂုတ်လ ၁၇ ရက်၊ ၁၉ ရက်နှင့် ၂ဝ ရက်နေ့တို့တွင် လက်နက်ကြီးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဆရာစံ PDF တပ်ဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင် ပေါက်သဖကျေးရွာမှ အနောက်ဘက် ဂွေးပင်ရိုး ကျေးရွာဘက်သို့ ဦးတည် ထွက်ခွာလာသော စစ်တပ်ကို မွန်းလွဲ ၁ နာရီခန့်တွင် Mytel လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

‌သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကပိုင်ကျေးရွာ တောင်ဘက်သို့ လက်နက်ခဲယမ်းများ ထောက်ပို့ရန် လာမည့် လေယာဉ်ကို စောင့် ဆိုင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့ပြီး သေဆုံး စစ်သား အလောင်းကို ရဟတ်ယာဉ်ဖြင့် ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။

သြဂုတ်လ ၂ဝ ရက်နေ့တွင် ကပိုင်၊ သီးကုန်းရွာမှ ပေါင်းဝရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ပြန်လည် ရောက်ရှိလာပြီး ရွာကို မီးရှို့ဖျက်ဆီးပြီး ကပိုင်ရွာကို ပြန်လာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သောကြောင့် စစ်သား ၂ ဦးသေဆုံးကာ ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဆရာစံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ကနီတွင် ကင်းရွာတွင်တိုက်ပွဲဖြစ်ပွား

======================

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရွာအတွင်းမှ ပြန်လည် ဆုတ်ခွာစဉ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MPDF – DEMO တပ်ခွဲထံမှ သိရသည်။

သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကင်းရွာသို့ လေယာဉ်ဖြင့်ချကာ တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့များကို DEMO တပ်ခွဲ (MPDF)၊ မဟူရာ ကျားရိုင်း တပ်ရင်း ၊CDYH နှင့် ဒေသခံမဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး အောက်ကင်းရွာ၊ အထက်ကင်းရွာတို့ရှိ point တိုး၍ ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ၂ ရွကို ရှင်းလင်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များသည် မိကျောင်းတွင်း ရွာဘက်သို့ ဆုတ်ခွာသွားပြီး DEMO တပ်ခွဲ (MP DF) ၊မဟူရာ ကျားရိုင်း တပ်ရင်း၊ CDYH နှင့် K K G (မြောက်တံခါး) ၊ မြွေပိုင်း PDF တို့ ဝင်ရောက်ပူးပေါင်းကာ စစ်ကောင်စီ စစ်ကြောင်းနောက်ကို တောက်လျောက် လိုက်လံခဲ့သော်လည်း ဆက်သွယ်ရေး အားနည်းမှုကြောင့် မိကျောင်းတွင်းမှ စောင့်နေသော မင်းကင်း EAO တပ်ရင်း (၁) နှင့် ထိတွေ့မူဖြစ်နေစဉ် DEMO တပ်ခွဲ (MPDF)၊ မဟူရာ ကျားရိုင်း တပ်ရင်း ၊CDYH၊ K K G ( မြောက်တံခါး ) ၊ မြွေပိုင်း PDF တို့မှ သတင်းဆက် သွယ်ရေး အခက်အခဲကြောင့် အချိန်နှောင့်နှေးခဲ့သောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ကောလင်း တိုက်ပွဲဖြစ်ပြီး စစ်သား ၃ဝ ဦးခန့်သေဆုံး

=============================

စစ်ကိုင်းတိုင်း ကောလင်း-ကန့်ဘလူ မြို့နယ် အစပ်တွင် သြဂုတ်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေ သခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း Kawlin Revolution-KR အဖွဲ့ထံမှ သိရသည်။

မုံရွာညောင်ဖြူပင် ရဲစခန်းကို တော်ဝင်နဂါးတပ်တော်က ဝင်ပစ်မှု ၅ ဦးသေဆုံး

===========================================

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ ညောင်ဖြူပင်ရဲစခန်းကို ယနေ့ သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့များက ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော်ထံမှ သိရသည်။

အဆိုပါ ရဲစခန်းကို မြန်မာ့တော်ဝင် နဂါးတပ်တော်နှင့် Aung San Force အဖွဲ့တို့က ပူးပေါင်းကာ ရဲစခန်းရှေ့သို့ ကားဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး မြန်မာ့တော်ဝင် နဂါးတပ်တော်မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျည်ဘောက် ၃ ခု ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ khit thit

ရေဖြူမြို့နယ် ကလုံးထာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကပစ်ခတ်၍ သေဆုံးသွားသည့်လူငယ်၏ အလောင်း ပြန်တွေ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာကျေးရွာအနီးတွင် စစ်ကောင်စီတပ် ၏ ပစ်ခတ်ခြင်းခံရ၍ သေဆုံးသွားသည့်ဒေသခံလူငယ်တစ်ဦး၏ ရုပ်အလောင်းကို ဩဂုတ်လ ၁၉ ရက် နေ့က ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့က ကလုံးထာကျေးရွာရှိ စာသင်ကျောင်းအရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သွားချိန်တွင် ယင်းကျောင်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ရာမှ သေဆုံးသွားခြင်း ဖြစ် သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် လူငယ်အမျိုးသားသည် ကလုံးထာရွာနေ အသက် ၁၉ နှစ်အရွယ် ကိုသန့်ဇင်ထွေး ဆိုသူဖြစ်သည်ဟု ဒေသခံကပြောသည်။

ရေဖြူမြို့ခံတစ်ဦးက “သူက အကြောင်းမဲ့ ပစ်ခံရတာ ဖြစ်တယ်၊ အလောင်းက ဩဂုတ် ၁၉ ရက်နေ့ကမှ တွေ့ရတာပါ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက သေနတ်နဲ့ပစ်ခံရတယ်ဆိုတာသိရပေမယ့် ဘယ်သူမှန်းမသိဘူး ဖြစ်နေ တယ်”ဟု ပြောသည်။

ယင်းကျေးရွာသို့ ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅၀ နီးပါး ရောက် ရှိကာ စာသင်ကျောင်းတွင် တပ်စွဲထားခြင်း ဖြစ်သည်ဟု ဒေသခံက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ လာရောက်တပ်စွဲထားခြင်းကြောင့် ဒေသခံများမှာ နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။mizzima

မောင်တော တောင်ပိုင်းနှင့်မြောက်ပိုင်းလမ်း များ ပြန်ဖွင့်ပေးရန် ဒေသခံများ တောင်းဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းနဲ့မြောက်ပိုင်းကလမ်းတွေ ပြန်ဖွင့်ပေးဖို့ ဒေသခံတွေ က တောင်းဆိုနေကြပါတယ်။

မောင်တောမြောက်ပိုင်း ကျေးရွာသားတယောက်က “အခုလက်ရှိ အခြေအနေတွေကကုန်စျေးနှုန်း တအားတက်နေပါတယ်။ တနေ့လုပ် တနေ့စား ဆင်းရဲသားတွေ စားဝတ်နေရေးမလုံမလောက် ဖြစ်နေကြတယ်။ ကုန်စျေးနှုန်းတက်တာက လမ်းတွေ ပိတ်ထားတော့ ဆင်းရဲသားတွေဒုက္ခတွေ့ နေရပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ မနောသုခဆန်တအိတ်ကို ၇ သောင်းလောက်ဖြစ်နေပြီး ဆင်းရဲသားတွေအနေနဲ့ဆက်ပြီး ဘယ်လိုနေထိုင်စားသောက်ရမလဲ မသိသလို ပိတ်ထားတဲ့လမ်းတွေ အမြန်ဖွင့်ပေးဖို့ လိုလား တယ်လို့ သူက ဆက်ပြောပါတယ်။

မောင်တော-အငူမော်ကားလမ်းက ချိန်ခါလီရွာနားမှာ စစ်တပ်နဲ့ အေအေတို့ ဩဂုတ် ၁၃ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ၁၄ ရက်ကစလို့ မောင်တောမြောက်ပိုင်းနဲ့တောင်ပိုင်းလမ်းတွေကို ပိတ်ထားခဲ့တာ အခုဆို တပတ်ကျော်ရှိလာတာပါ။

လမ်းတွေ ပိတ်ထားတာကြောင့် ကုန်စည်တွေ စျေးနှုန်းမြင့်တက်ပြီးစားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြပြီလို့ ဒေသခံလူငယ်တွေက ပြောပါတယ်။ 

လူငယ်တယောက်က “စားရေး တော်တော် ခက်ခဲသွားတယ်။ စစ်တွေက ကုန်တွေမလာလို့ မီးဖိုချောင်သုံးတွေ၊ စားကုန်တွေက အစ အကုန်ဈေး တက်ကုန်တယ်”လို့ ပြောပါတယ်။

အရင်က ဆန်တသိုက်(နို့ဆီဘူး ၄ ဘူး)ကို ၄၀၀၊ ၅၀၀ ကျပ်ရှိခဲ့ရာကအခုဆို ကျပ် ၁၀၀၀ လောက်အထိမြင့်တက်ခဲ့ပြီး ခရမ်းချဉ်သီး တသိုက် (၆၀ ကျပ်သား)ကိုကျပ် ၂၀၀ ရှိခဲ့ရာက ကျပ် ၁၀၀၀ အထိ တက်ခဲ့သလို စားဆီ တလီတာ ကျပ် ၈၀၀၀ အထိ ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးတော့ မောင်တောတောင်ပိုင်းနဲ့ မြောက်ပိုင်းလမ်းတွေပိတ်ထားတာကြောင့် မောင်တော မြို့နယ် က စျေးဆိုင်တွေမှာ ကုန်စည်တွေ ပြတ်လပ်နေပါတယ်။

မောင်တောမြို့ခံတယောက်က “ကုန်စည်အများစုက ဘင်္ဂလားကိုပို့တာများတော့ လမ်းပိတ်တာ ကြောင့် ကုန်စည်တွေ မရောက်တာနဲ့ မြို့ပေါ်မှာစျေးတက်သွားတာပါ။ စျေးတက်ပေမယ့် မြို့ပေါ်က ပစ္စည်းရှာလို့ရပါတယ်။မြောက်ပိုင်းကျေးရွာတွေကျတော့ ငွေရှိလည်း ကုန်စည်ရှာ မရဘူး”လို့ ပြောပါတယ်။ 

ရခိုင်ပြည်နယ်-မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမရပ်တန့်စေဖို့ ကုန်ကားတွေကိုတော့ စစ်တွေ ကနေ ဘူးသီးတောင်ကို သြဂုတ် ၂၀ရက်မှာ သွားလာခွင့်ပြုလိုက်ပါတယ်။DVB

« Older Entries