ရေဖြူမြို့နယ် ကလုံးထာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကပစ်ခတ်၍ သေဆုံးသွားသည့်လူငယ်၏ အလောင်း ပြန်တွေ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာကျေးရွာအနီးတွင် စစ်ကောင်စီတပ် ၏ ပစ်ခတ်ခြင်းခံရ၍ သေဆုံးသွားသည့်ဒေသခံလူငယ်တစ်ဦး၏ ရုပ်အလောင်းကို ဩဂုတ်လ ၁၉ ရက် နေ့က ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
ဩဂုတ်လ ၁၆ ရက်နေ့က ကလုံးထာကျေးရွာရှိ စာသင်ကျောင်းအရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သွားချိန်တွင် ယင်းကျောင်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ရာမှ သေဆုံးသွားခြင်း ဖြစ် သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် လူငယ်အမျိုးသားသည် ကလုံးထာရွာနေ အသက် ၁၉ နှစ်အရွယ် ကိုသန့်ဇင်ထွေး ဆိုသူဖြစ်သည်ဟု ဒေသခံကပြောသည်။
ရေဖြူမြို့ခံတစ်ဦးက “သူက အကြောင်းမဲ့ ပစ်ခံရတာ ဖြစ်တယ်၊ အလောင်းက ဩဂုတ် ၁၉ ရက်နေ့ကမှ တွေ့ရတာပါ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက သေနတ်နဲ့ပစ်ခံရတယ်ဆိုတာသိရပေမယ့် ဘယ်သူမှန်းမသိဘူး ဖြစ်နေ တယ်”ဟု ပြောသည်။
ယင်းကျေးရွာသို့ ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅၀ နီးပါး ရောက် ရှိကာ စာသင်ကျောင်းတွင် တပ်စွဲထားခြင်း ဖြစ်သည်ဟု ဒေသခံက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ လာရောက်တပ်စွဲထားခြင်းကြောင့် ဒေသခံများမှာ နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။mizzima